ဟောပြောသူ=သခင်ကိုယ်တော်မှိုင်း
ရေးသားမှတ်တမ်းတင်သူ=သခင်ဘမောင်
အုတ်ကျစ်ကျော်အေးမန္တလေးတဲ့။
၁၂၂၁ မှာမန္တလေးမြို.ကိုတည်ထောင်ပါတယ်။
မန္တလေးမြို.နှင့် နန်းတော်ကြီးကို တည်ဆောက်ရာမှာ လိုအပ်တဲ့ပစ္စည်းပစ္စယတွေကို အသစ်စက်စက်သုံးသင့်တာသုံးပြီး အမရပူရမြို.ဟောင်းက ပစ္စည်းတွေ သုံးသင့်တာထည့်သုံးရသေးတယ်။
ရွှေဖို့ပြောင်းဖို့ ခဲယဉ်းတဲ့ အဆောက်အဦး အရာဝထ္တုကြီးတွေကလွဲရင် အကုန်လိုလို ပြောင်းရွှေ.ကြရတယ်။
ဒီလို ပြောင်းရရွှေ့ရတဲ့အခါ ဆင်းရဲသား တောင်သူလယ်သမားများက သူတို့လှည်းများနှင့်သူတို့ အမရပူရမြို့ဟောင်းကနေ မန္တလေးမြို့သစ်နေရာအထိ သယ်ယူပို့ဆောင်ပေးရတယ်။ သယ်ယူပို့ဆောင်ခရယ်လို့ နန်းးတော်ကြီးကတနေ တကျပ်ခွဲ သတ်မှတ်ပေးထားသတဲ့။
ဒါပေမယ့် …..
ဒါပေမယ့် အခုခေတ်မှာလိုပေါ့ လှီးကြဖြတ်ကြတော့ ဆင်းရဲသား လှည်းသမားများလည်း တကျပ်ငါးမတ်ဆိုသလို ရကြတယ်။
ဒီအချက်ကို ဆင်းရဲသားလှည်းသမားများက မကျေနပ်ကြဘူး။ ကျယ်ကျယ်လောင်
လောင်လဲမပြောရဲကြတော့ တိုးတိုးတိတ်တိတ် ကြိတ်ပြီးပြောကြသတဲ့။
မင်းနားတထောင် ဆိုတဲ့အတိုင်း အဲဒီလို တိုးတိုးတိတ်တိတ်ပြောတာကိုပဲ နန်းတော်ကြီးကသိရလို့ အိမ်ရှေ့မင်းသားကိုယ်တိုင် ရုပ်ဖျက်ပြီး ဆင်းရဲသား လယ်သမားများထံ သွားရောက်စုံစမ်းတယ်။
တနေ့တော့ အိမ်ရှေ့မင်းသားကြီးဟာ နေ့ခင်း ၁၂ နာရီလောက်မှာ ဆင်းရဲသား လှည်းသမား
များ သစ်ပင်ရိပ်မှာ ထမင်းစားရင်းအနားယူနေတုန်း ချည်လုံချီ ချည်အင်္ကျီံ တဘက် (မျက်နှာသုတ်ပုဝါ) ခေါင်းပေါင်းကြီးနဲ့ ဆင်းရဲသားလို ရုပ်ပြောင်းဝင်သွားသတဲ့။
ပြီးတော့ လှည်းသမားတွေနဲ့ ရောက်တတ်ရာရာ စကားပြောရင်း အမရပူရမြို့ဟောင်းကနေ မန္တလေးမြို့သစ်ကို ပစ္စည်းတွေ သယ်ယူပို့ဆောင်ရတဲ့အတွက် တနေ့လှည်းခ ဘယ်လောက်ရသလဲလို့ မေးမြန်းကြည့်သတဲ့။
အသက်ခြောက်ဆယ်၊ ခုနှစ်ဆယ်လောက်ရှိတဲ့ အဖိုးကြီးတယောက်က နန်းတော်ကြီးကတော့
တကျပ်ခွဲပေးဖို့ အမိန့်ချထားတယ်ဆိုတာကို ပြောပြသတဲ့။
ဒါနဲ့ အိမ်ရှေ့မင်းသားက အဖိုးကြီးကို “ဘကြီးက အသက်ဘယ်လောက်ရှိပါပြီလဲ” လို့ ထပ်မေးတော့ အဘိုးကြီးက “ဘကြီးအသက်လား ခုနှစ်ဆယ် ဆိုပါတော့ကွယ်” လို့ ပြန်ဖြေသတဲ့။
“ဒီလိုဆို ဘကြီးဟာ မှန်နန်းရှင်တို့၊ ကုန်းဘောင်ဘုရင်တို့၊ ပုဂံဘုရင်တို့ကို ကောင်းကောင်းမှီတာပေါ့နော်” လို့မေးလိုက်တဲ့အခါ အဖိုးကြီးက “မှီတာပေါ့ မောင်ရဲ့။ မှန်နန်းရှင် ကုန်းဘောင်တို့တင် ဘယ်ကမလဲ။ ဘိုးတော်ဘုရင်ကိုတောင် ဘကြီးတို့ ကောင်းကောင်းမှီတာပေါ့” လို့ ပြန်ပြောသတဲ့။
တဖန် အိမ်ရှေ့မင်းသားကဆက်ပြီး “ဒါဖြင့် ကျွန်တော်တို့လူငယ်တွေ ဗဟုသုတအဖြစ် မေးပါရ
စေ။ အခု မင်းတုန်း ရှင်ဘုရင်အထိပေါ့ဗျာ၊ အဲဒီဘကြီးမှီခဲ့၊ တွေ့ကြုံခဲ့တဲ့ မင်းတွေ မင်းတွေ
ခေတ်မှာ ဘယ်မင်း ဘယ်လက်ထက်မှာ၊ ဆင်းရဲသားများ တိုင်းသူပြည်သားများအတွက် ငဲ့ညှာ
ထောက်ထားပြီး စားဝတ်နေရေး မျှတချောင်လည်အောင်၊ ကောင်းကောင်းမွန်မွန် စီမံအုပ်ချုပ်ပါသလဲ။ ဘယ်မင်းလက်ထက်မှာ ဆင်းရဲသားများ တိုင်းသူပြည်သားများအပေါ် ငဲ့ညှာထောက်ထားခြင်းမရှိဘဲ မကောင်းတဲ့ အပြုအမူတွေနဲ့ ဆိုးဆိုးဝါးဝါး အုပ်ချုပ်ပါသလဲဆိုတာ သိပါရစေခင်ဗျာ” လို့ မေးလိုက်သတဲ့။
အဲဒီအခါမှာတော့ အဖိုးကြီးက မျက်နှာကြီးရှုံ့မဲ့လိုက်ပြီး “အင်း မေးမှမေးတက်ပလေ တူမောင်ရာ သူတို့ ကြားအောင်တော့ မပြောရဲပါဘူး ဘကြီးတွေ့ခဲ့ သိခဲ့ရသမျှတော့ 'မင်း' ဆိုတဲ့အကောင်တွေဟာ ဘယ် မအေရိုးမှ မကောင်းဘူးကွဲ့၊ မယားကြီး မယားငယ် မယားအမြှောင် အမျိုးမျိုးယူပြီး သူတို့ သားမယား၊ ဆွေမျိုးတစု ကောင်းစားရေးအတွက် လုပ်ကြတာပါပဲ။ တို့ ဆင်းရဲသား၊ တောင်သူလယ်သမား၊ အလုပ်သမားတွေကတော့ သူတို့ကောင်းစားရေးအတွက် အစတေးခံဘဝက မတက်ကြရပါဘူး” လို့ ပြောလိုက်တဲ့အခါ အိမ်ရှေ့မင်းသားကြီးလဲ နောက်ထပ်ဘာမှ မမေးရဲတော့ဘဲ အသာထပြန်လာခဲ့ရသတဲ့။
အခုခေတ်မှာလဲ ဆရာတွေ့ခဲ့ ကြုံခဲ့ရသမျှ မင်းအစိုးရဆိုတဲ့ အကောင်တွေဟာ အဲဒီ
ဆင်းရဲသား လှည်းသမားကြီး ပြောသလိုဘဲ။ ပြည်သူလူထု ကောင်းကျိုးကို အဓိကထားလုပ်
ကြတာ မတွေ့ရသေးပါဘူး။ တအိမ်ထောင်၊ ကားတစီး၊ တိုက်တလုံး၊ တလ ဝင်ငွေရှစ်ရာ
ဆိုတာလဲ သူတို့တစုအတွက်ပါဘဲဟု ပြောဆိုကာ ရယ်မောနေတော့သည်။
မောင်အဲရိုး ပြည်တွင်းမှ ရေးသား ပေးပို့ပါသည်။
အညာနွေတမာမြေ
No comments:
Post a Comment