-->

Monday, February 8, 2010

လွမ်းဘွယ်ဌါနီ ၊ လေးရပ်ဝတီသို့

မျှော်ယောင်တမ်းတ ၊ မျက်ရည်စနှင့်
ဘ၀ဆက်ကါ ၊ သံသရာတို့
ကြံမ္မာဆိုးလျှက် ၊ ကြိမ်နွယ်ယှက်၍
ပြန်ခက်ဖန်တီး ၊ ဤခရီးကား
မနီးလှချေ ၊ တစကြေကွဲ
ဝေ့လည်ပါတ်သွား ၊ ၀ိုးတ၀ါးစိတ်
ရှည်လျှားညတာ ၊ အိပ်ပျက်ကာပင်
ဝဲယာစောင်းကြည့် ၊ ဆွေးနွမ်းမြေ့ သည်
ဓလေ့ထုံးစံ ၊ မေ့ပျောက်ဟန်ထင့်
ရင်ပူနင့်တွေး ၊ တိုင်းအရေးကို
တလေးတစား ၊ ဦးထိပ်ထားပြီး
စိတ်အားညီညွတ် ၊ လက်ချင်းဆက်ကာ
လွမ်းဘွယ်ဌါနီ ၊ ဓညာမြီသို့ မျှော်ရည်ဆုတောင်း မိသည်ချည်း ။။။။။။။။။။။

ပေါ်အောင်စိတ်က ၊ ထန်ပြင်းရနှင့်
ခဏမပျှော် ၊ သန်ကောင်ကျှော်၍
ညမျှော်ရက်မှန် ၊ အချိန်တန်ခိုက်
ခေါင်းငိုက်စိုက်ကာ ၊ ရှိုက်လျှက်လမ်းလျှောက်
တယောက်ထီးတည်း ၊ ရင်နာကျည်းလျှက်
စိတ်ထဲဆန္ဒ ၊ ဖြစ်သမျှကို
ခဏတာပင် ၊ ရာဇ၀င်မှာ
ရှုံးချင်သည့်စိတ် ၊ တိတ်တဆိတ်မျှ
မကူးကြခဲ့ ၊ ဓညနိုင်ငံ
ပြည်တော်ပြန်ဖို့ ၊ ချိန်တန်ကောင်းကို
အားလောင်းစံပြု ၊ လူထုများစွာ
ရှိထားသည်ကြောင့် ၊ စိတ်ရည်မျှော်မှန်း
အောင်ပွဲလန်းလျှက် ၊ လက်ချင်းဆက်ကာ
တမ်းရည်ဌါနီ ၊ ရမ္မာဝတီသို့ မျှော်ရည်ဆုတောင်း မိသည်ချည်း ။။။။။။။။။။။။


ကျော်အောင်ရည်က ၊ ပေါ်ခဲ့ရနှင့်
ဘ၀ကူးသွား ၊ဇါနည်များလည်း
တခြားမဟိ ၊ ချစ်သည့်စိတ်ကြောင့်
အိပ်မက်ထဲမှာ ၊ ပြန်လာကာနိုး
ဝိဥာဉ်ပျိုး၍ ၊ အတိုးချပြီး
ဤခရီးကို ၊ နီးလွန်းသည်ထင့်
ရင်မှာချင့်တွေး ၊ ဦးမလေးပေ
ဖေးဖေးမမ ၊ တယုယကာ
သားလှရင်နှစ် ၊ ပွေ့ဖက်ချစ်သို့
ကျစ်ကျစ်ဆုပ်ထား ၊ လက်သီးများလည်း
ခွန်အားပြည့်စွာ ၊ ရှိကြပါလျှင်
သံသာချိုအေး ၊ နားဝယ်မြဲသည်
ဗဟိုလ်စည်သံ ၊ သောသောညံမို့
မိုးယံခြုံးလျှက် ၊ လက်ချင်းဆက်ကာ
ဆွေးရည်ဌါနီ ၊ မေဃာဝတီသို့ မျှော်ရည်ဆုတောင်း မိသည်ချည်း ၊။။။။။။။။။။။

ဖေါ်ဆောင်တမ်းတ ၊ ယင်းခဏနှင့်
သောကငိုသံ ၊ ရှိုက်ဘွယ်သံတို့
ချိန်မှန်ဖြစ်မြဲ ၊ စိတ်ဝယ်စွဲကာ
တလွဲမလျှော် ၊ ရောင်ခြည်ပေါ်စ
တမ်းမျှော်ရမိ ၊ ကိုယ်ကချိနွမ်း
အမိသော်လဲ ၊ သားတော်ခဲလေ
မီးရဲရဲတောက် ၊ ကိုယ်သာလျှောက်ချင်
ရင်မှာညွှန့်ဖူး ၊ ချစ်ဦးသူတို့
မငြူမစူ ၊နာမူခံခက်
ကင်းကွာလျှက်ပြီး ၊ လက်ဆက်၍သာ
သံညီညာနှင့် ၊ သြဘာစည်ခတ်
အောင်ပွဲမှတ်သို့ ၊ လေးရပ်မျက်နှာ
ကြွေးကြော်ပါလေ ၊ ချိန်ခါမင်္ဂလာ
ကျရောက်လာ၍ ၊ ကျိန်စာပြေပျောက်
ဘုန်းရှိန်တောက်လျှက် ၊ လက်ချင်းဆက်ကာ၊
လွမ်းဘွယ်ဌါနီ ၊ ဒွါရာဝတီသို့ မျှော်ရည်ဆုတောင်းမိသည်ချည်း ။။။။။။။။။။။။။။။

ခိုင်အောင်ကျော် ( စစ်တွေ )
နယူးယောက် ၊ အမေရိကနိုင်ငံ



Rest of your post
အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

Sunday, February 7, 2010

အကယ်ဒမီ

၂ဝဝ၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပွဲကတော့ ဖေဖေါ်ဝါရီ ၆ ရက်ညက နေပြည်တော်မှာလုပ်ပြီးသွားပါပြီ။ အဲ့ဒီပွဲမှာ ၂ဝဝ၈ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ ဇာတ်ကား ၁၂ ကားကနေ အကယ်ဒမီ ၇ ဆုကို ပေးခဲ့ပါတယ်။

အဝေးရောက်နေတဲ့ အညာနွေကတော့ mmtube website ကနေ တိုက်ရိုက်လွှင့်တဲ့ ကြော်ငြာတွေ တလှေကြီးနဲ့ မြန်မာ့အတင်း ည ၈ နာရီ သတင်းတွေကြားက အစီအစဉ်ကို ဆန့်တငန့်ငန့် ကြည့်လိုက်ရပါတယ်။

အကယ်ဒမီ ဗန်းကိုင်တဲ့ မော်ဒယ်မလေးတွေ သူတို့ မရီရင် ရိုက်မယ်များ ပြောထားသလား မသိပါဘူး။ လမ်းလျှောက်တာ အတောင့်လိုက်၊ မျက်နှာတွေက မချိုမချဉ် မရီချင့် ရီချင်၊ ဟန်ဆောင်အပြုံးတွေနဲ့ ပဲကလည်း များလိုက်တာ လွန်ရော .. ကင်မရာကို အမိအရ လိုက်ကြည့်ပြီး ပြုံးနေလိုက်ကြတာများ ကြည့်ရတာ စိတ်မသက်သာလိုက်တာ။

အကယ်ဒမီဆုတွေ ကြေငြာခါနီး ဟောဆို ကြော်ငြာတွေက ၀င်လာလိုက်နဲ့ အတော့်ကို စိတ်ရှည်ရှည်ထား ကြည့်နေတုန်းမှာ နဘေးက Cbox ထဲမှာလည်း မိုးမွှန်အောင် ဆဲဆိုရန်ဖြစ်နေကြတဲ့ စီပုံးတိုက်ပွဲကိုလည်း မြင်နေရပါတယ်။


၂၀၀၈ ခုနှစ်အတွက် အကယ်ဒမီဆုရှင်တွေကတော့

အကောင်းဆုံး ဓာတ်ပုံပညာရှင်ဆု - ကြိုးတန်း - သန်းညွန့်(ပန်းသာ)
အကောင်းဆုံး ဇာတ်ကားဆု - အများနဲ့ မသက်ဆိုင်သောသူ - မျက်ခြယ် ရုပ်ရှင်ထုတ်လုပ်ရေး
အကောင်းဆုံး ဒါရိုက်တာဆု - အများနဲ့ မသက်ဆိုင်သောသူ - ဒါရိုက်တာ ညီညီထွန်းလွင်
အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု - အများနှင့်မသက်ဆိုင်သောသူ - ခင်မို့မို့အေး
အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု - အကယ်ဒမီရှော့ - ရဲအောင်
အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု - အများနဲ့ မသက်ဆိုင်သောသူ - ခန့်စည်သူ
အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု - မြင့်မိုရ်ထက်ကသရဖူ - မို့မို့မြင့်အောင် တို့ပဲဖြစ်ပါတယ်။

အကယ်ဒမီဆုရှင်တွေကို ဆုပေးတာကတော့ ဘယ်သူရှိလိမ့်မလဲ အညာနွေတို့ အချစ်တော် ပြန်စားရေး ၀ံကြီး ဘဘ ကျော်ရမ်းပေါ့။

အကယ်ဒမီရွှေစင်ရုပ်တွေပေးလဲပေးရော ဟောဗျာ ဟောဗျာ .. လက်အုပ်လေးတွေ ကိုယ်စီချီလို့ ဘဘကြီးကို ကန်တော့ကြတာများ … အညာနွေ့ သူငယ်ချင်းတွေဆို စိတ်ဆိုးလိုက်ကြတာ .. အမလေး သူက ဘာကောင်ကြီးမို့လို့ ရှိခိုးရတာလဲ … သူက ဘုန်းကြီးမို့လို့ လက်အုပ်ချီရတာလားနဲ့ စုံနေတာပါပဲ။

ဒါပေမယ့်ပေါ့ဗျာ .. နားလည်ပေးလိုက်ပါတယ် .. သူတို့တွေမှာလည်း လူကြီးမို့ လေးစားသမူအနေနဲ့ ဒီလိုလုပ်တာနေမှာပါ ဘာညာပေါ့ဗျာ။

အညာနွေတို့ ဒါရိုက်တာကြီး ညီညီထွန်းလွင်ကတော့ ဒုန်းဆို … ဒီတိုင်း ခါးလေးကိုင်းလိုက်တာဗျ။ အညာနွေ့ သူငယ်ချင်းတွေကတော့ ဒါမှ ဒို့ဒါရိုက်တာကြီး … လက်အုပ်မချီဘူးဟ .. ကျော်ရမ်းက တော်တော် အဆင့်နိမ့်တယ်ထင်တယ် သေသေချာချာကို ငုံ့ကြည့်သွားတာ လို့ ပြောကြတယ်ဗျ။

အကယ်ဒမီဆုရှင်တွေ ကျေးဇူးတင်စကားပြောတော့ ပထမဆုံးပြောတာက သန်းညွန့် (ပန်းသာ) ဗျ။ သူကတော့ ရိုးရိုးလေးပဲ ကျေးဇူးတင်သွားတယ်ပေါ့ဗျာ။

နောက်တယောက်ကတော့ ခင်မို့မို့အေးပါ။ သူက အခုမှ ပထမဆုံး အကယ်ဒမီရတာဆိုတော့ အတော်လေး ၀မ်းသာပြီး စိတ်လှုပ်ရှားနေတယ်ထင်ပါ့။ ငိုသံများတောင်ပါလို့ .. ငိုသံလေးနဲ့ ပြောရင်း ပြောရင်းကနေ … ဘယ်က ဘယ်လို ဘဘ သီဟသူရ တီကြောင်မြင့်ဦးနှင့် ဂျနီးတို့ ဘဘ ဗိုလ်မှူးဂျုပ်ကြီး ကျော်ရမ်းတို့ပါ ပါလာမှန်းမသိဘူးဗျာ .. သူအကယ်ဒမီရလို့ ၀မ်းသာပေးနေတဲ့ အညာနွေ အတော်စိတ်အချဉ်ပေါက်သွားတယ်ဗျ။ ဒါတင်မကဘူး သူဝတ်လာတဲ့ အ၀တ်အစား ဖက်ရှင်ဆိုင်တွေပါ အဆစ် ကြော်ငြာသွားသေးသဗျ။

ကိုရဲအောင်လည်း ဂလိုပါပဲ။ စစကတော့ “အနန္တော အနန္တ ငါးပါးရဲ့ ဂုဏ်ကျေးဇူးကြောင့် အခုလိုမျိုး စင်မြင့်ထက်ကနေ စကားပြောကြားခွင့် ရတာဖြစ်ပါတယ်ခင်မျာ” လို့ အစပြုပြီး နောက်လည်းကျရော မြန်မာ့ရုပ်ရှင်တိုးတက်ရေးအတွက် ဘာမှမလုပ်ပေးတဲ့ ဗိုလ်ချုပ်မင်းများကို ဘာမဆိုင် ညာမဆိုင် ကျေးဇူးတင်ပြန်ပါရော။

နောက်ပိုင်းမှသာ “အကယ်ဒမီရှော့ ဇာတ်ကားနဲ့ ဇာတ်ပို့ဆု ရရှိတာ ကျနော့်အတွက် အများကြီး ဝမ်းသာပီတိဖြစ်ရပါတယ်။ နှစ်ပေါင်း ၁၅ နှစ် ၁၆ နှစ်ကြာမှ ကျနော်ဒီဆုတဆုကို ထပ်ပြီးရရှိတာပါ။ ကျနော့်အတွက် ဒါက အနုပညာလုပ်ငန်း လုပ်ဖို့အတွက်အားဆေးပါပဲ။ ဒီအားတွေနဲ့ကျနော် ရှေ့ဆက်လျှောက်လှမ်းသွားမှာပါခင်မျ။ ပရိတ်သတ်တွေရဲ့ အားပေးတဲ့အသံနဲ့ ကျနော် အသက်ဆက်ရှင်ပြီးတော့ ကျနော်ဝါသနာပါတဲ့ ဒီအနုပညာ လုပ်ငန်းကို ဆက်ပြီးတော့ ကျနော်လှုပ်ရှားသွားမှာပါခင်မျာ။ ကျနော့်ရဲ့ ဇနီးအေးကိုလည်း ကျနော် ကျေးဇူးတင်ပါတယ်ခင်မျာ။ ကျနော်ဒါ အကယ်ဒမီရှော့ အိုင်တင်လုပ်တာ မဟုတ်ပါဘူးခင်မျာ။ ကျနော့်ရင်ထဲက စကားပါ။ ကျေးဇူးတင်ထိုက်တဲ့သူတွေ အားလုံးကို ကျနော်ကျေးဇူးတင်တယ်လို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်” ဆိုပြီး ပရိတ်သတ်ကိုပါ မမေ့မလျော့ ကျေးဇူးတင်သွားပါတယ်။ (တော်သေးတာပေါ့)

နောက်တယောက်ကတော့ မမို့ပေါ့။ သူလည်း ခင်မို့မို့အေးလိုပဲ ကျော်ရမ်းကို အရင်ကျေးဇူးတင်ပြန်ပါရော .. “မို့ဘဘ ၀န်ကြီး ဗိုလ်မှူးချုပ်”လို့ တလေးတစား ချစ်ချစ်ခင်ခင်နဲ့ပေါ့လေ။ ပြီးတော့… ပြီးတော့ .. သူလည်းပဲ ပိုးထည်ဆိုင် ကြော်ငြာဝင်လုပ်သွားပါတယ်။

အကယ်ဒမီဆုရှင် ပူနွေးနွေး ခန့်စည်သူကျတော့ တမျိုးခင်မျ။ သူက သူဆုရတဲ့ ဇာတ်ကား အများနဲ့ မသက်ဆိုင်သောသူ နေပြည်တော်မှာပြနေတယ် ကြည့်သွားကြပါအုံးတဲ့ … သူလည်း ဘဘကြီးတွေကို ကျေးဇူးတင်ဖို့ မမေ့ဘူးဗျ။
နောက်ဆုံးပြောရတဲ့ အညာနွေတို့ ဒါရိုက်တာကြီး ညီညီထွန်းလွင်ကတော့ ရှင်းရှင်းပဲဗျ။

“တက်ရောက်လာသော နိုင်ငံတော် အကြီးအကဲများ ဧည့်ပရိတ်သတ်များ အားလုံး” ဆိုပြီးပဲ ပြောသွားပါတယ်။ သူပြောတဲ့ထဲမှာလည်း ကျနော်က စကားသိပ်မပြောတတ်လို့ အရင်လူတွေ ပြောသွားသလိုပဲ ပြောတယ်လို့ မှတ်ပေးပါတဲ့။ အားလုံးကိုဒီလိုပဲ လုံးသုတ်ပြီး ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ပါတယ် ဆိုပြီး ပြောသွားတော့ အညာနွေတို့ သူငယ်ချင်းတတွေ လက်ခုပ်တွေ တဖြောင်းဖြောင်းနဲ့ပေါ့ဗျာ။

သူက “ကျနော် အကယ်ဒမီရမယ်လို့ ထင်ပါဘူး။ ကျနော် ဟာသကား အနေနဲ့ပဲ ရိုက်တာပါ။ ကျနော်က ပရိတ်သတ်ကို စိတ်ကျေနပ်မှု ရစေချင်တယ်။ ပရိတ်သတ်ကို စိတ်ချမ်းသာစေချင်တယ်။ အဲ့ဒီအတွက်ပဲ ကျနော် ပရိတ်သတ် နှစ်ခြိုက်စေမယ့် ပြကွင်းပြကွက်တွေဖြစ်အောင် ကျနော် အမြဲကြိုးစားပါတယ်။ ဝတ္တုရေးတဲ့ ဆရာကိုမင်းလူကို ကျေးဇူးတင်ပါတယ်။ သူက ကြိမ်ဖန်များစွာ ဒီဇာတ်ကားကို ရိုက်တဲ့အခါမှာ သတိထားရမယ့် အချက်အလက်တွေ သူပြောပြပါတယ်။ ကျနော်နောက်လည်း ဆက်လက်ကြိုးစားသွားပါအုံးမယ်လို့။ အားလုံးကို ကျေးဇူးတင်ပါတယ်” တဲ့ ..

ပြန်စားရေ ၀ံကြီး ကျော်ရမ်းကတော့ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ဖြစ်စဉ်တွေကို အခြေခံပြီး ဖွံ့ဖြိုးတိုးတက်မှုကို ဖေါ်ဆောင်နိုင်တဲ့ ပညာရှင်တွေကို ရွေးချယ်ဖေါ်ထုတ်ဖို့လိုတယ် ဆိုပြီး သူ့မိန့်ခွန်းမှာ ထည့်ပြောသွားတယ်ဗျ။

မြှောက်ဖားကားတွေ များများရိုက်တဲ့သူကို ရွေးဟေ့ဆို ပြီးတာပဲနော့် … ဘယ့်နှယ် နားရှုပ်အောင်လို့ …

“သင်ခန်းစာယူဖွယ် ဖြစ်စဉ်ဖြစ်ရပ်တွေ၊ ပစ္စုပ္ပန် ကာလမှာ မျက်ဝါးထင်ထင် တွေ့မြင်နေရတဲ့ တည်ငြိမ်အေးချမ်းတဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်ဖြစ်ရပ်တွေကို အခြေခံပြီး အနာဂတ် နိုင်ငံတော်ရဲ့ တည်ငြိမ်အေးချမ်းမှု ဖွံ့ဖြိုးမှုများအတွက် ယုံကြည်စိတ်ချနိုင်မယ့် ဖော်ဆောင်ပေးစွမ်းနိုင်မယ့် လူပုဂ္ဂိုလ် အဖွဲ့အစည်းများကို အသိတရားနဲ့ယှဉ်၊ သတိတရားနဲ့ ပေါင်းစပ်ပြီး ရွေးချယ်ကြဖို့ လိုအပ်ကြောင်း ပြောကြားလိုပါတယ်” တဲ့ … အဲ့ဒါ ကျော်ရမ်း ပြောတာ။

အနုပညာရှင်တွေကို ချစ်တဲ့ အညာနွေတို့ မြန်မာတွေကတော့ ဘယ်သူကဖြင့် ရသင့်လို့ ရတာ … ဘယ်ဝါကဖြင့် မရသင့်ပဲ ဖားလို့ ရတာ စသဖြင့် စသဖြင့် အသံဗလံတွေနဲ့ ဝေဖန်လေကန်ခဲ့ကြတဲ့ အကယ်ဒမီ ပေးပွဲကတော့ ပြီးဆုံးသွားပါပြီ …
နောက်နှစ် နောက်နှစ်တွေမှာလည်း ဘယ်လိုလူတွေ ရလေအုံးမလဲ … ဆိုပြီး တွေးမိတော့ ကျော်ရမ်းပြောသလိုပဲ မြောက်ဖားကား များများရိုက်တဲ့သူ ဘဘ လို့ခေါ်တဲ့သူတွေပဲ ရလေမလားရယ်ပေါ့ …

အညာနွေတို့ ငယ်ငယ်တုန်းက စောင့်မျှော်ကြည့်ရတဲ့ အကယ်ဒမီပွဲလိုမျိုး ရင်ခုန်မှု အရသာ လုံးဝ မရှိ၊ ကွာပါ့ဗျာ …

အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

Thursday, February 4, 2010

ရှင်းတမ်း

ရှက်ဖို့ကောင်းလှသည် . . . ။

ကျွန်တော်တို့ မြန်မာလူမျိုးတွေ . . . အယူသီးပုံ၊ အစွဲကြီးပုံများ တလွဲဆံပင်ကောင်းမှုများပင် ဖြစ်တော့ သည်။ ဘာသာခြားများ၊ တိုင်းတစ်ပါးမှ နိုင်ငံခြားသားများသိလျှင် အတော့်ကို ရယ်စရာကြီးဖြစ်နေမည်။

မြန်မာလူမျိုးများ ကမ္ဘာတွင် ဟာသလူမျိုးဖြစ်ကုန်မည်ကို စိုးရွံ့မိသည်။ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ အယူသီးမှု၊ အစွဲအလန်းကြီးမှုများကို ကျွန်တော်တို့ တိုက်ဖျက်လာသည်မှာ ယခုအချိန်ထိပင်။ သို့သော် ကျွန်တော်တို့နှင့် ယခုတိုင် အချို့သောသူတို့သည် ပြဒါးတစ်လမ်း . . . သံတစ်လမ်း၊ ဆန့်ကျင်ဘက်အနေအထာပင် ဖြစ်နေသေးသည်။ သူတို့ထံမှ တီးတိုးပြောသံများ၊ အကြံဥာဏ် ပေးသံများ၊ ဆရာကြီးလုပ်သံများ၊ အတင်းအဖျင်းပြောသံများ၊ ရှုတ်ချသံများ၊ မချေမငံပြောသံများ စသည့် လူမှုရေး တိုက်ခိုက်သံ၊ အယူသီးမှုစကားလုံးများ ယနေ့တိုင် မကြာမကြာ ကြားနေရဆဲပင် ဖြစ်သည်။

ရှေးလူကြီးများ စကားမပယ်ဖျက်ကောင်းဘူးတဲ့ . . . ဒါက သူတို့နောက်ဆုံး အနိုင်ယူတဲ့ စကားလုံး။ ဒီတော့ . . . ကျွန်တော် ရှင်းပြီ၊ ရှင်းရပြီ . . . ရှင်းပြီဆိုသော်ငြားလည်း ကျွန်တော် ရေးခဲ့ဘူးသော ‘ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်’ ဟူသောစာစုမှ ကျွန်တော်တို့၏ လူမှုရေးလမ်းပြ ကြယ်ဖြစ်သော ဆရာတော်ကြီးဘဒ္ဒန္တဦးတိက္ခ၏ ဟောကြားချက်စကားများမှ စရတော့မည်။

အမျိုး၊ ဘာသာ၊ သာသနာအတွက် မြတ်စွာဘုရားရှင်သည် ကောင်းတာလုပ်လျှင် ကောင်းကျိုးပေးမည်။ မကောင်းတာလုပ်လျှင် မကောင်းမှုများရမည် ဟူ၍ ဟောကြားခဲ့သည် မဟုတ်ပါလား . . . ။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများသည် ရတနာသုံးပါးကို ကြည်ညိုလေးစားဦးခိုက်ကြသော်လည်း ကံနှင့်ပတ်သတ်၍ ယုံကြည်မှုအားနည်းမှုများကို တွေ့ရသည်။



လူအများစုသည် နာရေးကိစ္စများကို အယူသီးကြသည်။ နာရေးကြောင့် စီးပွားပျက်တယ်၊ လူသေတတ်တယ်၊ ထိခိုက်နစ်နာမယ်၊ ပျက်စီးဆုံးရှုံးတတ်၊ နိမိတ်မကောင်းမှုတွေ ဖြစ်တတ်တယ်ဟူ၍ ရှေးဘိုးဘေးဘီဘင် လက်ထက်ကတည်းက အယူသီးမှုများ၊ အရိုးစွဲမှုများ၊ အမှားစွဲမှုများ ရှင်သန်လာခဲ့ကြသည်။

လူတော်တော်များများသည် အဆင်း၊ အနံ့၊ အသံ၊ အရသာ၊ အထိအတွေ့ဟူသော အာရုံငါးပါးထဲတွင် နစ်မွန်းနေကြသည်။ မိမိကိုယ်မိမိတို့ သုဘ (သို့မဟုတ်) မင်္ဂလာဟု သတ်မှတ်နေကြသည်။

အမှန်မှာ . . . ရှင်သူ၊ သေသူတို့အားလုံးသည် အသုဘများ (သို့မဟုတ်) အမင်္ဂလာများပင် ဖြစ်တော့သည်။

အဘယ့်ကြောင့်ဆိုသော် . . . ရေမချိုးဘဲနှင့် ဆယ်ရက်ခန့်နေကြည့်လျှင် မိမိခန္ဓာမှ အပုပ်နံ့များထွက် လာမည်။ ဒွါဒခြောက်ပါးမှ အနံ့အသက်မျိုးစုံထွက်နေတော့မည်။ ရုပ်တရား၊ နာမ်တရားအားလုံးသည် အသုဘချည်းပင် ဖြစ်သည်။ မည်သည့်အရာမှ တည်မြဲမှုကို မဆောင်နိုင်ချေ။

မြတ်စွာဘုရားသည် လူမသာကို အိမ်ထဲသို့၊ ရပ်ကွက်ထဲသို့သွင်းလျှင် ‘ခိုက်သည်’ ဟူ၍ မဟောကြားခဲ့ပါ။

စဉ်းစားစေချင်သည် . . . ရပ်ကွက်၊ အိမ်ပြင်ပတွင် ဆုံးသွားပါက (ရပ်ကွက်) အိမ်ထဲသို့ အသွင်းမခံကြ၊ သွင်းလျှင် ရွာနာတယ်၊ အရပ်နာတယ်၊ အိမ်သူအိမ်သားတွေ ခိုက်တယ်ဟူ၍ မည်သည့်ကျမ်းဂန်တွင်မှ မပါရှိပါ။ သို့သော် အားလုံးနီးပါး အယူသီးမှုများက လွှမ်းခြုံနေမှုကို ခံနေရသည်။

ဒါဆို . . . ကျွန်တော်မေးတော့မည်။
လူမသာကြတော့ ရပ်ကွက်ထဲ၊ အိမ်ထဲမသွင်းကောင်းဘူးတဲ့ . . .။ အဲဒါဆိုလျှင် တိရစ္ဆာန်မသာများကြတော့ ဘာဖြစ်လို့ အိမ်ထဲသွင်းကြသနည်း။ သက်ရှိလောကကြီးထဲတွင် လူသာလျှင်၊ အမြတ်ဆုံး ဖြစ်သည်လို့ ပြောကြပြီး မည်သည့်အတွက် . . . နံနက်ဖက်ဈေးကပြန်လာလျှင် သူ့ထက်ငါ အလုအယက် ငါကတော့ ကြက်သားစားနိုင်တယ် . . . ငါကတော့ ဝက်သားစသဖြင့် အပြိုင်အဆိုင်ဈေးဝယ်လာပြီး ဂုဏ်ယူဝင့်ကြွားစွာ နေအိမ်ထဲသို့ တိရစ္ဆာန် မသာများကိုထည့်ပြီး . . . ခုတ်ထစ်ဆေးကြော၊ ကြော်လှော်၊ ချက်ပြုတ်ပြီး မိမိတို့ရဲ့ပါးစပ်ထဲသို့ တိရစ္ဆာန်မသာများကို ဘာကြောင့်ထည့်ကြသနည်း . . . ။ အရိုးများကို နူးနေအောင် ချက်ပြုတ်၍ ဝါးကြသည်မဟုတ်ပါလား။

ဒါကြောင့် . . . လူ့ဝမ်းဗိုက်သည် တိရစ္ဆာန်တို့၏ သချိင်္ုင်း
လူ့ပါးစပ်သည် တိရစ္ဆာန်တို့၏ မီးသဂြိင်္ုလ်စက်ပင် ဖြစ်တော့သည်။

တိရစ္ဆာန်မသာကျတော့ မိမိတို့ဝမ်းဗိုက်ထဲသို့ထည့်ပြီး လူမသာကျတော့ အိမ်ထဲ (ရပ်ကွက်) ထဲသို့အသွင်းမခံမှု တို့သည် အဆိုးဝါးဆုံးသော အယူသီးမှု၊ မိစ္ဆာဒိဋ္ဌိအယူဝါဒမှ ဆင်းသက်လာမှုပင် ဖြစ်တော့သည်။

တစ်ဖန် လူသေသွားလျှင် အိမ်နောက်ဖေးသယ်သွား၊ တံစက်မြိတ်ရေ လက်ပြန်ရေနှင့် ရေချိုးပေး၊ အဝတ်အစားဝတ်၊ သနပ်ခါးလိမ်း၊ ဆံပင်ထုံးပေး၊ နှုတ်ခမ်းနီဆိုးပေး၊ ပန်းပန်ပေးနှင့် သေသွားမှ ကြင်နာပြ၊ ဂရုစိုက်ပြနေတော့သည်။ အလောင်းလှအောင်လုပ်တာတဲ့။ ပြုံးပြုံးလေးသေမှ အလောင်းလှတာတဲ့။ နောက်မှ ခေါင်းကဆံပင်ကိုဖြတ်၊ ခြေထောက်နှစ်ချောင်းကိုတုပ်တော့သည်။ အိမ်မှာ နှစ်ညတောင် ထားရဦးမှာဖြစ်တဲ့ အတွက်တဲ့ဗျာ . . . ။ သေတာတောင် အချုပ်အနှောင်ခံရတဲ့ဘဝ . . . ။

ထို့နောက် သေသူနှင့် ပါးစပ်ထဲ မတ်စေ့ (ယခုခေတ်တွင်တော့ မရနိုင်တော့) ထည့်သည့် ‘ကူးတို့ခ’ ဟုဆိုကြပြန်သည်။ အသက်မရှိသော ခန္ဓာနှင့် ဘယ်ကားကို တစ်မတ်ပေးစီး၍ ဘယ်ကိုသွားမည်နည်း . . . ။

တစ်ချို့က ပါးစပ်ထဲ ထည့်ထားသည့် မတ်စေ့ကို အတင်းနှိုက်ပြန်သည်၊ Lucky ကောင်းတယ်တဲ့၊ ငွေပွားတယ်တဲ့လေ။

အလောင်းကို အိမ်ကထုတ်တော့ . . . ခြေကမထုတ်ရဘူး၊ ခေါင်းကမထုတ်ရဘူး၊ တံခါးဘောင်နဲ့ မထိရဘူး၊ အိမ်နံရံကို မထိရဘူး၊ လှေကားက မဆင်းရဘူး စသဖြင့် ‘ဘူး’ များပဲ့တင်ထပ်နေတော့သည်။ နောက်ထပ် ကြေးစည်ထု၊ ကနားဖျင်းဖျက်ခြင်း လုပ်တော့သည်။ နောက်နိဗ္ဗာန်ယာဉ်ပေါ်သို့ အလောင်းတင်သော် ရေအိုး ကို ခွဲတော့သည်။ မင်းနဲ့ငါတို့ အိုးစားကွဲပြီ၊ အိမ်ပြန်မလာနဲ့ ဟုဆိုသည်။ နောက်ငိုကြ၊ ယိုကြ၊ မသွားရဘူး၊ ခေါ်မသွားရဘူး၊ ပစ်သွားပြီလား စသဖြင့် အယူစွဲ၊ အယူသီးမှုများ လွှမ်းခြုံနေကြသည်။ သုဿန်ရောက်သော် အခေါင်းထဲမှ ပန်းတစ်ပွင့်ကိုယူ၍ ယူသည့်လူက စကားမည်သူ့ကိုမျှမပြောတော့ချေ။ သေသူရဲ့လိပ်ပြာကို ပြန်ခေါ်တာတဲ့။ အိုးစားကွဲလိုက်ကြ၊ ပြန်ခေါ်လိုက်ကြ၊ ခြေထောက်ကို တုပ်နှောင်လိုက်ကြ၊ ငိုလိုက် ကြနဲ့ သေသူကို မီးသဂြိင်္ုလ်စက်ထဲသို့ ထည့်မည့်အစား ထိုသူများကို စိတ်ရောဂါ အထူးကုဆေးရုံသို့ပင် ပို့ရမလိုဖြစ်တော့သည်။

သေဆုံးသူ၏ လုံချည်၊ အကျီင်္၊ ခြင်ထောင်၊ မွေ့ယာများကို ခိုက်မှာစိုး၍ ခန်းစီးစများချုပ်၍ ဘုန်းကြီးကျောင်း ကိုပို့ကြသည်။ ကုသိုလ်ရအောင် ဘုန်းကြီးကျော်းတွင် ချိတ်ခိုင်းဆွဲခိုင်းတော့သည်။ ဒါဆို ဘုန်းကြီးတွေ ကျတော့ ခိုက်စေတဲ့လား . . . ? သေဆုံးသွားသူ၏ လက်ဝတ်လက်စား၊ ဆွဲကြိုး၊ လက်စွပ်များကြတော့ ခိုက်မှာစိုး၍ ဘုန်းကြီးကျောင်းကို မလှူကြတော့ဘူးလား၊ ဘယ်ရောက်ကုန်ပါလိမ့် . . . ?

နာရေးယာဉ် (နိဗ္ဗာန်ယာဉ်) ကိုလည်း ရပ်ကွက်ထဲဝင်လျှင် ဟိုဖက်ကဝင်၊ ဒီဖက်ကမဝင်ရဘူးစသဖြင့် တားမြစ်သူတွေ၊ မိမိအိမ်ရှေ့တွင် မော်တော်ယာဉ်ခေါင်းလာလှည့်တာကို မလိုချင်၊ နိဗ္ဗာန်ယာဉ်မောင်းသည့် ယာဉ်မောင်းများလည်း ယခင်ကမကြာခဏ လက်သီးနှင့်အထိုးခံရမှုများရှိခဲ့သည်။ လမ်းထိပ်တွင် ကန်တော့ပွဲထိုးပေးခဲ့ရသည်လည်း ရှိသည်။ ဒီလမ်းက နိဗ္ဗာန်ယာဉ်မဝင်ရ၊ မသွားရတဲ့လမ်း စသဖြင့် တားမြစ်နယ်မြေများလည်း ရှိခဲ့သည်။ ရှိနေဆဲပင် . . . ။ ကောင်းပြီ။ ဒါဆိုရင် အဲဒီ့လမ်းကလူတွေက မသေတော့မဲ့သူတွေများလား . . . ? ။သေခဲ့သည်ရှိသော် မိမိအိမ်မှ လမ်းထိပ်သို့ မိမိတို့ ကိုယ်တိုင်သယ်ပိုပြီး ‘မ’ချမည်တဲ့လား . . . ? ။ နောက် . . . နိုင်ငံရပ်ခြားတွင် သေဆုံး၍သေဆုံးသူ၏ ခန္ဓာကိုယ်အား မြန်မာပြည်တွင် သဂြိင်္ုလ်ချင်၍ ပြန်သယ်လာသော အလောင်းများသည် လေယာဉ်ဖြင့် သယ်ဆောင်လာရခြင်းဖြစ်သည်။ ထို့ကြောင့် လမ်းထဲမဝင်ရဘူး၊ ဟိုဘက်က မထွက်ရဘူး၊ ဒီဘက်က မဝင်ရဘူး၊ အိမ်ရှေ့ကားမကွေ့ရဘူး စသဖြင့် ပြောနေသူများ စဉ်းစားကြည့်စေချင်သည်။ မိမိတို့ ဦးခေါင်းထက် မိမိတို့၏ နေအိမ်ထက်မှ နေ့စဉ်အလောင်းတင် လေယာဉ်ပျံများ ဖြတ်သန်းနေဆဲ၊ ပျံသန်းနေဆဲပင် ဖြစ်တော့သည်။ နိဗ္ဗာန်ယာဉ်ဝင်တာကိုတော့ မကြိုက်ကြ၊ နိဗ္ဗာန်ယာဉ်ကိုမြင်ကြလျှင်တော့ မိမိတို့၏ ပိုက်ဆံအိတ်များကို ပုတ်ကြကာ လဘ်ရွှင်လို့လား . . . စဉ်းစားကြပါ . . . ။ သိပ်ရှက်ဖို့ကောင်းနေပါပြီ။

မိမိတို့၏ စိတ်ဓာတ်များ၊ ခံယူချက်များ၊ အယူသီးမှုများကို ပြန်လည်ပြုပြင်စေလိုပါသည်။ ပြဒါးတစ်လမ်း . . . သံတစ်လမ်း မဖြစ်သင့်တော့ပါ။

ကိုယ့်စိတ်ကို ပြန်စစ်ကြည့်စေချင်သည်။
မှားလား . . . မှန်လား။
မှန်လား . . . မှားလား ဆိုတာ။
မှားရင် . . . ပြင်။
မှန်ရင် . . . ဆက်လုပ် ဖို့က အားလုံးရဲ့တာဝန်ဖြစ်တော့သည်။

ကျွန်တော် စကားလုံးများနှင့် ရှင်းပြရသည်မှာ များလှပါပြီ။ ထို့ကြောင့် . . . ယခုလူမှုရေးလုပ်ငန်း (နာရေးကူညီမှု) တွင် အယူသီးမှု၊ အရိုးစွဲမှု၊ အမှားကို လက်ခံနေမှုများကို တိုက်ဖျက်ကြသော သူရဲကောင်း လူပုဂ္ဂိုလ်များ၏ အကြောင်းအရာ၊ သက်သေခံဓာတ်ပုံများနှင့်တကွ ထပ်မံရှင်းပြပါတော့မည်။

နံပါတ် (၁) ကိုချိုသန်း + မမိုးစန္ဒာ
ကိုချိုသန်း + မမိုးစန္ဒာ

သူတို့၏ မင်္ဂလာနေ့ရက်၊ မင်္ဂလာရှိသောအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်ခန်းမတွင် မင်္ဂလာအခန်းအနားပြုလုပ်ပြီးချိန်တွင် သူတို့၏ ရဲရဲတောက်တောင်းဆိုချက်ကြောင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ နာရေးလမ်းကြောင်းတွင် မင်္ဂလာဝတ်စုံနှင့်တကွ မင်္ဂလာရှိစွာဖြင့် ကုသိုလ်ယူခဲ့သည်။

နေ့ရက် ။ ။ ၉ - ၁၂ - ၂၀၀၆ ခုနှစ်
နေရာ ။ ။ မြောက်ဥက္ကလာပခန်းမ
ကုသိုလ်ယူသည့်လမ်းကြောင်း ။ ။ တောင်ဒဂုံမြို့နယ်မှ ထားဝယ်ချောင်သုဿန်
မြောက်ဒဂုံမြို့နယ်မှ ထားဝယ်ချောင်သုဿန်သို့

နံပါတ် (၂) မောင်ပြည့်ဖြိုးအောင် + မနှင်းနွယ်ဝင့်
မင်္ဂလာနေ့ရက် ။ ။ ၆ - ၁ - ၂၀၀၇ ခုနှစ်

သူတို့၏ မင်္ဂလာနေ့ရက်၊ မင်္ဂလာရှိသောအချိန်၊ မင်္ဂလာရှိသောနေရာ ဆီဒိုးနားဟိုတယ်ကြီးတွင် ကျင်းပသော သူတို့ မင်္ဂလာဆောင်၏ဖိတ်စာထဲတွင် လက်ဖွဲ့မည့် ချီးမြှင့်ထောက်ပံ့မှုများကို လူမှုရေး အသင်း (၁၁) သင်းအား မိမိတို့စိတ်ကြိုက် နှစ်သက်ရာအသင်းအဖွဲ့သို့ လှူဒါန်းပေးပါရန်ဟူ၍ ပုံနှိပ်ကာ အစွဲအလန်းထုံးစံများကို တိုက်ဖျက်၍ အယူသီးမှုတိုက်ဖျက်ရေးမှတ်တိုင်ကို ထူခဲ့ပါသည်။ ယင်းအခမ်းအနားတွင် နာရေးကူညီမှုအသင်း (ရန်ကုန်) အတွက် အလှူငွေ (၁၀) သိန်းနီးပါး ရရှိခဲ့ပါသည်။
(မှတ်တမ်းဓာတ်ပုံနှင့် နဂ္ဂတစ်ဖလင်များသည် နာဂစ်မုန်တိုင်းဒဏ်ကြောင့် အသင်းအဆောက်အဦး ပျက်စီးမှုနှင့်အတူ ပါသွားပါ၍ ခွင့်လွှတ်ပါရန်။)

နံပါတ် (၃) ကိုသိန်းဇော် + မသန်းသန်းအေး


သူတို့လင်မယားသည်လည်း ရဲရဲတောက် လူမှုရေးသမားများပင် ဖြစ်တော့သည်။ သူတို့သည်လည်း ရေဝေးသုဿန်အနားရှိ နေအိမ်တွင် မင်္ဂလာပွဲကိုလုပ်၍ မင်္ဂလာရက်မြတ်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ လမ်းကြောင်းကို လိုက်လံကုသိုလ်ယူလုပ်အားပေးခဲ့ကြသည်။

နေ့ရက် ။ ။ ၂၈ - ၂ - ၂၀၀၈ ခုနှစ်
နေရာ ။ ။ ရေဝေးသုဿန်အနီးရှိ နေအိမ်
ကုသိုလ်ယူသည့်လမ်းကြောင်း ။ ။ တောင်ဒဂုံမြို့နယ်မှ ကြည်စုသုဿန်
သုဝဏ္ဏမှ ရေဝေးသုဿန် (အအေးခန်း)

နံပါတ် (၄) ကိုဖိုးချို + မဝင်းဝင်းဇော်

သူတို့ဇနီးမောင်နှံသည်လည်း အယူသည်းမှုတိုက်ဖျက်ရေး ရဲရဲတောက်ဇနီးမောင်နှံပင် ဖြစ်သည်။ သူသည် ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးခွဲတွင် မင်္ဂလာအခန်းအနားကျင်းပပြီး မင်္ဂလာရက်မြတ်တွင် ကုသိုလ်ဖြစ် နာရေး လိုက်လံပို့ဆောင်ခဲ့သည်။

နေ့ရက် ။ ။ ၁၈ - ၁၁ - ၂၀၀၇ ခုနှစ်
နေရာ ။ ။ ရေဝေးသုဿန်အနီး
ကုသိုလ်ယူသည့်လမ်းကြောင်း ။ ။ ရန်ကုန်ဆေးရုံကြီးမှ ရေဝေးသုဿန်

နံပါတ် (၅) ကိုဘိုဘို + မပွင့်ဖြူနှင်း

သူတို့သည်လည်း နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဝန်ထမ်းတစ်ဦးဖြစ်သည်။ သူတို့သည်လည်း မင်္ဂလာပေါ်မင်္ဂလာထပ်သည်နှင့်အညီ ဧည့်ခံပွဲပြီးပြီးချင်း နာရေးကူညီမှုကိစ္စများကိုလိုက်လံကုသိုလ်ယူကြသည်။

နေ့ရက် ။ ။ ၁၁ - ၁၁ - ၂၀၀၉ ခုနှစ်
နေရာ ။ ။ ဗြဟ္မဝိဟာရစာသင်တိုက် (သင်္ဃန်းကျွန်း)
ကုသိုလ်ယူသည့်လမ်းကြောင်း ။ ။ ဂျပန်ဆေးရုံမှ ရေဝေးသုဿန်
မင်္ဂလာတောင်ညွန့်မှ ရေဝေးသုဿန်

ထို့ကြောင့် . . . သူတို့ . . . သူတို့သည် တစ်သက်တစ်ခါ မင်္ဂလာ၊ မင်္ဂလာပေါ်တွင် မင်္ဂလာထပ်သည့် တကယ့်မွန်မြတ်သည့် အလှူပွဲ၊ ကုသိုလ်ပွဲကို ဆင်နွှဲခဲ့ကြသူများ ဖြစ်တော့သည်။

သို့သော် . . . အောက်ပါဓါတ်ပုံအတိုင်း အယူသီးမှုများ၊ တားမြစ်မှုများ၊ ဟန့်တားမှုများ၊ တိုက်ခိုက်မှုများ၊ ဖျက်ဆီမှုများ ရှိနေဆဲပင်။

ဒါကြောင့် . . . ပြဒါးတစ်လမ်း . . . သံတစ်လမ်းဖြစ်နေမှုများကို

ကိုယ့်စိတ် . . . ကိုယ်စစ်
ကိုယ့်လမ်း...ကိုယ်သွား
ကိုယ့်အလုပ် . . . ကိုယ်လုပ်
ကိုယ့်တာဝန် . . . ကိုယ်ကြေ
ကိုယ့်သမိုင်း...ကိုယ်ရေးကြရမှာဖြစ်သည့်အတွက်
မှားလား . . . မှန်လား
မှန်လား . . . မှားလား
မှားရင်ပြင်၊ မှန်ရင်ဆက်လုပ်ကြဖို့ လိုတယ်။

မည်သို့ဖြစ်စေကာမူ . . . ကျွန်တော်နှင့် ကျွန်တော်၏ သွေးသောက်များသည်ကား ဗိုလ်ချုပ်ရဲ့စကား၊ ဆရာတော်ကြီးရဲ့ သြဝါဒဆုံးမစကားအတိုင်း ရှေ့သို့ရဲရဲချီတက်ကြမည် ဖြစ်ကြောင်း။

“လောကဓံတရား၏ ရိုက်ပုတ်ခြင်းဒဏ်ချက်ကြောင့်
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီနေ၏။
သို့သော် . . . ညွှတ်ကားမညွတ်”။
(ဗိုလ်ချုပ်အောင်ဆန်း)

“လူ့ဘုံထုံးစံ၊ ကဲ့ရဲ့ဒဏ်ဖြင့်၊ ရန်မာန်ပိတ်သည်း၊ ခရီးခဲ၌
စိတ်ဇွဲသန်သန်၊ နောက်မပြန်ဘဲ၊ ရဲမာန်ရဲဆေး၊ ရဲစိတ်မွေးလျက်၊ ရဲသွေးနီနီ
စီရရီဖြင့်၊ ဦးတည်မပျက်၊ ရှေ့သို့ဆက်လော့။”
(မဟာဂန္ဓာရုံဆရာတော်ကြီး၊ အမရပူရ)

ဒါကြောင့် . . . ဒါတွေ . . . ဒါတွေဟာ အားလုံးအတွက်
လူသားတိုင်းအတွက်
တစ်တိုင်းပြည်လုံးအတွက်
တကမ္ဘာလုံးအတွက်. . .
အယူသီးမှုတိုက်ဖျက်ရေး ရဲရဲတောက်
ရှင်းတမ်း ဖြစ်တော့သည်။


ကျော်သူ

ကျော်သူ၏ Facebook မှ ကူးယူဖော်ပြပါသည်။

ကျော်သူနဲ့ သူ့ရဲ့လုပ်ငန်း၊ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အားပေးကူညီ ကြပါစို့

အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

Saturday, January 30, 2010

ဟီးရိုးမှ ဇီးရိုးသို့

ရဲဘော်ကျော်သန်း ရေးသား ပေးပို့သည်။

ကျုပ်တို့ ဗမာတောသားတွေအတွက်တော့ အပေါင်းဖော်တွေနဲ့ မိုးဦးကျမှာ ဖားရိုက် ထွက်ရတာ ဘ၀အရသာတခုပဲ၊ အဆိုတော် ကိုထွန်းရွှေက “တအားရိုက်မလေ ဖားမိုက်တွေ အရီးတုတ်ရဲ့တဲနဘေးမှာ ချက်ပြုတ်စားကာ ဆိုကြကကြ ပျော်သလိုနေနိုင်ကြပေ” လို့စပ်ဆိုခဲ့တာ အတော် အောင်မြင်ခဲ့တာပဲ၊ အခုထိလဲ မရိုးနိုင်သေးဘူး။

ဖားရိုက်တယ်ဆိုလို့ သိပ်တော့လွယ်တယ် မထင်နဲ့၊ သူ့မှာလည်း ပညာနဲ့သတိ ရှိဖို့လို တယ်။ ပေါ့ပေါ့သွားလုပ်ရင် ကောက်ကွေးသွားမယ်။ ဖားတွေရဲ့သဘာဝနဲ့ အထာကို သိဖို့လို တယ်။ ပြီးတော့ ဖားတွေကိုကြိုက်တတ်တဲ့ မြွေတွေရဲ့ အန္တရာယ်ကိုလည်း သတိရှိဖို့ လိုတယ်။ ဒါကြောင့်လည်း မိုးဦးကျဆိုရင် မြွေကိုက်ခံရတဲ့ ဖားရိုက်သမားတွေ နည်းမှမနည်းပဲ။
ဖားတွေရဲ့သဘာဝက တော်လှန်ရေးတံဆိပ်ကပ်ထားတဲ့ ဆူလွယ်နပ်လွယ် လုပ်စား တွေနဲ့ တူတယ်ဆိုရင် မှားမယ်မထင်ဘူး။ သိတဲ့အတိုင်း ဖားဆိုတာက ရေနေကုန်းနေ သတ္တ၀ါ မှန်ပေမယ့် ရေမရှိရင်မနေနိုင်ဘူး၊ မရှင်သန်နိုင်ဘူး၊ ရေသိပ်ကြိုက်တယ်ပေါ့။ ဒီတော့ သဘာဝ တရားက သူ့ကိုမျက်နှာသာပေး ဗီဇသတ္တိတခု ပေးထားတယ်။ ရေရှိတဲ့နေရာကိုသိတယ်၊ ရေခန်းတော့မှာကို သိတယ်၊ ဘယ်နေရာမှာ ဘယ်ချိန်မှာ မိုးရွာမယ်ဆိုတာကို ကြိုသိတယ်၊ ဒါကြောင့် ဗမာတောသား လယ်သမားတွေက ဖားအော်သံကို နားထောင်ပြီး မိုးလေကို တွက်ချက်ကြရတာပဲ။

ဖားဆိုတာကလဲအမျိုးမျိုးရှိတယ်၊ အွန်အွန်နဲ့ တချက်တချက် ပြတ်တောင်းပြတ်တောင်း အော်တတ်တဲ့ နှစ်ချို့စားဖားကြီးတွေရှိတယ်၊ ‘အုံအိုင် အုံအိုင်’ နဲ့ ဆက်တိုက်အော်လိုက် ခဏနားလိုက် ပြန်အော်လိုက်နဲ့ ဖားအိုင်းတွေရှိတယ်၊ ‘ကက်ကက် ကက်ကက်’ နဲ့ အော်တတ်ပြီး ရေအ၀သောက် မြေထဲယက်ပြီး ဇိမ်ရစ်နေတတ်တဲ့ သဲဖားဆိုတာ ရှိတယ်၊ တနေရာထဲမှာ အငြိမ်မနေ ဟိုခုန်ဒီလူးနဲ့ ဖားပေါင်စင်းအသေးစား ကျော်စံကေးဆိုတာရှိတယ်၊ အဲဒါအပြင် ဖားရိုက်သမားတွေကို ဒုက္ခအပေးဆုံးကတော့ ဖားလတက်ပဲ။ အရွယ်ကလေးက လက်မ လောက်နဲ့ တကွင်းလုံးဆူညံနေအောင် အော်နိုင်စွမ်းတယ်။ စားလည်းမစားလောက် တုတ် လည်းမရိုက်လောက်၊ ဒါပေမဲ့ ဆူညံနေတဲ့ သူတို့အသံကြောင့် ဖားရိုက်သမားတွေ တခြား စားလောက်သောက်လောက် ဖားကြီးတွေရဲ့အသံကို ဖမ်းရအတော်ခက်စေတယ်။

ဖားဆိုပေမဲ့ လျော့တော့မတွက်နဲ့ သူလည်းအသားစားသတ္တ၀ါ၊ သူထက်ငယ်တဲ့ သူနိုင်တဲ့ အကောင်မှန်သမျှ အကုန်စားတယ်။ တချို့နှစ်ချို့စားဖားကြီးတွေဆိုရင် ငါးပုစွန် တွေသာမက တော်တော့အရွယ် ပုတ်သင်တို့ ငှက်တို့ကိုတောင် ဖမ်းစားနိုင်တယ်။ ပြီးတော့ သိပ်အကင်းပါးတယ်၊ တနေရာအခြေအနေမဟန် တနေရာ အပြောင်းမြန်တယ်။ အခြေဟန် မည့်နေရာတွေ့လို့ကတော့ သူများတွင်း (ပုစွန်လိုဟာမျိုး) လည်း အဓမ္မ လုယက်နေထိုင် တတ်တယ်။


ပြောပါပကော ဖားတွေရဲ့သဘာဝက ကျုပ်တို့တော်လှန်ရေးတံဆိပ်ကပ် လုပ်စားတွေနဲ့ တူပါတယ်လို့။ ဒါကြောင့်လည်း ဗမာနိုင်ငံရေးဝေါဟာရတွေထဲမှာ ဖားနဲ့ပတ်သက်တဲ့ စကားလုံး တွေ အတော်များများ ရှိနေတာပဲ။ “ တုံးအောက်ကဖား” “အထက်ဖား အောက်ဖိ” “ဖော်လံဖား” “ စားဖားနိုင်ငံရေး” “ နိုင်ငံရေးစားဖား” “ကပ်ဖားရပ်ဖား” “ ဖားစည်းငါးစည်း” ဆိုပြီး များမှများ။ ကျုပ်တို့ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းတောင် “ စားဖား ညီညွတ်ရေး အလိုမရှိဘူး” လို့ ကြောက်လန့်တကြား မိန့်ခွန်းထဲ ထည့်ပြောခဲ့ရသေးတာပဲ။

ဖားအကြောင်း ပြောရင်းနဲ့ ကာတွန်းချစ်ဆွေရဲ့ စကားတခုက ပေါ်လာပြန်တယ်။ သူပြောတာက “ စားဖားတွေ စားဖားတွေ၊ စားဖားတွေကို ဖားစားသူတွေ သိပ်ကြိုက်တယ်” တဲ့။ သူ့စကားအတိုင်းဆိုရင် နိုင်ငံရေးဆိုတာ အဖိနှိပ်ခံလူထုကို ဗန်းပြပြီး စားဖားတွေနဲ့ ဖားစားသူတွေ ပေါင်းပြီးလုပ်စား နေတဲ့ ရိုက်စားလုပ်ငန်းကြီးလို့ ပြောရမလိုပါပဲ။ အားလုံးတော့မဟုတ်ပါဘူး အဓိကခေါင်းဆောင်ပိုင်းနဲ့ ပညာကို သိသာသိပြီး တတ်လည်း မတတ် ဉာဏ်လေးကောင်းပါရဲ့နဲ့ ပညာရှိဖြစ်ဖို့လဲ အလားလာမရှိတဲ့ လူတတ်ဆိုသူတွေ၊ ကျွမ်းကျင်သူ ဆိုသူတွေပေါ့။ ထောင်သောင်းချီတဲ့ အောက်ခြေရဲဘော်ထုနဲ့ တကယ့် လူထုခေါင်းဆောင်တွေကတော့ ဘာအကျိုးကိုမှ မမျှော်ကိုးပဲ ဘ၀တွေ အသက်တွေ ပေးဆပ်ပြီး အကျဉ်းထောင်တွေထဲ၊ တောတောင်တွေထဲမှာ တိုက်ပွဲဝင်နေကြဆဲပါ။ ဒီရဲဘော်တွေ အကျအဆုံးများပြီး လှုပ်လှုပ်ရှားရှား ဖြစ်လာလေ ခေါင်းဆောင်စားဖားတွေ ဂွင်ကြလေပဲ အတော်ကို ရင်နာစရာလည်းကောင်း၊ ရွံစရာလည်းကောင်းပါတယ်။

၂၀၁၀ ရွေးကောက်ပွဲဆိုတဲ့ ပေါက္ခရ၀ဿမိုးကြီး ရွာတော့မလိုလို မိုးခြိမ်းသံပေးကာ ရှိသေး ဖားမျိုးစုံတို့ အကုန်ညီ ပလုံစီအောင် အော်နေလိုက်ကြတာ တလောကလုံးကို ဆူညံ ပွက်လို့ပဲ။ ကိုယ်လာရာလမ်းကို မေ့ချင်ယောင်ဆောင်နေတဲ့ တချို့သော မကျက်တကျက် ( Half Baked) သတင်းသမားတွေ ဖွတာလဲ ပါသပေါ့။ သူတို့ကသာ အမေရိကန်ဘောပွဲက ဖင်လေးတွန့်လိမ်တွန့်လိမ်နဲ့ (Cheer Leader) တွေလို ရွေးကောက်ပွဲကြီးကို ခုန်ပေါက်ချီးပ ရွှေကြိုလုပ်နေကြပေမဲ့ ပြိတ္တာကြီးသန်းရွှေက ခုထိ ရွေးကောက်ပွဲ ဥပဒေတို့ အချိန်တို့ကို မကြေငြာသေးဘူး။ ပုဆိုးထဲ မိုးကြိုသေးပေါက်တဲ့သူလို လူထုကြားမှာ စောက်ရှက်ကွဲကြမှာ မြင်ယောင်မိပါသေးတယ်။

တကယ်တော့ ဘယ်ချိန် ဘယ်ကာလမှာ ဘယ်လိုလုပ်မယ်မှန်းမသိတဲ့ ရွေးကောက်ပွဲ ကို မိုးဦးကျဖားများလို တုတ်မမြင် မြွေမမြင် ကွတ်ကွတ်ကက်ကက်၊ အုံအုံအိုင်အိုင်နဲ့ ချီးပ ရွှေ ကြိုလုပ်နေကြသူအားလုံးဟာ တချိန်ကတော့ သူရဲကောင်း ဟီးရိုးတွေပေါ့။ လွတ်လပ်ရေး တိုက်ပွဲခေတ်ကနေ ဒီနေ့ခေတ် (၈၈) ဒီမိုကရေစီ တိုက်ပွဲကာလအထိ ဖိနှိပ်ခံပြည်သူတွေ လွတ်မြောက်ရေးအတွက် လုပ်ခဲ့ကြတဲ့ တိုက်ခဲ့ကြတဲ့ တချိန်ကဟီးရိုးတွေပေါ့။ ကာလတွေ ကြာလာတော့ လူထုကို ဗန်းပြပြီး ကိုယ်ကျိုးရှာချင်တဲ့ ဉာဉ်တွေ၊ ပေါချောင်ကောင်းနဲ့ သူရဲကောင်းဖြစ်ချင်တဲ့ ဗီဇတွေ၊ အချောင်သမားဇာတိတွေ၊ ဖုံးမရ ဖိမရပေါ်လာကြပြီ။ ကိုယ်ကျိုးအတွက် စစ်အုပ်စုကို ဖားရင်းယားရင်းနဲ့ ဇီးရိုး ( ဖိုးသုည ) တွေ ဘ၀ကို ရောက်သွားကြရှာပြီ။ ဇီရိုးမှ အနုတ်လက္ခဏာမည်းမည်းကြီး ထိပ်ပိတ်ထားတဲ့ ဇီးရိုး၊ ကျန်တဲ့ ဇီးရိုးတွေနဲ့မတူဘူး။ ရူပဗေဒ သင်ဖူးသူတိုင်းသိတယ်၊ ရိုးရိုးဇီးရိုးက တစ်နောက်မှာထား လိုက်ရင် တစ် ဆယ်လုံးရဲ့အဓိပ္ပါယ် တဆယ်ဖြစ်ပေမဲ့ အနုတ်လက္ခဏာနဲ့ ဇီးရိုးကတော့ သူ့ရှေ့မှာ ကိန်းဂဏန်းတွေ ကြိုက်သလောက်ဖြည့် တစ် တောင်ဖြစ်မလာဘူး။
အဟောသိကံ အနန္တပဲ။

လူထုကို နှိပ်စက်ရုံမက ဘုရားရွှေခွာ ဌာပနတိုက် ဖေါက်နေတဲ့ ပုဂံခေတ်က စကား နဲ့ပြောရရင် ငရဲမှာ သစ်ငုတ်ဖြစ်မဲ့ စစ်အုပ်စုကို အတ္တအကျိုးအတွက် ဖားရင်းနဲ့ ဒီဘ၀ရောက်သွားကြတာပေါ့။
အဲဒီအထဲမှာ စစ်အုပ်စုရဲ့ သံခြေချင်းဝတ် ပရောဟိတ်လိုလို သုခမိန်လိုလို မောင်စူးစမ်း တို့ သခင်တင်မြတို့ ထိပ်ဆုံးကပေါ့၊ လွတ်လပ်ရေးတိုက်ပွဲဝင် ဟီးရိုးဘ၀ကနေ ပျက်ရွေ့သွားတဲ့ ဇီးရိုးအကြီးစားကြီးတွေပေါ့ ကြောက်တတ်ရင် အခါခါသေတယ်ဆိုတဲ့ စကားလို ဘ၀မှာ အကြိမ်ကြိမ် သေနေရတဲ့သူတွေ။ ဖဆပလ၊ မဆလ ခေတ်တွေကနေ ဒီနေ့ခေတ် န၀တ/ နအဖစတဲ့ ဖောက်ပြန်တဲ့ အုပ်စိုးသူအဆက်ဆက်ကို မှောက်ချီလှန်ချီ အသုံးတော်ခံ နေကြရတဲ့ သူတွေပေါ့။

အနှီဇီးရိုးကြီးတွေက အခုလာမယ့် ၂၀၁၀ ရွေးကောက်ပွဲကြီးပြီးရင် ဖြစ်ထွန်းလာမယ့် နိုင်ငံရေးအခင်းအကျင်းသစ်မှာ သူတို့စကားအတိုင်းပြောရရင် Space (နေရာ) ရှိသတဲ့။ အရပ်သားပါတီ (လူထု) တွေအတွက် နှီးပြားတထောက်စာတောင် နေရာမရှိတဲ့ ဖွဲ့စည်းပုံတကျ စစ်အာဏာရှင်စနစ်ကို စစ်အုပ်စုအတွက် ဗြောင်လိမ်ပေးနေကြတယ်၊ ဖားတာပေါ့။ သူစကားသူနင်း တနေရာကျပြန်တော့ ဒီရွေးကောက်ပွဲဟာ တခြားပါလီမန် ဒီမိုကရေစီ ရွေးကောက်ပွဲတွေနဲ့မတူဘူး၊ နိုင်တဲ့ပါတီ အစိုးရဖွဲ့ဖို့ မဟုတ်ဘူးဆိုပြန်တယ်။ အဲဒီအခင်းအကျင်းသစ်မှာ Institution သုံးခုပေါ်လာမယ်၊ အဲဒါတွေက တပ်မတော်၊ လွှတ်တော်နဲ့ နိုင်ငံရေးပါတီများဆိုပဲ။ တိုင်းပြည်ကို တကယ်စီမံအုပ်ချုပ်မဲ့ အစိုးရ ဖွဲ့စည်းရေးကျတော့ ဆက်မပြောတော့ဘူး။ ဘယ်ပြောတော့မလဲ အဲဒီထဲမှာ လူထု (ပါတီ) တွေရဲ့ အခန်းကဏ္ဍမှ မပါတော့ဘဲ။ သူတို့ အကြောင်းတော့ အထူးဝိတ္တာချဲ့စရာမလိုပါဘူး၊ ဒီဇီးရိုးကြီးတွေဟာ ပီသုံးလုံး (PPP= Professional Political Prostitute) တွေဆိုတာ အများကသိပြီးသားပါ။

နောက် ပီသုံးလုံးပိုင်ရှင် နှစ်ချို့စားဖားကြီးကတော့ ပြည်ပက ဟန်ညောင်ရွှေပါ။ စစ်အာဏာရှင်အလိုကျ အောင်ဆန်းစုကြည်နှမလေး ကိုစိတ်ဒုက္ခမျိုးစုံပေးနေတဲ့၊ ဂုဏ်သရေ ကြီးမြတ်တဲ့ အမိအဖတွေရဲ့ မျိုးဆက်မပီ သွေးဆိုးပြည်ပုပ် သားယုတ်အောင်ဆန်းဦးနဲ့ ပိန်မသာလိမ်မသာ၊ ဗမာပြည် ပထမဆုံး သမ္မတကြီးစ၀်ရွှေသိုက်ရဲ့ သားဆိုတဲ့ ဂုဏ်ပုဒ်ကို ပဲလှော်နဲ့လဲစားနေတဲ့သူပေါ့။ အပြင်ပန်း အတော်လယ်ဝယ် ရည်မွန်တယ်၊ စနစ်ကျတယ်၊ လုပ်စားတာလဲ ကြာခဲ့ပြီကိုး။ သူရဲ့ကမ္ဘာ ပတ်လည် ရိုက်စားလုပ်ငန်းကြီးကို စားဖားနဲ့ ဖားစားသူတွေရဲ့ သီးသန့်အင်ပါယာ (Exclusive Class) ဖြစ်အောင် ထူထောင်ထားတယ်။ ဘယ်တော်လှန်ရေးသမားမှ ကပ်လို့မရဘူး၊ လက်ရှိမှာတော့ များစွာသော သူရဲ့အင်ပါယာတွေထဲမှာ အဓိက အင်ပါယာက အီးဘီအို (EBO= Euro-Burma Office) ဆိုတာပေါ့။ အဲဒီထဲမှာ ဗမာဆိုလို့ သူတယောက်ပဲ ဟုတ်ဟုတ် ငြားငြားရှိတယ်။ ကျန်တာ နိုင်ငံတကာ စားဖားတွေ ဖားစားသူတွေနဲ့ ဖွဲ့ထားတယ်။ ကျုပ်တို့ အိန္ဒိယဘက် ဒေလီမှာတောင် အဲဒီအီးဘီအိုရုံးတခု လာဖွင့်ထားသေးတယ်၊ ဗမာတစ်ယောက် မှ မပါဘူး။ ဒေလီမှာ ဘယ်နိုင်ငံရေးအဖွဲ့အစည်းမှ ရုံးခန်းတောင် တူတူတန်တန်မဖွင့်နိုင်တဲ့ အခြေအနေမှာ အီးဘီအို ရုံးခွဲကတော့ ဒေလီမြို့ရဲ့ ဈေးအကြီးဆုံးဆိုတဲ့ (South Extension) မှာ အကျအနဖွင့်ထားတယ်။ ကုလားအရာရှိတွေတောင် မမှန်းနိုင်တဲ့ လခစား ၀န်ထမ်းတွေနဲ့ပေါ့။ ဒေလီက နိုင်ငံရေးစားဖားတချို့ကလွဲရင် ဘယ်နိုင်ငံရေး အဖွဲ့အစည်းနဲ့မှ အဆက်အဆံ မလုပ်ဘူး။

ဟိုတလောကတောင် ဟန်ညောင်ရွှေနဲ့ အသင်းအပင်း စားဖားတသိုက် ဒေလီကို ခိုးကြောင်ခိုးဝှက် ရောက်လာပြီး ဒေလီက လက်သင့်ရာတသိုက်နဲ့ သူတို့ရဲ့ ရိုက်စား ရွေးကောက်ပွဲရွှေကြိုအလုပ်တွေ လုပ်သွားကြသေးတယ်။ သူတို့က လာမယ့်ရွေး ကောက်ပွဲ ဟာ ပကတိ အခြေအနေ (Reality) မှန်ဖြစ်တယ်၊ ဗမာပြည်သူတွေအတွက် အခွင့်အလမ်းတခု ( Opportunity ) ဖြစ်လို့ ထောက်ခံကြောင်း ကုလားဧည့်သည်တွေကို မျက်စိထဲ သဲပက် သွားခဲ့ကြတယ်။ ဟိုတုန်းက သူတို့ပဲ ဗမာပြည်ရဲ့ပြဿနာဟာ ဖွဲ့စည်းပုံပြဿနာ လို့ပြောခဲ့ကြပြီး အခုတော့ စစ်အုပ်စုရဲ့ ၂၀၀၈ စစ်ကျွန်ဖွဲ့စည်းပုံက ပြဿနာမဟုတ် တော့ဘူးတဲ့။ ပြဿနာက မဲဆန္ဒရှင် ပြည်သူတွေရဲ့ နိုင်ငံရေးအသိပညာ( Voter Education) ကသာ အဓိကပြဿနာတဲ့။ Voter Education ကို အဓိကလုပ်ရမယ်တဲ့၊ ဒါကြောင့် ရွေးကောက်ပွဲဝင်ပြီး မဲဆန္ဒရှင်တွေကို နိုင်ငံရေးအသိပညာ ပေးရမယ်၊ သူတို့အနေနဲ့ ရွေး ကောက်ပွဲဝင်မယ့် အင်အားစုတွေကိုလဲ ငွေကြေးကအစ ကူညီထောက်ပံ့သွားမယ်လို့ ပြောသွားကြတယ်ဆိုပဲ။ အဲဒါတွေလုပ်နိုင်ဖို့ လူထုလူတန်းစားအဖွဲ့အစည်း (Civil Society) လုပ်ငန်းတွေကို လုပ်ဆောင်သွားမယ်ဆိုပါလား။ နွားပြာကြီးအကြောင်းသိထားတော့ ဒါဟာ လာမည့် ပေါက္ခရ၀ဿမိုးကြီးကို တွက်ပြီး စားခွက်သစ်ထွင်လိုက်ပြန်ပြီဆိုတာ လူတွေက သိကြပါတယ်။ ဖားစားသူတွေကတော့ စားရနိုးနဲ့ မပြောတာ၊ စားလက်စလေးတွေ ကျေးဇူးနဲ့ မပြောကြတာ။ တချို့ကျတော့ အင်ဂျီအိုနဲ့သူတို့ကြားက “ကိုယ့်ဖောက်သည်နဲ့ ကိုယ်ဆက်ဆံရေး” ကိုသိပြီး ပြောလည်းမထူးမှန်းသိလို့ မပြောကြတာပါ။
နောက် နှစ်မချို့တချို့ စားဖားလား ဖားစားလား မကွဲပြားတဲ့ ကျော်ဝင်းတို့လို ပညာရှင်ဘွဲ့ခံ ဇီးရိုးတွေပေါ့။ သူတို့ကတော့ ရွေးကောက်ပွဲကို ကျောခိုင်းမယ်ဆိုရင် NLD ဟာ သမိုင်းတရားခံဖြစ်တော့မယောင် တောင်တလုံးမြောက်တလုံး အင်္ဂလိပ်စကားတွေ ညှပ်ညှပ်ပြီး တောခြောက်သံပေးကြတယ်၊ သူတို့ထဲက တယောက်ဆိုရင် ကိုယ့်အမြင်ကို ပြောမိတဲ့ အပြစ်နဲ့ လူနှစ်ထောင်ကျော်ကို ဖမ်းဆီးသတ်ဖြတ် နှိပ်စက်နေတဲ့ စစ်အုပ်စုကိုတော့ မျက်မွှေးထော် လော်လို့မှ မကြည့်ဝံ့ပဲ၊ ကြံ့ဖွံ့လိုစွမ်းအားရှင်လို လက်ကိုင်တုတ်တွေကတောင် မထင်မထင် သလို ရိုက်နှက်သတ်ဖြတ် ခြိမ်းခြောက်ခံနေရတဲ့ NLD ပါတီကိုပဲ ခေါင်းမာသလိုလို၊ လက်တွေ့မကျသလိုလို ဝေဖန် အပုတ်ချ သတ္တိပြနေကြတယ်။ ဒါပေမဲ့ NLD နဲ့ဒေါ်စု နောက်မှာရှိတဲ့ လူထုအားကိုတော့ သိပုံရတယ်၊ ကြောက်ပုံရတယ်။ သူက စစ်အုပ်စုကိုယ်စား အလံရှုးလုပ်တာက NLD ဟာ တကယ့်အမျိုးသား ရင်ကြားစေ့ရေး လုပ်ချင်ရိုးမှန်ရင် လာမယ့်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် (၅၀) ရာခိုင်နှုန်းထက်မကျော်ဘဲ ရွေးကောက်ပွဲ ၀င်သင့်သတဲ့၊ ဒါဆို အာဏာမမက်ဘူးဆိုတာ ပေါ်လွင်ပြီးတော့ နိဂုံးသိပ်လှသွားမယ် ဆိုပါလား။ ၀မ်းရေစပ်ခံ မွေးထုပ်ခဲ့တဲ့ သူ့မွေးသမိခင်ရဲ့ ကျေးဇူးဂုဏ်ကိုမှ မထောက် အော့နှလုံးနာလောက်အောင် ဖောက်ပြန်တဲ့ ဦးနှောက်ပါပဲ၊ ဘယ်တရားနဲ့ သံဝေဂယူရမှန်းတောင် မသိတော့ဘူး။

နောက်တမျိုးကတော့ တကွင်းလုံးဆူအောင် အော်နေတဲ့ ၈၈ ထွက် ဟီးရိုးပျက် ဖားလတက် တွေပေါ့။ သူတို့ကတော့ စစ်အုပ်စုမျက်နှာရဖို့ဆိုရင် ဘုရားခန်းလဲ သေးပန်းမယ် ဆိုတဲ့ ဇီးရိုးဖားလတက်တွေ။ စေ့စေ့ငုငု ပြောရရင် အထဲမှာ တတိယအုပ်စုလိုလို ၈၈ လိုလို ပုံမှားရိုက်နေတဲ့ အင်အားစုတွေနဲ့ အပြင်မှာ ဟိုကျောင်းဒီကျောင်းတွေက ခွေးဝင်စားဘွဲ့လေး တွေကိုင်ထားပြီး လူတတ်လုပ်နေကြတဲ့ လူတွေပေါ့။ ညှိပြီး တိုင်ပင်ကိုက်နေသလား၊ တိုင်ပင် ကိုက်လို့ ညီနေသလားတော့ မသိဘူး။ အတွင်းအပြင်ကွဲပေမဲ့ အလုပ်တာ့ ညီကြတယ်။ သူတို့က ရွေးကောက်ပွဲ ဆန့်ကျင်တယ်လို့ ယူဆရတဲ့ ခေါင်းဆောင်တွေကို ပစ်မှတ်ထား တိုက်ခိုက် ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်နဲ့ လူထုဦးစိန်ဝင်းတို့လို ဖက်ဆစ်စစ်အုပ်စုနဲ့ သူတို့ရဲ့ငရဲခန်းတွေကို မကြောက်မရွံ့ဘဲ မူပေါ်မှာ ကြံ့ကြံ့ခံနေတဲ့ အစဉ်အလာရှိတဲ့ ပုဂ္ဂိုလ်ကြီး တွေကို ကျားကိုခွေးဟောင်သလို ဟောင်နေကြတယ်။

ဒီနေရာမှာ အကြောင်းတိုက်ဆိုင်လို့ ဟီးရိုးပျက် ဇီးရိုးဖားလတက်တွေနဲ့ အဖြစ်တူ ငါးရာငါးဆယ်ဇာတ်တော်ထဲက ၀က်တကောင်အကြောင်း ပြောရအုံးမယ်၊ ဇာတ်တော်ကိုတော့ အတိအကျ မမှတ်မိတော့ပါဘူး။ သဘောသွားကတော့ တခါက တောအုပ်တခုမှာ ၀က် တကောင် ရွှံ့လူးနေတယ်။ အပုပ်ကြိုက်တဲ့ သတ္တ၀ါဆိုတော့ ရွှံ့ပုပ်ပဲနေမှာပေါ့။ ဒီအချိန်မှာပဲ ခြင်္သေ့တကောင် သူရှိရာကို ဗြုန်းကနဲ ရောက်လာတယ်။ ၀က်လဲ အတော်လန့်သွားတယ်။ ဒါပေမဲ့ ခြင်္သေ့က ၀က်ကိုဂရုမစိုက်ဘဲ ဒရောသောပါး ၀က်အပါးက ခွာသွားတယ်၊ ဒါကို ငရွှေဝက်က ခြင်္သေ့ကြီးက သူ့ကိုကြောက်လို့ ပြေးသွားတယ်လို့ ထင်သွားတယ်။ အသိခေါင်းပါး မိုက်မဲတဲ့ ဒီဝက်ဟာ အခြောက်တိုက်ဘ၀င်မြင့်ပြီး၊ ခြင်္သေ့ကြီးကို ဘယ်လိုမှ နားဝင်ပီယံ လည်းမဖြစ် သြဇာလည်းကင်းတဲ့ သူ့အသံနဲ့ ဟိန်းဟောက်သတဲ့၊ စိန်ခေါ်လေသတဲ့။ အခုဖားလတက် များလိုနေမှာပေါ့။ ဒီတော့ ခြင်္သေ့ကြီးက အသင်ဝက် ရှိနေတာကို ငါသိလည်းမသိ၊ မြင်လည်း မမြင်၊ ဂရုလည်းမစိုက်။ အခုချိန်မှာ ငါဂရုစိုက်နေတာ တောအုပ်တဖက်က ဆင်ရိုင်းတအုပ်ပဲလို့ ပြောသတဲ့။ ဒါတောင် ၀က်အန္ဓက ခြင်္သေ့ကြီးကို တကောင်ချင်းတိုက်ဖို့ စိန်ခေါ်ပြန်သတဲ့။ ဒီတော့ခြင်္သေ့ကြီးက အိုကေပေါ့။ အခုတော့အချိန်မရှိလို့ ဘယ်နေ့ဘယ်နေရာမှာ တိုက်ကြ မယ်လို့ပြောပြီး ထွက်သွားတယ်။

ဒီတင် ဘ၀င်ရူးဝက်အန္ဓဟာ ခြင်္သေ့ကြီးသူ့ကို ကြောက်ပြီး ပြေးသွားကြောင်း၊ ဘယ်နေ့မှာ တကောင်ချင်းတိုက်ဖို့ ချိန်းထားကြောင်း ကြွားလုံးထုတ်တော့ တာပေါ့။ မသိတဲ့ သတ္တ၀ါတွေကတော့ ၀က်အန္ဓကို အထင်ကြီးသွားကြတယ်၊ ခြင်္သေ့ကြီးကိုတောင် စိန်ခေါ် တယ်ပေါ့။ ဒါပေမဲ့ ဘုရားလောင်းပညာရှိ ယုန်မင်းနဲ့တွေ့တော့ ယုန်းမင်းက ခြင်္သေ့တွေရဲ့ အစွမ်းသတ္တိကို ပြောပြတယ်။ တချက်ချင်း ပြောပြောပြီး၊ မင်းမှာကောရှိသလား လို့မေးတယ်။ မရှိဘူး မရှိဘူးနဲ့ နောက်ဆုံးတော့ ခြင်္သေ့အစွမ်းသတ္တိကို သိပြီး အကြောက်ကြီး ကြောက်လာတယ်။ ယုန်မင်းကိုပဲ ကယ်ပါကူပါ ပူဆာတယ်။ ဒါနဲ့ ယုန်မင်းလည်း ဒီဝက်အန္ဓကို ငါကယ်မှဖြစ်မယ်ဆိုတဲ့ ဂရုဏာနဲ့ အကြံတခု ပေးလိုက်တယ်။ ၀က်အန္ဓလည်း ယုံမင်းပေးတဲ့ အကြံအတိုင်း ချိန်းတဲ့နေ့မှာ ခြင်္သေ့ကြီးနဲ့ သွားရင်ဆိုင်လေသတဲ့။ ဒါပေမဲ့ ခြင်္သေ့ကြီးက အဲဒီ ၀က်အန္ဓကို အနားတောင် ကပ်မခံဘူး ၀က် သူ့အနား ချဉ်းကပ်လာရင်ပဲ ရှောင်ခွာသွားတော့ သတဲ့။ အကြောင်းရင်းကတော့ ယုံမင်းပေးတဲ့အကြံက ကေသရာဇာခြင်္သေ့မင်းတို့ဟာ မစင်ဘင်ပုပ်ကို အလွန်စက်ဆုတ်ရွံရှာတယ်၊ ဒါကြောင့်ဝက်ကို မစင်ဘင်ပုပ်တွေ ကိုယ်လုံးပြည့်လူသွားဖို့ အကြံပေးတယ်။ ဒီလိုနဲ့ ၀က်အန္ဓလည်း သူတို့အကြိုက် မစင်ဘင်ပုပ် လူးသွားတာနဲ့ အသက်ချမ်းသာရာ ရသွားသတဲ့။ အခုလည်း ဖားလတက်ဇီးရိုးတွေ မစင်ဘင်ပုပ်ကျင်းတွေ ရှာထားဖို့ အကြံပေး လိုက်ပါတယ်။

ဇီးရိုးတွေ အထူးသဖြင့် အတွင်းအပြင်က လူတတ်လိုလို ပညာရှင်လိုလိုတွေ သိဖို့က ဗမာလူထုဟာ ဇီးရိုးဖားအပေါင်းလောက် နိုင်ငံရေးမညံ့ပါဘူး၊ အကင်းပါးပါတယ်။ ဟိုကျောင်း ဒီကျောင်းတွေမှာ ဖုံတက်စာအုပ်ကြီးတွေဖတ်ပြီး ဖီလစ်ပိုင်ကဘယ်လို၊ တောင်အာဖရိကတုံးက ဘယ့်နှယ်၊ အင်ဒိုနီးရှားမှာ ဘယ်သို့နဲ့ ကိုယ်နားလည်သလောက် သဘောတရား အတိုအစ လေးတွေနဲ့ မကိုက်တိုင်း လူထုက နိုင်ငံရေးစိတ်မ၀င်စားဘူး ကြောက်သလေးဘာလေး ပုတ် ခတ်မနေပါနဲ့ သမိုင်းတဖြတ်တည်းကို ကြည့်ပြီး မနှိုင်းယှဉ်ပါနဲ့။ ဗမာလူထုဟာ အိမ်နီးချင်း တိုင်းပြည်တွေထဲက ကြိုက်တဲ့ ပြည်သူတွေနဲ့ နိုင်ငံရေးရေချိန် နှိုင်းယှဉ်နိုင်ပါတယ်။ ဘယ်ခေတ် မှာကြည့်ကြည့် သူခေတ်နဲ့သူ တာဝန်သိခဲ့ကြတယ်၊ တာဝန်ကျေခဲ့ကြတယ်။ နယ်ချဲ့ဆန့်ကျင် ရေးခေတ်၊ အမျိုးသားလွတ်မြောက်ရေးခေတ်၊ လွတ်လပ်ရေးခေတ်၊ ပြည်တွင်းငြိမ်းချမ်းရေးတို့ နိုင်ငံတကာ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာ ကြည့်မလား၊ ဒေသတွင်းမှာ ထိပ်ဆုံးကရှိနေ ပါတယ်။

ပြဿနာရဲ့ အရင်းမူလဘူတက ဦးဆောင်အခန်းကဏ္ဍ ခြစားပျက်စီးမှုပဲ၊ ကိုလိုနီခေတ် ကစလို့ ဒီနေ့ခေတ်အထိ ဦးဆောင်မှု အခန်းကဏ္ဍကို စားဖားတွေနဲ့ ဖားစားသူတွေကပဲ ပုံစံအမျိုးမျိုးနဲ့ ကြီးစိုးချယ်လှယ် နေခဲ့ကြတယ်။ ပယောဂပူးကပ်တာလဲ ပါတာပေါ့။ ကျန်တာ မကြည့်နဲ့ အနီးကပ်ဆုံး ကျုပ်တို့ ပြည်ပလှုပ်ရှားမှုကိုပဲကြည့်။ ခေတ်သစ် မစ်ရှင်နရီ (Missionary) လို့ဆိုရမဲ့ အင်ဂျီအိုမြှောက်စားသူက သြဇာပေါက် ခေါင်းဆောင်ဖြစ်၊ တိုင်းပြည်ရဲ့ ပကတိအခြေအနေနဲ့ ကိုက်ကိုက် မကိုက်ကိုက် အထက်ဆရာကြီးတွေရဲ့ ဖော်နည်းကား မျိုးစုံနဲ့ တခုမဟန် တခုကြံ ရမ်းကုအပ်ပုန်းတွေလို ဗမာပြည်ပြဿနာကို အဖြေရှာ ကုစားရင်း အနှစ်၂၀ ကျော် ကုန်ခဲ့တယ်။ လက်တဆုပ်စာတော့ သူဌေးဖြစ်သွား ကြပြီး လူထုကတော့ ပိုတောင်ဖွတ်သထက်ညစ်သွားခဲ့ရတယ်။

ဗမာလူထုဟာ အင်္ဂလိပ်လို အပျော့ဆွဲ ပါးပါးလှီးတဲ့ ကိုလိုနီအောက်မှာလည်း နေဖူးတယ်၊ အတုံးအတစ်လိုက် ခုတ်ထစ်တဲ့ ဂျပန်ဖက်ဆစ်အောက်မှာလည်း နေဖူးတယ်၊ နောက် ကယ်တင်ရှင်တဖြစ်လဲ အသွင်မတူ ရန်သူဆိုတဲ့ ဖဆပလ ဆိုရှယ်လစ်တွေ အောက်မှာ လည်း နေဖူးတယ်။ အခုနောက်ဆုံး အကြမ်းဆုံး အရမ်းဆုံး အယုတ်ကန်းဆုံး စစ်အုပ်စု အောက်မှာ နေနေရတယ်။ အတွေ့အကြုံတွေ များလှပေါ့။

ဘယ်ခေတ်မှာ ကြည့်ကြည့် လူထုဟာ သူ့ကဏ္ဍရောက်လာရင် တာဝန်ကျေခဲ့ကြတယ်၊ ဖေါက်ပြန်တဲ့ အုပ်စိုးသူ အဆက်ဆက်ကို ရဲရဲရင့်ရင့် အကင်းပါးပါးနဲ့ ဆုံးမခဲ့ကြတယ်။ ဗမာလူထုရဲ့နိုင်ငံရေး အကင်းပါးမှုကို ၁၉၆၀ပြည့်နဲ့ ၁၉၉၀ပြည့် ရွေးကောက်ပွဲတွေကြည့်ရင် သိနိုင်တယ်။ စစ်ဝါဒကို တိုက်ဖို့ ၁၉၆၀မှာ ဦးနုကို မဲပေးခဲ့ကြပေမဲ့ ၁၉၉၀ကြတော့ စစ်အုပ်စုကို တကယ်တိုက်နိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခဲ့ကြတယ်။ ၆၀ခု သူရဲကောင်း ဦးနုကို မဲမပေးကြတော့ဘူး၊ ၁၃၀၀ ပြည့် အရေးတော်ပုံနဲ့ ၁၃၅၀ ပြည့် (ရှစ်လေးလုံး) အရေးတော်ပုံတွေက ဗမာလူထုရဲ့ သမိုင်းတာဝန်သိမှုနဲ့ ကျေပွန်မှုကို သက်သေထူနေတယ်။ လူထုဟာ တိုင်းပြည်နဲ့လူမျိုးကို ချစ်ပြီး စေတနာမှန်တဲ့ ခေါင်းဆောင်တွေနောက်ကို လိုက်ဖို့ဝင်မလေးပါဘူး။ ၂၀၀၂/၂၀၀၃ တုန်းက ဒေါ်စုရဲ့ပြည်တွင်းစည်းရုံးရေးခရီးစဉ်တွေမှာ အထင်အရှားပြခဲ့တယ်။ ဒါတွေကို မမြင်နိုင်ဘူးဆိုရင် အဲဒီပုဂ္ဂိုလ်ရဲ့အမြင်ဟာ အတ္တ လောဘတွေ၊ မောဟတွေ ပိတ်ဖုံးနေတာ ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် အဲဒီပုဂ္ဂိုလ်ရဲ့ အရိုးအရေတွေထဲမှာ ငပိဓာတ် ကုန်ခန်းပြီးတော့ ထောပတ်လေချဉ် တက်တာပဲ ဖြစ်ပါလိမ့်မယ်။

ဟီးရိုးပျက် ဇီးရိုးအပေါင်းကို ဗမာလူထုရဲ့ သမိုင်းနဲ့ချီပြီး ဆုံးမတတ်တဲ့ နိုင်ငံရေးကို ပြောရအုံးမယ်။ ဗမာလူထုဟာ ပြည်သူကို အကျိုးပြုခဲ့တဲ့ စေတနာထားခဲ့တဲ့ ခေါင်းဆောင် သို့မဟုတ် အုပ်ချုပ်သူတွေ၊ ပြည်သူပေါ်မှာ ရက်စက်ကြမ်းကြုတ် အမြတ်ထုတ်ခဲ့သူတွေကို ကောင်းရင် ကောင်းတဲ့အလျောက် ဆိုးရင်ဆိုးတဲ့အတိုင်း နောက်နှောင်းလူတွေအထိ သိအောင် တံဆိပ်ကပ်ပြီး ချီမွန်းခြေကျောက် ဆုံးမတတ်တယ်။ ပြည်သူအပေါ်မှာ အကျိုးပြုခဲ့တဲ့ အနော်ရထာကို နော်ရထာစောလို့ ခေါ်သလို ကျန်းစစ်သားကို မင်းကျန်စစ် လို့ ချစ်ကြည်လေးမြတ်ခေါ်တယ်၊ ဦးအောင်ဇေယျကို အလောင်းမင်းတရားရယ်လို့ တံဆိပ်ကပ် ချီးမြှောက်ကြတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ နရသူကိုတော့ ကုလားကျ သို့မဟုတ် စလေငခွေးလို့ တံဆိပ်ကပ် ခြေကျောက်တယ်။ ညံ့ဖျင်းတဲ့ သီပေါကိုတော့ မဒရပ်ပါမင်းလို့ ကဲ့ရဲ့သမုတ်ကြတယ်။ ဒီလိုပဲ နိုင်ငံလုံးမကျော်ပေမဲ့ လူထုအကြားမှာ စွဲထင်နေတဲ့ ဟီးရိုးနဲ့ ဇီးရိုးပုံရိပ်တွေဟာ ဗမာပြည်အနှံ့ ဒေသတိုင်းမှာ ရှိနေတယ်။ ကြုံကြိုက်တဲ့ အခါတိုင်းမှာလည်း ဟီးရိုးတွေကို ချီးမြှောက်လို့ ဇီးရိုးတွေအကြောင်း ကဲ့ရဲ့ခြေကျောက် နေကြတယ်။ မျိုးဆက်တွေ တခုပြီးတခု လက်ဆင့်ကမ်း သွားကြအုံးမှာလည်း ဖြစ်တယ်။

ကျုပ်တို့ခေတ်နဲ့ အနီးဆုံး နမူနာကတော့ ပမညတခေါင်းဆောင် သခင်ချစ်မောင် ဖြစ်တယ်။ သူ့အဖြစ်ကတော့ လူတယောက်ထဲရဲ့လုပ်ရပ်ကိုပဲ လူထုက အကောင်း အဆိုးအလိုက် ချီးမွမ်းခြေကျောက် ကြတာပါ၊ ၁၉၅၈ ၀င်ဒါမီယာ အာဏာသိမ်းမှုကြီးကို ဦးနုက ပါလီမန်မှာ တင်တော့ သခင်ချစ်မောင်က ၀ိဒူရဇာတ်တော်နဲ့ ပမာဆောင်ပြီး အာဏာသိမ်းမှုကို ကန့်ကွက်ပါတယ်။ ပါလီမန်မှာ သူရှုံးပါတယ်၊ လူထုနှလုံးသားကိုတော့ အောင်နိုင်ပါတယ်။ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ သူ့ရဲ့ကောင်းမှုကို လူထုက ၀ိဒူရသခင်ချစ်မောင် ရယ်လို့ ဘွဲ့တပ် ချီးမြောက်ကြပါတယ်။ ဒါပေမဲ့ ၁၉၆၂ ခုနှစ် အာဏာသိမ်းတာကိုကြတော့ သခင်ချစ် မောင်က ဆိုရှယ်လစ်စနစ်ကိုသာ သွားမယ်ဆိုရင် ခွေးကတက်ကပဲ လိုက်ရလိုက်ရလို့ ထောက်ခံမိတဲ့အတွက် ၀ိဒူရဘွဲ့ပျောက်ပြီး ခွေးကတက်ချစ်မောင်လို့ ကဲ့ရဲ့တံဆိပ်ကပ်ပြီး လူထုက ခြေကျောက်ကဲ့ရဲ့ဆုံးမလိုက်ပါတယ်။

ဒါ သတိချပ်စရာ သိမှတ်ဖွယ်ရာ ဗမာပြည်သူတွေရဲ့ လူထုနိုင်ငံရေး အကြောင်း တစေ့ တစောင်းပါပဲ။ အခုချိန်မှာ စားဖားလား ဖားစားသူလား မကွဲပြားတော့တဲ့ ဟီးရိုးပျက် ဇီးရိုးများသိဖို့က ဖားတွေရဲ့လားရာဟာ နှစ်လမ်းပဲ ရှိပါတယ်။

တလမ်းက တုတ်စာ။
တလမ်းက မြွေစာ။

ဒါပဲ။

ရဲဘော်ကျော်သန်း
၂၉.၁.၂၀၁၀။
Kyaw_than2004@yahoo.com
Kyaw_t@hotmail.com

ဆက်ဖတ်ရန် ....

ဘာသာရေးခုတုံးလုပ် နိုင်ငံရေးအမြတ်ထုတ်မယ့် ပွဲလေလား

အခုတလော forward mail တွေမှာ ဘာသာရေးနဲ့ဆိုင်တဲ့ mail တွေ ၀င်ဝင်လာတာမှာ သတိထားစရာလေးတွေ တွေ့မိပါတယ်။

ဒီလိုမေးလ်မျိုး ဟိုးအရင်ကလည်း ၀င်လာဖူးပါတယ်။ အဲ့ဒီတုန်းကတော့ ဗုဒ္ဓဘာသာနဲ့ မူစလင် ဘာသာ နှစ်ခုကို ရန်တိုက်ပေးတဲ့ သဘောမျိုးဆောင်တဲ့ မေးလ်တွေ၊ မူစလင်က မကောင်းဘူး ဘာညာစသဖြင့် မူစလင်ဘာသာကိုပဲ လေ့လာထားတဲ့သယောင်ယောင် သေသေချာချာ သိလေသယောင် နဲ့ ပုတ်ခတ်တဲ့ အဲ့ဒီစာတွေ အကြောင်းအရာတွေ မေးလ်တွေထဲပြန့်လာတဲ့ အချိန်ဟာ ရိုဟင်ဂျာနဲ့ မြန်မာ့အရေးကို နိုင်ငံတကာက အာရုံစိုက်နေတဲ့ အချိန်တွေနဲ့ တိုက်ဆိုင်နေပါတယ်။

အခု ရိုဟင်ဂျာ ကိစ္စ နည်းနည်း ငြိမ်သွားတဲ့အချိန်မှာ အဲ့ဒီ ပိုစ့်တွေ မေးလ်တွေကို သိပ်မတွေ့ရတော့ပဲ ဒီတခါမှာတော့ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန် ဘာသာ နှစ်ခု နှိုင်းယှဉ်ချက် ဆိုပြီးတော့ တဖက်ဘာသာကို သာသာထိုးထိုး နှက်ဆော်ထားတဲ့ အရေးအသားမျိုးနဲ့ စာတွေကို တွေ့ရပြန်ပါတယ်။

တကယ်တော့ ...


အဲ့ဒီပို့စ်တွေ စာတွေကို ရေးသားတဲ့သူဟာလည်းပဲ တကယ်တန်းမှာ ခရစ်ယာန်ဘာသာကို ထဲထဲဝင်ဝင် လေ့လာထားဟန် မရှိပါဘူး။ သူလိုရာကိုပဲ ဆွဲရေးပြီးတော့ ရန်တိုက်တဲ့ သဘောပဲ ဆောင်နေပါတယ်။ ဒါတင်မကသေးပါဘူး။ အဲ့ဒီ စာရေးသူဟာ ဗုဒ္ဓဘာသာကိုလည်း သေချာလေ့လာထားဟန် မရှိသလို ဗုဒ္ဓရဲ့တရားတော်တွေရဲ့ အနှစ်သာရ အစစ်အမှန်ကို သိဟန်မတူပါဘူး။

ဒီလိုပဲ တဖက်မှာလည်း ဗုဒ္ဓဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာကို ချိုးနှိမ်တဲ့အရေးအသားတွေနဲ့ ဘလော့ဂ်တခု ပေါ်လာနေပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဟာလည်း အဲ့ဒီဘလော့ဂ်ကို ပိတ်ပေးဖို့ Google ကို တိုင်ကြားဖို့တွေ လုပ်ကြတာတွေ၊ အဲ့ဒီ ဘလော့ဂ်ကို လက်ဆင့်ကမ်းပေးဖတ်ကြ၊ စိတ်ဆိုးကြ၊ စာတွေ အပြန်အလှန်ရေးကြနဲ့ ဖြစ်နေပြန်ပါတယ်။

ဒီဟာတွေ အားလုံးကို သေချာ ခြုံငုံ လေ့လာကြည့်မယ်ဆိုရင် တစုံတယောက် ဒါမှ မဟုတ် အသင်းအဖွဲ့ တခုခုက ရည်ရွယ်ချက် ရှိရှိနဲ့ ဘာသာရေး ပဋိပက္ခတွေ ဖြစ်အောင် နောက်ကွယ်ကနေ ဖန်တီးနေတယ်ဆိုတာ သိသာထင်ရှားလွန်းပါတယ်။

အရင်တုန်းက ကျမတို့ ကျောင်းမှာ သင်ရတဲ့ သမိုင်းတွေထဲမှာ ကိုလိုနီခေတ်တုန်းက အင်္ဂလိပ်အစိုးရက ကျောင်းသားတွေ သပိတ်မှောက်မှာကို အာရုံပြောင်းချင်တော့ “မော်လ၀ီနဲ့ ယောဂီ” ဆိုတဲ့ စာအုပ်ကို တမင်ထုတ်ဝေခွင့်ပေးလိုက်ပြီး ဘာသာရေး အဓိကရုဏ်းကို ဖန်တီးခဲ့ပါတယ်။ အဲ့ဒီလို လုပ်လိုက်တဲ့အတွက် အခိုက်အတန့်တော့ သူတို့ကို ပြန်တော်လှန်မယ့်လုပ်ငန်းစဉ်တွေကို အာရုံလွှဲပြောင်း တားဆီးခဲ့ပါတယ်။

အခုနောက်ပိုင်း လူငယ်လေးတွေတော့ ဒီအကြောင်းကို ကျောင်းက သမိုင်းသင်ခန်းစာမှာ သင်ရသေးရဲ့လား မသိပါဘူး။
လက်ရှိအခြေအနေမှာလည်း အာဏာကို မတရားသဖြင့် လက်ကိုင်အမြဲစွဲထားလိုတဲ့ လူတစုဟာ သူတို့ အုပ်ချုပ်နေခဲ့တဲ့ ကာလအဆက်ဆက်မှာ သူတို့ကို ပြန်တော်လှန်မယ့်အခြေအနေဖြစ်လာတိုင်း၊ သူတို့ ကျဆုံးတော့မယ့် လမ်းစအခြေအနေ ပေါ်ပေါက်လာတိုင်း အလားတူ ဘာသာရေး အဓိကရုဏ်းတွေကို ဖန်တီးတဲ့ သာဓကတွေ အများကြီးရှိပါတယ်။

လွတ်လပ်ရေး ရပြီးကတည်းက ဖြတ်သန်းခဲ့သမျှ သမိုင်းတလျှောက်လုံးကို ကြည့်ရင် ဖြစ်ခဲ့တဲ့ ကုလား-ဗမာ အရေးအခင်းဆိုတဲ့ မူစလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ခဲ့တဲ့ ပြဿနာတွေ အားလုံးရဲ့ နောက်ကွယ်မှာ ဒီလိုလူတစုက ရှိနေတာကို တွေ့ရပါတယ်။ အဲ့ဒီလိုဖြစ်ပြီးတိုင်းမှာလည်း တနှစ်ခွဲ နှစ်နှစ်လောက် ကာလအတွင်းမှာ အခြားသော လူထု လှုပ်ရှားမှုတွေ မဖြစ်လာပဲ စစ်အစိုးရအဖို့ အေးအေးဆေးဆေး နေနိုင်နေတာကို တွေ့ရပါမယ်။

စစ်အစိုးရဟာ သူတို့မှာ အကြပ်အတည်းတခုခု ရှိလာပြီ၊ သူတို့အပေါ် လူထုက တအား အာရုံထားလာပြီဆိုရင် လူထုကို အာရုံလွှဲပြောင်းအောင် တမျိုးမျိုးတော့ ရှာဖွေကြံဖန် လုပ်နေတာ သာဓကတွေ အများကြီးပါ။

ဒီကိစ္စတွေကို ရင့်ကျက် ပြည့်ဝတဲ့ လူကြီးတွေ၊ ဘာသာပေါင်းစုံက ဆရာသမားကြီးတွေ အကုန်လုံး သိကြပါတယ်။ အဲ့ဒီလို ဘာသာရေး ပြဿနာတွေဖြစ်တိုင်းဖြစ်တိုင်း ပြဿနာရဲ့ အရင်းအမြစ်မှာ စိတ်မြန်လက်မြန်ဖြစ်တဲ့ လူငယ်လေးတွေက စတာကို တွေ့ရပါတယ်။ ဘာလို့ဆိုတော့ လူကြီးတွေဆိုတာ အတွေ့အကြုံတွေများတယ်၊ ဗဟုသုတတွေများတယ်၊ ဒီတော့ တယောက်ယောက်က ရန်တိုက်စကားပြောလာရင် စဉ်းစဉ်းစားစား တုံ့ပြန်ကြတော့ ပြဿနာမီးမွှေးဖို့ မလွယ်ကူပါဘူး။

ဒီ့အတွက် ပြဿနာ ဖြစ်စေလိုတဲ့သူတွေက သွေးဆူလွယ်တဲ့ လူငယ်ထုကို အရင်ဆုံး အသုံးချပြီး မီးမွှေးပါတယ်။ အဲ့ဒီ မီးစ တောက်လောင်လာပြီဆိုမှ တဖြည်းဖြည်းနဲ့ ကျန်တဲ့သူတွေကို ပါဝင်စေပါတယ်။ အဲ့ဒီလို ပြဿနာက အကြီးကြီး ဖြစ်လာပြီ ဆိုရင်တော့ အစောက ပြဿနာ အစဖော်ပေးတဲ့သူတွေဟာ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ပါတယ်။

ဖြစ်ခဲ့တဲ့ ဘာသာရေး အဓိကရုဏ်းတွေမှာ ပြဿနာ စရှာတဲ့သူတွေကို အာဏာပိုင်တွေက လုံခြုံရေးတွေ ပေးထားတာ၊ ခနလေး အဖမ်းပြပြီးတော့ တနေရာမှာ ပြန်ပြီးဖွက်ထားပေးတာ၊ အဲ့ဒီသူတွေကို ငွေကြေးအလုံအလောက်ပေးတာတွေ သက်သေ သာဓကတွေ အများကြီးရှိခဲ့ပါတယ်။

“မော်လ၀ီနဲ့ ယောဂီ” က စပြီး ရန်စရှိခဲ့တဲ့ ဘာသာ ၂ခုကို ရန်တိုက်ပေးဖို့ရာက လွယ်ကူနေတော့ ဒီဘာသာ ၂ခုကိုပဲ တိုက်တိုက်ပေးလာတာ အတော်ကြာပါပြီ။ ဒါပေမယ့် အခုအချိန်မှာ နှစ်ဘက် ဘာသာတွေက လူကြီးတွေ၊ ဆရာသမားတွေဟာ အကြံပက်စက်တဲ့ သူတွေရဲ့ ပြဿနာ ဖော်ပေးတတ်တဲ့ အကြံအစည်ကို သိလာမြင်လာတဲ့အခါမှာ အဲ့ဒီလူတွေအဖို့ ပြဿနာ မီးထွန်းရှာဖို့ အနည်းငယ် ခက်ခဲလာပါတယ်။

ရိုဟင်ဂျာကိစ္စဖြစ်တုန်းက အဲ့ဒါကို အခွင့်ကောင်းယူပြီး မူစလင်နဲ့ ဗုဒ္ဓဘာသာ ပြဿနာဖြစ်အောင်လုပ်တယ်။ ဒါပေမယ့် ဖြစ်မလာခဲ့ဘူး။

ဒီတော့ အရင်က ဘာမှ ရန်ငြိုးရန်စ မရှိပဲ အေးအေးချမ်းချမ်း ချစ်ချစ်ခင်ခင် နေလာခဲ့တဲ့ ခရစ်ယာန်ဘာသာဖက်ကို လှည့်လာပြန်ပါတယ်။

ဒီ့ထက် ပိုပြီး ရှုပ်ထွေးအောင်လို့ ဗုဒ္ဓဘာသာကို စော်ကားပြန်တဲ့ အကြောင်းအရာတွေကို ဖန်တီးပြန်ပါတယ်။
ဒီမှာတင် ဘာသာအယူအဆ ကွဲလွဲတဲ့ လူငယ်တွေကြားထဲမှာ အခြေအတင် ငြင်းကြခုန်ကြ၊ စကားတွေများကြ၊ ဆဲကြဆိုကြနဲ့ ရှုပ်ထွေးမှုတွေ စဖြစ်လာနေပါပြီ။

လူငယ်တွေ သေချာ စဉ်းစားကြည့်ကြပါ။ ပြည့်ဝ ကြပါ။ အသိတရား ရှိကြပါ။ လေ့လာပါ။ နိုင်ငံရေးကို နားမလည်ဘူး၊ မသိဘူး၊ ကိုယ်နဲ့ မဆိုင်ဘူးဆိုပြီး မနေကြပါနဲ့။ နိုင်ငံရေးဆိုတာ ဒို့အရေးလို့ အော်နေမှ၊ အစိုးရ မကောင်းကြောင်းပြောနေမှ၊ အစိုးရကို ဆန့်ကျင်နေမှရယ်လို့ မဟုတ်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်တိုင်းပြည်မှာ ဘာတွေဖြစ်ခဲ့လဲ၊ ဘာတွေဖြစ်နေလဲဆိုတာကို လေ့လာဆင်ခြင်ကြည့်ဖို့ လိုပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့ အရေးအရာတွေ အားလုံးဟာ အနည်းနဲ့ အများ ကိုယ့်ကို၊ ကိုယ့်မိသားစုကို ရိုက်ခတ်လာနေတာ ချည်းပါပဲ။

အခုဆိုရင် အစိုးရက ရွေးကောက်ပွဲ လုပ်ဖို့ ရှိနေတယ်။ ဒီရွေးကောက်ပွဲကို အလိုရှိသူ မရှိသူတွေနဲ့ဖြစ်နေတယ်။ အစိုးရက ရွေးကောက်ပွဲကို တရားမျှတမှုရှိအောင် လုပ်မယ်ပြောတာကို ဘယ်သူကမှ မယုံကြဘူး။ ဒီလိုမယုံတဲ့အတွက် ဆန့်ကျင်တဲ့သူကများနေတယ်။ ဆန့်ကျင်တဲ့သူ များတဲ့အတွက် အစိုးရက သူ့ကို ပုန်ကန်မှာ၊ တော်လှန်မှာကို စိုးရိမ်နေတယ်။
နောက်တခုက သူတို့တွေဟာ နိုင်ငံရေး အရ လူထုရဲ့ အာရုံကိုပြောင်းပြီး သူတို့လည်း နာမည်ကောင်း ၀င်ယူရအောင် တချက်ခုတ် နှစ်ချက်ပြတ် အနေနဲ့ တခုခု လုပ်မှာပါပဲ။

၅၀၀၀ တန်တွေထုတ်တယ်၊ လစာတွေတိုးပြီး ကုန်ဈေးနှုန်း မငြိမ်အောင်လုပ်မယ်။ ဒီ့အပြင် အရင်ကလိုပဲ သူဖန်တီးနေကျ အထိရောက်ဆုံး လက်နက်ဖြစ်တဲ့ ဘာသာရေး အဓိကရုဏ်းကို ဖန်တီးပါမယ်။ ဒီလိုဖန်တီးတဲ့နေရာမှာ စဉ်းစားတွေးခေါ်မှုနဲ့ ဗဟုသုတ ကြွယ်ဝပြီး အတွေ့အကြုံ ရင့်ကျက်တဲ့လူကြီးတွေကို ဦးတည်ပြီး မဖန်တီးပါဘူး။ အခုအချိန်ကာလက အင်တာနက် အီးမေးလ်ဆိုတာ လူငယ်တွေရဲ့ လက်သုံးဖြစ်နေတော့ အဲ့ဒီ အင်တာနက် အီးမေးလ်တွေကို အသုံးချပြီး လူငယ်တွေရဲ့ စိတ်မြန်မှု၊ သွေးဆူမှုတွေကို အသုံးချပါမယ်။ ဒါတွေဟာ အရမ်းကို ထင်သာမြင်သာ ရိုးရှင်းတဲ့ လုပ်ရပ်တွေပါပဲ။

အခုဖတ်နေရတဲ့ ဘာသာရေး စော်ကားတဲ့ စာတွေကို အပေါ်ယံ ဖတ်လိုက်ရင်တော့ “ဟာ ဟုတ်သားပဲ” “ဟုတ်မှာပဲ” ဆိုပြီး ဟုတ်သလိုလို ထင်ယောင်မှားတာတွေေ၀၀ါးတာတွေ ဖြစ်သွားမှာပါပဲ။ ဒါပေမယ့် သေချာ လေ့လာကြည့်ရင် အဲ့ဒီ စာရေးတဲ့သူ/ သူတွေဟာ သူစော်ကားပြောဆိုနေတဲ့ သူစော်ကားလိုတဲ့ ဘာသာတခုကို သေသေချာချာ ဂဃနဏ လေ့လာသိကျွမ်းနားလည်တဲ့သူ မဟုတ်ဘူးဆိုတာ တွေ့ရမှာပါ။

ဘာသာတရားရဲ့ အဆုံးအမနဲ့ တည်ငြိမ်ရင့်ကျက်တဲ့သူတယောက်ဟာ သူတပါးဘာသာကို စော်ကားမှာ မဟုတ်သလို၊ ဝေဖန်ပြစ်တင် စော်ကားတာမျိုးကိုလည်း ရှောင်ကြဉ်ကြသလို၊ ကိုယ့်ဘာသာကိုလည်း စော်ကားမခံရအောင် ကိုယ့်ရဲ့အနေအထိုင် အကျင့်တရားတွေနဲ့ Action Speaking နဲ့ စောင့်ထိန်းကြပါတယ်။ ကိုယ့်ကို စော်ကားမော်ကား လုပ်လာရင်လည်း ဥပေက္ခာထားသင့်တဲ့အရာကို ဥပေက္ခာတရား လက်ကိုင်ထားပြီး ရင်ဆိုင်ကျော်ဖြတ်ကြပါတယ်။

ကျမတို့ မြန်မာလူငယ်လေးတွေရဲ့ လေ့လာစူးစမ်းစိတ်နဲ့ ဗဟုသုတ နည်းပါးတဲ့ အားနည်းချက်က ပြဿနာရှာလိုသူတွေရဲ့ အသုံးချစရာ လက်နက်ဖြစ်သွားနိုင်ပါတယ်။ များသောအားဖြင့် လူငယ်လေးတွေဟာ (တခါတလေ လူကြီးတွေလည်း ဒီလိုပါပဲ) ကိုယ့်မေးလ်ထဲ ရောက်လာတဲ့ စာတစောင် ပို့စ်တခုကို သေချာမဖတ် မလေ့လာပဲ၊ လက်ညိုးလေး တချက်ကွေးပြီး Forward ဆိုပြီး လုပ်လိုက်တာပဲ။

ကိုယ်ကိုယ်တိုင်ဖတ်မိတဲ့စာကိုလည်း ကျိုးကြောင်းမစဉ်းစားပဲ ဒေါသရှေ့ထားတွေးထင်တာ၊ ဒေါသ ရှေ့ထားပြီး သုံးသပ်လိုက်တာတွေဟာ မှားယွင်းတဲ့လမ်းကို ရောက်သွားစေပါတယ်။ တပါးသူရဲ့ လှည့်ကွက်ထဲကို ရောက်မှန်းမသိ ရောက်သွားတတ်ပါတယ်။

ကိုယ်ပို့လိုက်တဲ့ မေးလ်တစောင်၊ ပို့စ်တခုရဲ့ အတိမ်အနက်၊ အဲ့ဒီထဲက စာတွေရဲ့အဓိပ္ပါယ်နဲ့ ရည်ရွယ်ချက်၊ ဒီစာကို Forward လုပ်လိုက်လို့ စာကိုရတဲ့သူ စာကို ဖတ်လိုက်ရတဲ့သူမှာ ဘယ်လို အကျိုးကျေးဇူး ရှိမလဲ၊ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိသွားမလဲ၊ ဥပေက္ခာ (Neglect) ပြုစရာရှိ ဥပေက္ခာပြုထားရမယ်ဆိုတာမျိုးတွေကို အရင်စဉ်းစားဖို့၊ စဉ်းစားတတ်ဖို့ သိပ်ကို အရေးကြီးပါတယ်။

ပျော်စရာ ရယ်ရွှင်စရာ ပုံလေးတွေ စာလေးတွေ forward လုပ်ကြလို့ တဖက်သားကိုလည်း အပျော်လေးတွေ ကူးစက်သွားရသလို ကိုယ် မဆင်မခြင် ပို့လိုက်တဲ့ စာတစောင်ကြောင့် ပဋိပက္ခတွေလည်း ဖြစ်သွားနိုင်တယ်ဆိုတာကို အလေးအနက်ထား စဉ်းစားကြစေလိုပါတယ်။

အနာဂတ်လူငယ်လေးတွေ ပညာပြည့်ဝ နှလုံးလှနိုင်ကြပါစေ။

အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

Friday, January 29, 2010

တိုးချဲ့စီအီးစီ နှင့် လာတော့မည့်စီစီအသစ်

ရန်ငြိမ်းအောင်(လူငယ်)ပေးပို့သည်


အင်အားတိုးချဲ့ပြင်ဆင်ဖွဲ့စည်းလိုက်သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စီအီးစီအသစ် နှင့်ပတ်သက်၍ ပြည်သူလူထုကြားတွင်ဝေဖန်မှုမရှိသကဲ့သို့စိတ်ဝင်စားမှုလည်းသိပ်မရှိကြပါ။ သို့သော် အဖွဲ့ချုပ်အတွင်းလှုပ်ရှားနေသူများ၊ အဖွဲ့ချုပ်နှင့်နီးစပ်သောပတ်ဝန်းကျင်တွင်တော့၊ အမျိုးမျိုးပြောနေသံများကြားရပါသည်။ “ဘာမှမထူးပါဘူး၊ အသစ်ပါလာတဲ့သူတွေကလဲ အစ ကလုပ်နေကျအလုပ်တွေဘဲ လုပ်နေတာဘဲ၊ အရင်လူဟောင်းတွေကလဲ ဒီအခန်းထဲမှာထိုင်ပြီး ဒီအတိုင်းပါပဲ” ဟူသောဝေဖန်ချက်မှာ မှန်သလောက်မှန်ပါသည်။

သို့ သော်..


ပြင်ဆင်ဖွဲ့ စည်း ထားသောစီအီးစီဧ။်ပထမဆုံးသောအစည်းအဝေးတွင် စီစီ(ဗဟိုဦးစီးအဖွဲ့ ) ကိုပြန်ဖွဲ့ ရန် တိုင်း၊ ပြည်နယ်စည်းကော်မတီများထံမှ၎င်းတို့ အားကိုယ်စားပြုမည့်သူ(nominee)များတောင်းတော့ မည်ဟုဆွေးနွေးဆုံးဖြတ်ခဲ့ခြင်းမှာတော့ ၁၉၉၈မှစ၍ တခါမှမကြားဘူးသောအသံကိုကြားရခြင်း ဖြစ်၍၊ အဖွဲ့ ချုပ်အတွင်းလှုပ်လှုပ်ရှားရှားဖြစ်လာရပါသည်။ ထိုအစည်းအဝေးတွင်ပင်စည်း ကမ်းထိန်းသိမ်းရေးအရအရေးယူရန်ရှိသည့်ကိစ္စများကို စည်းရုံးရေးနည်းအရဖြေရှင်းရန်ဆွေး နွေးကြသည်ဟုကြားရပြန်သောအခါ၊ စီအီးစီဧ။် ယခင်ကလုပ်ဟန်များပြောင်းလာသလိုလို ထင်ရပါသည်။

စီအီးစီ-စီစီဘယ်လိုပင်ဖွဲ့ ဖွဲ့ တကယ်အရေးကြီးသောဆုံးဖြတ်ချက်ကိုတော့ဆုံးဖြတ်လို့ ရအုံး မည်မဟုတ်သေးပါ။အဖွဲ့ ချုပ်မည်သို့  ဆက်လက်ရပ်တည်မည်၊ မည်သည့်ပုံစံဖြင့် ဆက်လက် လှုပ်ရှားမည်ဆိုသည်တို့ မှာ၊ န-အ-ဖကယခုနှစ်အတွင်းလုပ်မည်ဆိုသောရွေးကောက်ပွဲတွင် ၀င်မ၀င်ဆိုသည်နှင့်ဆက်စပ်နေပါသည်။ အဖွဲ့ ချုပ်ကစွဲကိုင်ထားသောရွှေဂုံတိုင်ကြေညာစာ တမ်းအရလည်း ပါတီမှတ်ပုံတင်ဥပဒေ၊ ရွေးကောက်ပွဲဥပဒေများမထွက်သေးဘဲ၊ ထွက်သည့်တိုင် အောင်လည်း၊ တွေ့ ဆုံဆွေးနွေးပွဲမဖြစ်ဘဲ၊ ၂၀၀၈အခြေခံဥပဒေကိုမပြင်ဘဲ၊ နိုင်ငံရေးအကျဉ်း သားများကိုလွှတ်မပေးဘဲ၊ ၀င်ဖို့ ဆုံးဖြတ်ရန်မဖြစ်နိုင်သေးပါ။

အဖွဲ့ ချုပ်အဖွဲ့ ဝင်အများစုက-ရွှေဂုံတိုင်မူကိုယုံကြည်ထောက်ခံပါသည်ဟုဆိုနေကြသော်လည်း၊ ရွေးကောက်ပွဲဝင်ရေး မ၀င်ရေး ဆုံးဖြတ်ချက်ကိုပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချဖို့အချိန် ကျနေပြီဟုယူဆနေကြသည်။ ပြည်တွင်းမှာရောပြည်ပမှာပါအဖွဲ့ချုပ်ကိုထောက်ခံနေသူအား လုံးလိုလိုကလည်း၊ဆုံးဖြတ်ချက် မြန်မြန်ကျပြီး မ၀င်ဖြစ်ပါက ဘယ်လိုဖြစ်လာမည်၊ ဘယ်လို လုပ်ရမည်ဟုသော်လည်းကောင်း၊ ၀င်ဖြစ်ရင်ဘယ်ရည်ရွယ်ချက်နဲ့ဘယ်အဆင့်တွေမှာဘယ် လိုဝင်ကြမှာလဲဟူသောကြိုတင် ပြင်ဆင်မှုများလုပ်ရတော့မည်ဟုဆိုသံများကိုကြားနေရပါပြီ၊ မှန်လည်းမှန်ပါသည်။ တွေ့ ဆုံ ဆွေးနွေးရေးဆိုသည်မှာကလည်း အစအနပင်မမြင်၊ ဖွဲ့စည်းပုံ ကိုဘယ်လိုမှမပြင်ဟုအထပ်ထပ် ဆိုနေသည့်အခါတွင်၊ နိုင်ငံရေးအကျဉ်းသားအားလုံးကိုပြန် လွှတ်ပေးပြီး၊ ရွေးကောက်ပွဲဝင်ခွင့် ပြုလျှင်သော်မှဝင်ဖို့ ဆုံးဖြတ်ရန်အလွန်ခက်ပါလိမ့်မည်။

ဤလိုအချိန်မျိုးတွင်အဖွဲ့ ချုပ်စီအီးစီကိုပြင်ဆင်ဖွဲ့ စည်းခြင်း၊ စီစီအသစ်ပြန်လည်ဖွဲ့ စည်းခြင်းတို့  သည် ဘယ်သူတွေဘယ်လောက်ပါသည်ဆိုသည်ထက်၊ ဘယ်လိုဆုံးဖြတ်တွေကိုချပြီး၊ဘာ တွေကိုဘယ်လိုလုပ်ဖို့ ဖွဲ့ စည်းခြင်းဖြစ်သည်ဟူသောတိကျသည့်ဦးတည်ချက်ရှိရန်လိုနေပါသည်။

ရန်ငြိမ်းအောင်(လူငယ်)


အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

(စပေ့စ်) Space

ရန်ငြိမ်းအောင်(လူငယ်)ပေးပို့သည်

စပေ့စ်သို့ မဟုတ်ခွင်ဟူသောစကားလုံးသည်ယခုအခါ တွင်ကျယ်လာပါသည်။ ၂၀၁၀ရွေး ကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအပြီးတွင်၊ ၂၀၀၈ဖွဲ့ စည်းပုံအရ၊ နိုင်ငံရေးလှုပ်ရှားမှုများကို လွတ်လွတ်လပ်လပ်လုပ်ခွင့်ရှိလာလိမ့်မည်သို့မဟုတ်နိုင်ငံရေးခွင်ကျယ်လာလိမ့်မည်။ အဲဒီ့တော့မှ ဒီမိုကရေစီအစစ်ရအောင်ဆက်ပြီးရုန်းကန်ကြတာပေါ့ဟူသော အယူအဆသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပြင်ပမှာခေတ်စားနေသည်မှာဘာမှမဆန်းပါ။ အဖွဲ့ ချုပ်အထဲ တွင်ဤစကားကိုရေးကြီးခွင်ကျယ်လုပ်ပြီး၊ ပြောနေသူများကိုတော့မှတ်ညဏ်သက်တမ်းတိုသူ များဟုသတ်မှတ်ရလိမ့်မည်။

၁၉၉၅ခုနှစ်ဒေါ်အောင်ဆန်းစုကြည်ပြန်မလွှတ်လာမီကတည်းကပင်အမျိုးသားညီလာခံတက် နေကြသည့်အဖွဲ့ ချုပ်ကိုယ်စားလှယ်အချို့ တွင် ဤအယူအဆ ရောက်နေခဲ့ပြီ၊ ဂျီဆဲဗင်းဟုခေါ် ခဲ့သည့်အုပ်စု၏ အခြေခံအယူအဆမှာဒါပဲဖြစ်သည်။ ထိုကမှတဆင့်တဖြည်းဖြည်းနှင့်အဖွဲ့ချုပ် ကထုတ်ပစ်ရပြီး။ အဖွဲ့ ချုပ်ကိုဆန့် ကျင်သူများဖြစ်သွားခဲ့ကြသည်။သည်တော့ အဖွဲ့ ချုပ်သည် ပြောနေကြသည့် နိုင်ငံရေးခွင်(political space)ဆိုတာကိုမဟာဗျူဟာအရရော၊ နည်းဗျူဟာ အဖြစ်ပါပယ်ချခဲ့သည်မှာ ၁၅နှစ်လောက်ရှိနေခဲ့ပါပြီ။ အဖွဲ့ ချုပ်တည်ထောင်ချိန်ကတည်းက ချခဲ့သည့် မူဝါဒများနှင့် မကိုက်ညီသောကြောင့် လက်မခံနိုင်ခြင်းဟုအကြောင်းပြခဲ့သော်လည်း သဘောတရား(ideology)သက်သက်ကြောင့်သာမဟုတ်ပါ။လက်တွေ့ ဖြစ်ရပ်များကိုပါထည့်၍ စဉ်းစားကြည့်နိုင်ပါသည်။


၁၉၇၄အခြေခံဥပဒေတွင်တပ်မတော်ဦးဆောင်မှုဆိုသောစကားတလုံးမှမပါပါ။မ-ဆ-လ ပါတီ ဧ။်ဖွဲ့ စည်းပုံစည်းမျဉ်းမှာလည်းစစ်မှုထမ်းဖူးမှစီအီးစီဖြစ်ရမည်ဟုမပါပါ။ သို့ သော် မ-ဆ-လပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ ဝင်အားလုံးသည် စစ်ဗိုလ်ဟောင်း၊ စစ်ဗိုလ်လက်ရှိတွေ ချည်းဖြစ်သည့်အပြင်ပြည်သူ့ လွှတ်တော်ကောင်စီအဆင့်ဆင့်တွင်စစ်ဗိုလ်နှင့် စစ်ဗိုလ်လူထွက် တွေက အများစုဖြစ်ခဲ့ပါသည်။ ကောင်စီအဆင့်ဆင့်တွင်ပါနေသည့်အရပ်သားအားလုံးတို့  သည် ဘယ်လိုသဘောထားခံယူချက်တွေရှိရှိနောက်ဆုံးတော့စစ်တပ်ခိုင်းတာလုပ်ရသည့် အခြေအနေကိုရောက်ခဲ့ရပါသည်။ထိုသို့ ဖြစ်ခဲ့ပြီးမှ လွှတ်တော်အရပ်ရပ်တွင် ၂၅%ယူမည် စစ်ရေးအမြင်ရှိမှ သမ္မတလုပ်ရမည်၊ အရေးကြီးသည့်ဝန်ကြီးများအားလုံးကိုတပ်ချုပ်ကခန့် မည် စသည်ဖြင့်ဗြောင်ရေးထားသည့်၂၀၀၈ဖွဲ့ စည်းပုံဥပဒေအောက်မှာ ရွေးကောက်ခံထားသည့်အ မတ်များသည်လွှတ်တော်အဆင့်ဆင့်တွင်လွတ်လပ်စွာလှုပ်ရှားခွင့်ရမည်ဟု မျှော်လင့်သူများ သည်အကောင်းမြင်လွန်နေပြီဟုသာယဉ်ယဉ်ကျေးကျေးခေါ်ရပါမည်။

အချို့ ကဆိုကြပါသည်။ ၂၀၀၈အခြေခံဥပဒေတွင်ပြဌာန်းထားသည့်နိုင်ငံသားများဧ။်ရပိုင်ခွင့် များကိုအကာအကွယ်ပေးနိုင်ဖို့ လွှတ်တော်များတွင်ဒီမိုကရေစီဘက်တော်သားများရှိရန်လို သည်။ထို့ ကြောင့်ရွေးကောက်ပွဲဝင်ရမည်ဟုလည်းကောင်းအစိုးရအပြင်ကစပေ့စ်ကိုကာကွယ် ဖို့ အတွင်း ကို ၀င်ပြီးအပေးအယူလုပ်ပူးပေါင်းဆောင်ရွက် ရမည်ဟုလည်းကောင်းစသည်ဖြင့်၊ ဤဆင်ခြေများသည်လည်း ခေတ်သစ်သမိုင်းအရကြည့်လျှင်လက်ခံစရာမရှိပါ။ ၁၉၆၂ခုနှစ်အာ ဏာသိမ်းပြီးကတည်းက စစ်တပ်သည် စေတနာမှန်အခြေခံပြီးဘယ်သူနှင့်ဘယ်လောက်အ ပေးအယူအလျော့အတင်း လုပ်ခဲပါသနည်း။သူတို့ နှင့်ပူးပေါင်းခဲ့သည့် ကျောင်းသားခေါင်း ဆောင်ဦးခင်မောင်အုန်း၊ဦးလှဝင်း တို့ မှစ၍ ပ-မ-ည-တများ၊ ဖ-ဆ-ပ-လများအလယ် စောဟန်တာသာမွှေးအဆုံး၊ဘယ်သူက ပြည်သူလူထု၏စပေ့စ်ကိုကျယ်အောင်လုပ်နိုင်ခဲ့ပါ သနည်း။ဝန်ထမ်းဘ၀မှာဝင်ပြီးတဖြည်းဖြည်း ကျဉ်းလာသောစပေ့စ်(space)အားကြံ့ ကြံ့  ခံတွန်းလှန်ခဲ့သောဦးခင်မောင်လတ်၊ဒေါ်ခင်မျိုး ချစ်၊ဦးဝင်းတင်တို့ ဘာဖြစ်သွားကြသနည်း။ ၁၉၆၂အာဏာသိမ်းချိန်က ဤဒေသတွင်လွတ်လပ် မှုအရှိဆုံးနိုင်ငံတစ်ခုဘ၀မှယခုအခြေအ နေသို့ ရောက်လာရခြင်းသည်ပြည်သူလူထုကငုပ်တုတ်၊ငုံ့ ခံနေ၍ဖြစ်ရခြင်းမဟုတ်ပါ။ မ-ဆ-လခေတ်တလျှောက်လုံးယုံကြည်ရာကိုလုပ် ခဲ့၍ ထောင်ကျခံ၊အသတ်ခံ၊အသေခံသူများ၏ သတ္တိသည်ယခုလှုပ်ရှားနေသူများထက်မညံ့ပါ။

ယခုစပေ့စ်(space)အကြောင်းပြောနေသူများထဲတွင်ထိုခေတ်က ရုန်းကန်လှုပ်ရှားခဲ့ကြသူများ အများကြီးပါပါသည်။ထို့ ကြောင့်ခွင်(space)အကြောင်းပြောသူတိုင်းကိုသစ္စာဖောက်သွားသူ များဟုပြော၍မဖြစ်ပါ။မမှတ်သေးဘူးလားဟုလည်းမမေးလိုပါ။သို့ သော်တစ်ခုတော့ပြောချင်ပါ သည်။သူတို့ တတွေမ-ဆ-လအောက်တွင်ရုံးကန်လှုပ်ရှားရင်းသေကြကြေကြတုန်းကနိုင်ငံခြား ကသိဖို့ ဝေးလို့ ဗမာပြည်သူများကပင်ကောင်းကောင်းမသိခဲ့ကြခြင်းမှာ မ-ဆ-လအစိုးရသည် တရားဝင်ရပ်တည်မှု(legitimacy)ကိုတစ်စုံတရာအတိုင်းအတာထိရခဲ့၍ဖြစ်သည်။ အတွင်းက နေပူးသတ်မည်ဟူသောလူများကြောင့် စစ်တပ်က ထိုရပ်တည်မှုကိုရခြင်းဖြစ်သည်ဟုဆိုလျှင် ငြင်းလိမ့်မည်မထင်ပါ။ခုတစ်ခါ ပူးသတ်ဖို့ ကြံလျှင်ဤသမိုင်းသင်ခန်းစာကို သတိရပါဟု တောင်းပန်ပါရစေ။

စပေ့စ်(space)ဆိုသည်မှာ လွှတ်တော်အထဲမှာမှရှိတာမဟုတ်ပါ။အပြင်မှာလည်းရှိပါသည်။ အပြင်ကစပေ့စ်(space)ကိုဘယ်လိုကျယ်အောင်လုပ်မလဲ၊ ဘယ်လိုသုံးမလဲဆိုတာကလဲ အရေးပိုကြီးပါသည်ဟုထင်ပါသည်။ NGOတွေ၊ Civil Societyတွေအကြောင်းပြောနေခြင်း မဟုတ်ပါ။အရင်တုန်းကလည်း စာအုပ်အဟောင်းရောင်းရင်း၊ရှေ့ နေလိုက်ရင်း၊ ကျူရှင်ပေး ရင်း လုပ်ခဲ့ကြတာပဲ ဒီလိုပဲလုပ်ကြတာပေါ့လို့ လဲ ပြောလို့ မရတော့ပါ။ နိုင်ငံတွင်းက ရုပ်ပိုင်းဆိုင်ရာ အခြေအနေတို့ သည်သိသိတာတာပြောင်းလဲသွားပြီ၊ ပြည်သူတို့ ၏စိတ်ပိုင်းဆိုင်ရာလဲ တစ်စုံ တစ်ရာအတိုင်းအတာအထိရွှေ့ လာခဲ့ပြီးပြီ၊ ပြည်ပက အခြေအနေတွေသည်လည်းယခင်ကနှင့် လုံးဝမတူတော့ပါ။

ထိုအချက်များကို ထည့်စဉ်းစားပြီးမှ စပေ့စ်အကြောင်းပြောကြပါ။

ရန်ငြိမ်းအောင်(လူငယ်)

ဆက်ဖတ်ရန် ....

ဆရာဝန်များအတွက် ၀င်ငွေခွန် တရားမျှတ စေချင်

မနက်စောစောစီးစီး ဂျူတီထွက်ခါနီးမှာ ကြားလိုက်တဲ့ သတင်းက အရေးကြီးလူနာတွေနဲ့ တညလုံးပင်ပန်းနေတဲ့ ကျမကို ပိုလို့ အမောဆို့သွားစေပါတယ်။

“အမရေ ၀န်ကြီးက specialist အဆင့်ကနေစပြီး ၀င်ငွေခွန် ၁၅ သိန်း ဆောင်ရမယ်ဆိုပြီး ၀န်ကြီးပြောတယ်လို့ သတင်းတွေထွက်နေတယ် အမ” လို့ အစချီပြီး ပြောလာတဲ့ ကျမရဲ့ AS ဆရာဝန်လေးရဲ့ စကားတွေက ရင်ကိုနင့်သွားတာပဲ။

ဝန်ကြီးကပြောတယ်တဲ့လေ။

တနှစ်ကို ၁၅ သိန်းတဲ့။ ၀င်ငွေခွန်တဲ့။

ဝန်ကြီးကပြောတယ်တဲ့လေ။ ကျမတို့လို Specialist (အထူးကုဆရာဝန်) တွေဟာ တနေ့တော့ အနည်းဆုံး လူနာ ၅ ယောက် ကြည့်ရလိမ့်မယ်။ အဲ့ဒီ လူနာတယောက်ကို အနည်းဆုံး ၂၀၀၀ ကျပ်ရလိမ့်မယ်။ အဲ့ဒီတော့ တနေ့ကိုဖြင့် ဘယ်လောက်ရမယ်။ တလကိုဖြင့် ဘယ်လောက်ရမယ်။ ဒါဆို တနှစ်တော့ ဒီလောက် ဆောင်နိုင်တယ်ဆိုပြီး လုပ်မလို့တဲ့လေ။

အဲ့ဒီအခွန်ကိစ္စက order သာ စာနဲ့ပေနဲ့ အတည်ပြု မထွက်သေးတာ ကျမတို့ ဆရာဝန်လောကထဲတော့ တော်တော်ကို သိနေကြပါသတဲ့။

ကျမတို့မှာ တလောကမှ လစာတိုးတယ်ဆိုလို့ ပျော်ရနိုး၊ လစာတိုးတဲ့သတင်းကြောင့် ကုန်ဈေးနှုန်းတွေတက်လို့ စိတ်ညစ်ရနိုးဖြစ်နေတာ အခု ဒီသတင်းကြားတော့ တွေးစရာလေးတွေ အများကြီးဖြစ်လာပါတယ်။

အော် မစဉ်းမစား လုပ်လည်း လုပ်ရက်ပါပေ့။ ဒီ ၁၅ သိန်းဆိုတာ မြို့ကြီးပြကြီးက ဆရာဝန်တွေအတွက်တော့ မထောင်းတာလှပေမယ့် နယ်စွန်နယ်ဖျားမှာ လုပ်နေရတဲ့ ဆရာဝန်တွေအဖို့ကတော့ စိတ်ပင်ပန်းစရာ တခုပါပဲ။

သူတို့ပြောပြောနေတဲ့ ပီတီကိုစားအားရှိပါ၏ ဆိုတဲ့စကား။ နယ်စွန်နယ်ဖျားက ဆရာဝန်တွေခမျာ သူတို့ပြောသလိုပဲ တကယ်ကို အပိုဝင်ငွေ မရှိ၊ ပီတီပဲ စားပြီး အသက်ရှင် ရပ်တည်နေကြရတာကို ၀န်ကြီး မသိလေရော့သလား။

မြို့ကြီးပြကြီးတွေမှာ နေနေပေမယ့် ရတဲ့လစာ၊ အပြင်ဆေးခန်းထိုင်တဲ့ လစာလေးနဲ့ မိုးထိနေတဲ့ ကုန်ဈေးနှုန်းကြားက သားသမီးတွေ နေရေးစားရေး အဆင်ပြေအောင် ရုန်းကန်နေရတဲ့ ဆရာဝန်တွေလည်း တပုံတပင်ပါ။

အသပြာဆရာဝန် မဟုတ်တဲ့ စေတနာ ဆရာဝန်တွေ အများကြီးပါ။

ကားတ၀ီဝီ စီးနေတဲ့ ဆရာဝန်တွေဆိုတာ လက်ချိုးရေလို့ ရသလို စက်ဘီးအစုတ်ကလေး၊ ဆိုင်ကယ်အစုတ်ကလေး ဖွတ်ချက်ဖွတ်ချက်နဲ့ စီးနေတဲ့၊ ခြေလျင်လျှောက်၊ လိုင်းကားစီးပြီး အလုပ်တက်၊ ဆေးခန်းသွားနေတဲ့ ဆရာဝန်တွေကိုရော မျက်စိထဲ မမြင်ကြတော့ဘူးလား။

ကျမနဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းက ပြောတယ်။

“၀န်ကြီးက GP ကောင်းတဲ့ ရန်ကုန်၊ မန္တလေးလို့ မြို့ကြီးပြကြီးကနေ မပြောင်းရ မရွှေ့ရအောင် သူ့ကို လာလာ ကန်တော့နေတဲ့သူတွေ၊ လာကန်တော့နေတဲ့ တန်ဖိုးတွေကို တွက်ပြီး အဲ့လိုလုပ်ရင် ရမယ်ထင်ပြီး ပြောတာနေမှာပေါ့” တဲ့။

အော် .. သူများဌာနတွေဆိုရင် .. ငါတို့ လူကြီးက ဘယ်လိုကောင်းတယ် ဘယ်လိုမျိုး ကိုယ့်လူတွေ ပြန်ကြည့်တယ်နဲ့ ကြားနေရတယ်။

အခုငါတို့ ကျန်းမာရေး ၀န်ကြီးကတော့ ကိုယ့်ဝန်ကြီးဌာနကို ပြန်ကြည့်တာ၊ ကိုယ့်လက်အောက်ဝန်ထမ်းတွေအကျိုးကို ကြည့်တာ မရှိပဲနဲ့ ကိုယ့်လူကိုယ် ပြန်သတ်နေတာပဲ ဆိုပြီး သူက ညည်းညူနေပါတယ်။

သူများဌာနတွေက ဘယ်လိုဆိုတာ ကျမ မသိပါဘူး။ ကျမ အခုအချိန်မှာ နားလည်တာကတော့ ကျမတို့ ၀န်ထမ်းတွေရဲ့ ဘ၀ဟာ အဖက်ဖက်ကနေ အမျိုးမျိုးသော ဖိအားတွေခံစားနေရတဲ့အပြင် စီးပွားရေး ပြေလည်မှုရှိလာမယ်ကြံလိုက်တာနဲ့ တဖက်ကလည်း မတရားတဲ့ အခွန်အတုပ်ကိစ္စတွေဖြစ်လာ၊ ကုန်ဈေးနှုန်းက မြင့်လာနဲ့ ဆီပူထဲ ထည့်လှိမ့်ခံရတဲ့ ဆီးဖြူသီးလိုပါပဲရှင်။

လစာတိုးလို့ အဆင်ပြေလာမယ်မှတ်တယ် ကုန်သည်တွေက ကုန်ဈေးနှုန်းတွေ မြှင့်ပလိုက်တယ်။ တိုးပေးမယ့် လစာကဖြင့် ဘယ်နေမှန်းမသိသေးဘူး။

သူများတကာ ဘ၀တွေ အဆင်ပြေပြေနဲ့ နေရတာကို အမျိုးမျိုး ခက်ခဲအောင် တမင်တကာများ ရည်ရွယ်လုပ်နေတာများလားရှင်။
အခုတခါ လာပြန်ပေါ့ ၀င်ငွေခွန်တဲ့။ တရားမျှတစွာ ကောက်မယ်ဆိုရင်တော့ မပြောလိုပါဘူး။ အခုက အကုန်လုံးက ဒီနှုန်းချည်းသာဆိုရင် …

ဆရာဝန်တိုင်း ချမ်းသာနေကြတာမှ မဟုတ်တာရှင် …

ဒေါက်တာ မန္တလာ

ဆက်ဖတ်ရန် ....

Thursday, January 28, 2010

ချစ်သူများ နေ့တဲ့လား ....

ဒီနေ့ ..
ဖေဖေါ်ဝါရီ ၁၄ရက်
''ချစ်သူများနေ့'' တဲ့လား
ညီမလေးရေ ... ရင်ခုန်နေသလား
ကဒ်ကလေးတွေ၊ ပန်းကလေးတွေ ..
ချောကလက်လေးတွေ၊ ... တွေ၊ .... တွေ
ဟိုက သည်က အများကြီး အများကြီး ..
မင်းရနေသလား ...
လူငယ်တွေလဲ ... အုတ်အုတ်ကျက်ကျက်
လူလည်တွေလဲ ... ရှုပ်ရှုပ်ယှက်ယှက်
လူလတ်တွေလဲ ကသုတ်ကရက်
လူတတ်တွေကလဲ ဗရုပ်ဘယက်၊

အော် ...
တကယ်တော့ ... ဒီနေ့ဟာ ...
ဂရေဂိုရီယံ ကမ္ဘာသုံး နေပြက္ခဒိန်ရဲ့
၄၅ ရက်မြောက်နေ့ ...
'ကလောဒီယပ်စ်' ဆိုတဲ့
သဘော မကြီးမြတ်တဲ့ ပဒေသရာဇ်
ဧကရာဇ်ဘုရင်ယုတ်ရဲ့အမိန့်ကို လစ်လျူသွေဖီပြီး
ချစ်သူတွေကို တိတ်တဆိတ် လက်ထပ်ပေးတဲ့
တာနီမြို့က Saint Valentiuns ဆိုတဲ့
သူတော်စင်ပုဂ္ဂိုလ်ကြီး
ရောမမှာ .. နှိပ်စက်ပြီးခေါင်းဖြတ်ခံရတဲ့နေ့ပါ ....
သူတို့ဟာသူတို့ ... ဂုဏ်ပြုရင်ပြုပါစေ ...
တို့တွေနဲ့ အဝေးကြီးပါကွယ် ...

ညီမလေးရယ်
တစ်ခုလောက် သေသေချာချာ စဉ်းစားပါဦး
မနေ့က ... ဖေဖေါ်ဝါရီလ ၁၃ရက်နေ့လေ
လွန်ခဲ့တဲ့ ၉၄နှစ်ကာလက
နွေအကူး ... လေရူးတွေ ဝေနေတဲ့
အဲဒီနေ့ .... စနေနေ့
မနက် အရုဏ်တက်လို့
မိုးသောက်ကျင်းတဲ့အချိန်မှာ ....
'ထိန်လင်း' ဆိုတဲ့
ကလေးငယ်ကလေး ...
ဟိုး အညာက နတ်မောက်မြို့မှာ ..
မွေးဖွါးခဲ့တယ်

သူက ...
စာပေကိုချစ်တယ်
အမှန်တရားကို ချစ်တယ်
ချစ်သူကိုချစ်တယ်
ရင်သွေးတွေကို ချစ်တယ်
အဲဒါတွေ အားလုံးထက်ပိုပြီး ...
တို့တိုင်းပြည်ကို ချစ်သတဲ့

ယောက်ျားကောင်းတို့ရဲ့ သတ္တိ၊
ယောက်ျားကောင်းတို့ရဲ့ သမာဓိ၊
ယောက်ျားကောင်းတို့ရဲ့ သီလ၊
ယောက်ျားကောင်းတို့ရဲ့ စာဂ
ယောက်ျားကောင်းတို့ရဲ့ သိက္ခာ၊
ယောက်ျားကောင်းတို့ရဲ့ ပညာ၊
ယောက်ျားကောင်းတို့ရဲ့ သစ္စာ၊
သူ့မှာ အကုန်ရှိသတဲ့ ....

နောက်ဆုံး ...
အဲဒါတွေအကုန်လုံး တိုင်းပြည်ကိုပေးပြီး
ဘာမှ ယူမသွားရှာလေတဲ့ ....



ချစ်သူကောင်းတစ်ယောက်
ယောက်ျားကောင်းတစ်ယောက်
ဖခင်ကောင်းတစ်ယောက်
အကြွေစောခဲ့ရတဲ့ ကြယ်တစ်ပွင့်
တို့ရဲ့ ... မျိုးချစ်သူရဲကောင်းတစ်ယောက်ကိုတော့
ချစ်ဖို့မေ့နေကြတာ ရင်နာလိုက်တာကွယ်

'ဖေဖေါ်ဝါရီဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တထောင့်ကိုးရာတဆယ့်ငါး၊
ရှေ့နေဦးဖာ သား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား၊
မိခင်ဒေါ်စု သား ...'

ငယ်ငယ်က
ဆိုခဲ့ရတဲ့ ကဗျာလေး ...
အခုတော့ ဘယ်မှာလဲ

ကိုယ်နဲ့ ဘာမှမဆိုင်တဲ့
အီတလီက သူတော်စင်ကို
သူတို့ဟာသူတို့ ဂုဏ်ပြုကြရာက
ဖြစ်လာတဲ့ 'ဗယ်လင်တိုင်းနေ့' ဆိုတာထက် ..
အဲဒီနေ့မတိုင်ခင် တစ်နေ့ဟာ
တို့တွေအတွက် ..
ပိုပြီး လေးနက်ပြန့်ကျယ်တဲ့
အဓိပ္ပာယ် ရှိပါတယ်ကွယ် ...
ဒီနှစ်တော့ ရှိပါစေတော့
ညီမလေးရယ် ....



--
လောကမှာ အရေးအကြီးဆုံးက အရေးမကြီးတာတွေကိုအရေးတကြီးမလုပ်မိစေဖို့ပါ....လို့ ကဗျာအဆုံးမှာ ရေးထားတဲ့ Forward mail ထဲက ရတဲ့ ကဗျာလေး တပုဒ်ကို ပြန်လည်မျှဝေခြင်းပါ။

အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

Monday, January 25, 2010

ဒေါ်အောင်ဆန်းစုကြည်ကို တကယ်ပဲ ပြန်လွှတ်တော့မယ် တဲ့လား

အန်တီစုကို နိုဝင်ဘာ လလောက်ကျရင် ပြန်လွှတ်ပေးလိမ့်မယ်လို့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး ပြောတယ်ဆိုတာကို Reuters၊ Aljazeera၊ RFA သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ဇန်န၀ါရီ ၂၁ ရက်နေ့တုန်းက ဗိုလ်ချုပ်မောင်ဦး ကျောက်ပန်းတောင်းကို သွားပြီး ဒေသခံတွေနဲ့ တွေ့ဆုံပြောဟောတဲ့ အချိန်မှာ အဲ့ဒီလို ပြောခဲ့တာလို့ ဟောပြောပွဲ တက်ရောက်တဲ့ ဒေသခံ နှစ်ယောက်ဆီကနေ ပြန်လည်ကြားသိရတဲ့ သတင်းလို့ ဆိုပါတယ်။

အန်အယ်လ်ဒီ ဥက္ကဌ ဘဘ ဦးတင်ဦးကိုလည်း အန်တီစုထက်အရင် လွှတ်ပေးမယ်ဆိုပြီးတော့လည်း ပါပါသေးတယ်။ ဘယ်တော့လည်း ဆိုတာတော့ မပါပါဘူး။

ဒီမောင်ဦးဆိုတဲ့ ဗိုလ်ချုပ်ဟာ အန်တီစုကို ယက်တောအမှုစီရင်ချက်ချတုန်းက ၁နှစ်ခွဲလျှော့ပေးတယ်ဆိုပြီး လာပြောသွားတဲ့ ပုဂ္ဂိုလ်ပါပဲ။

စစ်အစိုးရက ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုပြီး ပြောနေတာ ကြာလှပေါ့။ ယတြာချေတဲ့အနေနဲ့ ၂၀၁၀၊ ၁၀ လပိုင်း ၁၀ ရက်နေ့မှာ လုပ်မယ်ဆိုပြီးတော့လည်း သတင်းတွေက ထွက်နေတာပါ။

အကယ်လို့သာ အဲ့ဒီလို ပြောနေတာမှန်မယ်ဆိုရင် ၁၀ လပိုင်း ရွေးကောက်ပွဲပြီးမှ အန်တီစုကို ပြန်လွှတ်ပေးမှာဆိုတဲ့ သဘောပါပဲ။

အမှန်တကယ်လည်း ရွေးကောက်ပွဲလည်းပြီး အားလုံး နည်းနည်းမှ လှုပ်မရအောင် ချည်ပြီးတုပ်ပြီးမှသာ အန်တီစုကို ပြန်လွှတ်မှာပါပဲ။

လက်နက်မျိုးစုံကိုင်ထားတဲ့ ဗိုလ်ချုပ်ကြီးတွေမှာ ဘာလက်နက်မှ မရှိတဲ့ အန်တီစုကို ရွေးကောက်ပွဲမပြီးခင် ပြန်လွှတ်ဖို့ သတ္တိ လုံးဝ (လုံးဝ) မရှိပါဘူး။

ဘယ်မှာလည်း တရားမျှတမှု၊ ဘယ်မှာလဲ လွတ်လပ်မှု … ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီနည်းလမ်းကျတဲ့ ရွေးကောက်ပွဲဖြစ်စေပါ့မယ်လို့ တဗြဲဗြဲအော်နေတဲ့ စစ်အစိုးရကို ဘယ်လိုမှ ယုံကြည်လို့ မရဘူးဆိုတာ နိုင်ငံတကာကရော ပြည်သူတွေပဲ သေချာသိဖို့ လိုပါတယ်။

အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

Saturday, January 23, 2010

ရွှေပြည်သာ ရယက ရဲ့ အာဏာ အလွဲသုံးစား လုပ်ပြီး အမျိုးသမီးငယ်ကို မတရားကျင့်ရန် ကြံစည်

ဇန်နဝါရီလ ၁၅ ရက်နေ့ညက ရွှေပြည်သာမြို့နယ် အမှတ် ၁ဝ ရပ်ကွက် ဥက္ကဌ ဦးခင်မောင်စိုးနဲ့ အပေါင်းပါ ဦးမျိုးဇော်နိုင်တို့ဟာ ရပ်ကွက်အတွင်း ဧည့်စာရင်းစစ်ရာမှာ ဧည့်စာရင်းမတိုင်ဘူးဆိုတဲ့ အပြစ်နဲ့ အမှတ် ၈၆၆ ပုသိမ်ပတ်လမ်းမှာ နေထိုင်တဲ့ ၁၇ နှစ်အရွယ် မိန်းကလေးတဦးကို ရုံးကိုလိုက်ခဲ့ဆိုပြီး နှင်းဆီတည်းခိုးခန်းကို ခေါ်ဆောင်သွားခဲ့ပါတယ်။

ခဏစောင့်နေလို့ ပြောပြီး သူနဲအတူပါတဲ့ သူငယ်ချင်းဖြစ်သူ ဦးမျိုးဇော်နိုင်နဲ့ တည်းခိုခန်းမှာထားခဲ့တဲ့အချိန်မှာ ဦးမျိုးဇော်နိုင်က မိန်ကလေးကို တည်းခိုခန်းက အခန်းထဲခေါ်ပြီး သားမယားအဖြစ် မတော်မတရားကျင့်ကြံဖို့ ကြိုးစားခဲ့တယ်လို့ မတရားကျင့်ဖို့ကြိုးစားခံခဲ့ရတဲ့ မိန်းကလေးက ပြောပြပါတယ်။

မိန်းကလေးက လက်မခံလို့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး အော်ဖို့တောင် အခြေအနေမပေးဘူးလို့ ပြောပြပါတယ်။ တည်းခိုခန်းက လူငယ်ကလည်း မဆူညံဖို့ပဲ လာပြောပါတယ်တဲ့။


အဲ့ဒီလို ဖြစ်နေချိန်မှာပဲ မိန်းကလေးရဲ့ အကိုဖြစ်သူက စိတ်မချလို့ လိုက်ရှာရာက ရောက်လာတာကြောင့် မနုဿမုဆိုးရဲ့ လက်ကနေ မိန်းကလေး လွတ်မြောက်ခဲ့ရပါတယ်။

မိန်းကလေးရဲ့ ဆွေမျိုးသားချင်းတွေက ဒီလိုလုပ်ဖို့ကြံစည်တဲ့ ရယက ဥက္ကဌနဲ့ အပေါင်းပါ ဦးမျိုးဇော်နိုင်ကို အရေးယူပေးဖို့ ရွှေပြည်သာ ရဲစခန်းကို တိုင်တဲ့အခါ နောက်ရက်မှာ ဦးမျိုးဇော်နိုင်ကိုဖမ်းခဲ့ပေမဲ့ ရယက ဥက္ကဌကိုတော့ မယက အမိန့်မရသေးတဲ့အတွက် မဖမ်းသေးဘူးလို့ဆိုပါတယ်။

ဒါ့အပြင် တည်းခိုခန်းပိုင်ရှင် ဗိုလ်မှုးဟောင်းကလည်း “မင်းတို့တိုင်တာ မတိုင်နဲ့ တိုင်လည်း မင်းတို့ ဥက္ကဌလောက်တော့ ဘာမှထိမှာ မဟုတ်ဘူး၊ ပြန်ပတ်ပြီးတော့ မင်းတို့ပဲ ထောင်ကျမှာ ငါက ငါ့တည်းခိုခန်းလေးကို နှစ်ပတ်သုံးပတ်လောက်ပိတ်ထားရင် ရတယ်” ခြိမ်းခြောက်ပြောဆိုတယ်လို့ ဆိုပါတယ်။

ရွှေပြည်သာ ရဲစခန်းကတော့ မုဒိန်းမှု နဲ့ အမှုဖွင့်ထားပေးတယ်လို့ ဆိုပါတယ်။

မိန်းကလေးရဲ့ ဆွေမျိုးတွေကတော့ အာဏာကို အလွဲသုံးစားလုပ်ပြီး သွေးဆောင်ဖျားယောင်းကြံစည်ခဲ့တဲ့ ကိစ္စကို သေချာ အရေးယူမပေးရင် သက်ဆိုင်ရာ အဆင့်ဆင့်ကို ထပ်ပြီး တိုင်မယ်လို့ပြောပါတယ်။

အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

Friday, January 22, 2010

တိုက်လေယာဉ်တစင်း ရန်ကုန်မြို့မှာ ပျက်ကျ၊ လေယာဉ်မှူး သေဆုံး

မြန်မာ့လေတပ်သုံး တိုက်လေယာဉ်တစီး ရန်ကုန် မင်္ဂလာဒုံ လေတပ်စခန်းနားမှာ ဒီကနေ့ မနက်ပိုင်းက ပျက်ကျခဲ့ပြီး လေယာဉ်မှုး ပြည့်ဖြိုးမျိုး သေဆုံးသွားတယ်လို့ ရန်ကုန်ကလာတဲ့ အေပီနဲ့ ရိုက်တာ သတင်းတွေမှာ ဖော်ပြထားပါတယ်။

လေယာဉ်မှူးတဦးတည်း မောင်းလို့ရတဲ့ တရုတ်နိုင်ငံလုပ် F-7 ဂျက်တိုက်လေယာဉ် အမျိုးအစားဟာ မြေပြင်ကို ပြန်ဆင်းတဲ့ ဂီယာ ထိုးလို့မရ ဖြစ်ခဲ့ပြီး မြေပြင်ကို ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

မြေပြင်ကို လေယာဉ်မကျခင် လေယာဉ်မှူးက အချိန်မီ ခုန်ထွက်ခဲ့ပေမဲ့လည်း အရေးပေါ်လေထီး မပွင့်ခဲ့လို့ လေယာဉ်မှူး သေဆုံးခဲ့ရတယ်လို့ မျက်မြင်သက်သေတဦးက ဗွီအိုအေကို ရှင်းပြပါတယ်။

မြန်မာစစ်အစိုးရဟာ လေတပ်သုံး တိုက်လေယာဉ်တွေကို တရုတ်နဲ့ ရုရှားနိုင်ငံတွေက ၀ယ်ယူတယ်လို့ သတင်းတွေ ထွက်နေတာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကလည်း ရုရှားနိုင်ငံက MIG 29 ဂျက်တိုက်လေယာဉ် အစီး ၂၀ ၀ယ်ယူဖို့ သဘောတူခဲ့တဲ့အကြောင်း၊ ဒီ တိုက်လေယာဉ်တွေအတွက် အမေရိကန်ဒေါ်လာ ၅၇၂ သန်းကျော် ကုန်ကျမယ့်အကြောင်း ရုရှားနိုင်ငံ မော်စကိုထုတ် သတင်းစာတစောင်မှာ ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ ဒီသတင်းနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ကိုတော့ မြန်မာစစ်အစိုးရကရော ရုရှားအစိုးရကပါ ငြင်းဆိုခဲ့ကြပါတယ်။

၁၉၉၀ ခုနှစ်ကစပြီး မြန်မာပြည်မှာ စစ်လေယာဉ် မတော်တဆ ဖြစ်မှုတွေ အနည်းဆုံး ၁၀ ခုလောက် ရှိပါပြီ။

ဒီသတင်းကို ဗီအိုအေ စာမျက်နှာမှ ကူးယူပါသည်၊

Rest of your post
အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

လွတ်မြောက်သင့်ပေမယ့် သံတိုင်နောက်မှာ နေရဆဲဖြစ်တဲ့ ကဗျာဆရာ

“အာနာရူးကြီး မှူးကြီး သန်းရွှေ” လို့ စာသားပါတဲ့ ကဗျာကို ရေးလို့ ထောင် ၂ နှစ်ကျခဲ့တဲ့ ကဗျာဆရာ စောဝေဟာ ဇန်န၀ါရီ ၂၁ ရက်နေ့မှာ လွတ်ရက်စေ့နေပြီဖြစ်ပေမယ့် စစ်အစိုးရက မလွှတ်ပေးသေးပါဘူး။

သူလွတ်မယ်ထင်လို့ ရမည်းသင်းထောင်ကို သွားကြိုခဲ့တဲ့ ဇနီးဖြစ်သူ ဒေါ်နန်းစန်းစန်းအေးဟာ လွတ်လာမယ့် ခင်ပွန်းသည်ကို မတွေ့ရပဲ သံတိုင်တွေနောက်က ခင်ပွန်းသည်ကိုပဲ ထောင်ဝင်စာတွေ့ပြီး ပြန်လာခဲ့ရပါတယ်။

ကိုစောဝေဟာ .....

ကိုစောဝေဟာ နဂိုကတည်းက အစာအိမ်ရောဂါရှိတာကြောင့် ထောင်တွင်း အစားအသောက်ချို့တဲ့လို့ အခုဆိုရင် သွေးဝမ်းသွားရောဂါ ခံစားနေရတယ်၊ သူ့ကျန်းမာရေးကို စိုးရိမ်တယ်လို့ ဇနီးသည်က ပြောပါတယ်။

ကိုစောဝေကတော့ ကဗျာဆရာတယောက်ကို ဆက်ဖမ်းထားလို့ သူတို့အတွက်အကျိုးရှိမယ်ဆိုရင် သူခံပါ့မယ်။ သူဝဋ်ကြွေးရှိသလောက် ခံပ့ါမယ်လို့ သူ့ဇနီးသည်ကို ပြောပြခဲ့ပါတယ်။

ဖိနှိပ်မှုတွေကြားက ကိုယ့်ရဲ့အမြင်ကို ရဲရဲဝင့်ဝင့် ထုတ်ဖော်ပြခဲ့တဲ့ သူရဲ့ကဗျာကြောင့် ကိုစောဝေကို အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က Hellman / Mammett ဆုကို ချီးမြှင့်ခဲ့ပါတယ်။

သူရေးခဲ့တဲ့ “ဖေဖော်ဝါရီ ၁၄” ဆိုတဲ့ စာကြောင်း ၈ ကြောင်းနဲ့ အချစ်ကဗျာလေးရဲ့ ပထမဆုံး စာလုံးတွေကို စီတန်းဖတ်လိုက်ရင် “အာနာရူးကြီး မှူးကြီးသန်းရွှေ” ဆိုတဲ့ စာသားဖြစ်နေပါတယ်။ ဒီကဗျာ ၂၀၀၈ ဇန်န၀ါရီ ၂၁ ရက်နေ့ထုတ် အချစ်ဂျာနယ်မှာ ပါလာတဲ့အခါ ဖတ်မိတဲ့လူတွေက သဘောကျ၊ မဖတ်ရသေးတဲ့သူတွေကို ပေးဖတ်ကြ ပြောပြကြနဲ့ ဂျာနယ်ရောင်းအားတွေ တက်ပြီး အဲ့ဒီဂျာနယ်တောင် ၀ယ်မရ ဖြစ်သွားခဲ့ပါတယ်။



အဲ့ဒီနောက်မှာတော့ စစ်ခွေးတွေဟာ အဲ့ဒီဂျာနယ်တွေကို လိုက်သိမ်းသလို ကိုစောဝေကိုလည်း ညတွင်းချင်းပဲ ဖမ်းသွားခဲ့ပါတယ်။ ဇန်န၀ါရီ ၂၅ ရက်နေ့မှာတော့ အင်းစိန်ထောင်ကို ပို့ပြီး ၂၇ မှာ ရမန်ယူ ရုံးတင် စစ်ဆေးခဲ့ပါတယ်။ ပြီးတော့ စစ်အစိုးရ ထုံးစံအတိုင်း ရက်လကြာရှည် စစ်ဆေးပြီးမှ နိုဝင်ဘာ ၁၀ ရက်နေ့မှာ စီရင်ချက်ချခဲ့တာပါ။ စစချင်းကတော့ မန္တလေး အိုးဘိုထောင်ကို ပို့ပြီး နောက်ပိုင်းမှာ ရမည်းသင်းထောင်ကို ပြောင်းထားလိုက်ပါတယ်။

အဲ့ဒီလို နိုင်ငံတော် အကြည်ညိုပျက်စေတယ်၊ ဆူပူအောင်လုပ်တယ်ဆိုပြီး ပုဒ်မ (၅၀၅/ခ) နဲ့ ထောင်ဒဏ် ၂ နှစ် ချလိုက်တုန်းက ချုပ်ရက်တွေကို ခံစားစေ ဆိုပြီး အမိန့်ချခဲ့တာလို့ ဇနီးဖြစ်သူက ပြောပြပါတယ်။

ထောင်အာဏာပိုင်တွေက ကိုစောဝေကို ဘယ်တော့ ပြန်လွှတ်ရမယ်ဘာညာဆိုတာ သူတို့ ဘာမှ မသိဘူးလို့ပြောသလို ရှေ့နေဖြစ်သူကလည်း လွတ်ရက်စေ့ရင် ပြန်လွတ်မှာပါလို့ ပြောတဲ့ အတွက် ဒေါ်နန်းစန်းစန်းအေးခမျာ စိတ်သောက ရောက်နေရပါတယ်။

ဝါရင့်ရှေ့နေကြီးတဦးကတော့ အမှန်တကယ် ဥပဒေအတိုင်းလုပ်မယ်ဆိုရင် ဖမ်းတဲ့ရက်ကနေ စလို့ ချုပ်ရက်တွေကို ရေတွက်ရမှာဖြစ်တယ်လို့ ရှင်းပြပါတယ်။ ဒါပေမယ့် အခုလို ဥပဒေကို လက်တလုံးခြား လုပ်နေတဲ့ အချိန်မှာတော့ ဖမ်းဆီးပြီးရင် ရိုက်နှက် ထုထောင်း စစ်ဆေးပြီး ဒဏ်ရာတွေ ပျောက်လောက်မှ ရမန်ယူ၊ ရုံးတင်သလို၊ တခါတလေကျရင်လည်း အဲ့ဒီရုံးတင်တဲ့ ရက်ကနေပဲ ချုပ်ရက်ကို ရေတွက်လို့ အထူးသဖြင့် နိုင်ငံရေး အကျဉ်းသားတွေ နစ်နာမှုတွေ အများကြီး ရှိရတယ်လို့ သိရပါတယ်။ စစ်ခွေးတွေ၊ အလိုတော်ရိတွေရဲ့ အဲ့ဒီလို လုပ်ရပ်တွေကြောင့် ရှေ့နေတွေဟာ စတင်ဖမ်းဆီးခံရတဲ့ ရက်တွေကို သေချာလိုက်မေးနေရတဲ့ အဖြစ်ကိုရောက်နေတယ်လို့ ပြောပြပါတယ်။

ကဗျာဆရာ ကိုစောဝေကို လွတ်ရက်စေ့ပေမယ့် မလွတ်သေးသလိုမျိုး အခြားသော နိုင်ငံရေး အကျဉ်းသားတွေလည်း ခံနေရတဲ့ သာဓကတွေ ရှိခဲ့ဖူးပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဗိုလ်ကြီး ၀င်းထိန်ဆိုရင်လည်း တလောက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်တယ်ဆိုပြီးမှ အိမ်တောင်ပြန်မရောက်သေးဘူး၊ လမ်းတ၀က်မှာတင် ထောင်ထဲ ပြန်သွင်းတာ ခံရပါတယ်။

အခုမှ လွတ်သွားတဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ဆိုရင်လည်း ဒီလိုပဲ လွတ်ရက်စေ့တာကို ပြန်မလွှတ်၊ နောက်ထပ် အမှုတွေ ထပ်ဆွဲနဲ့ ထောင်ထဲမှာ နှစ်ပေါင်းများစွာ နေခဲ့ရတာပါ။

အန်တီစုဆိုရင်လည်း ဒီလိုပါပဲ။ လွတ်ရက်စေ့ခါနီး လွှတ်ရမှာကို မလွှတ်ပေးချင်တာနဲ့ အမျိုးမျိုး အမှုဆင်ပြီး အိမ်ထဲ ပိတ်လှောင်ထားတာ အားလုံး အသိပါပဲ။

ဒီ့ပြင် ဒီလိုခံရတဲ့ နိုင်ငံရေး အကျဉ်းသားတွေလည်း ဒုနဲ့ဒေးပါပဲ။

ကျမတို့တိုင်းပြည်ဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ဥပဒေ စိုးမိုးတဲ့ နိုင်ငံ၊ လူ့အခွင့်အရေး ပြည့်ပြည့်၀၀ ရရှိတဲ့ တိုင်းပြည်မှ မဟုတ်တော့တာရှင် ……………

မာန်
အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

Tuesday, January 19, 2010

ရွှေမန္တလေးက လူထုဦးလှ ရာပြည့်ပွဲ

သတင်းစာ ဆရာနှင့် စာရေး ဆရာကြီး လူထုဦးလှရဲ့ အသက် တရာပြည့် မွေးနေ့ အခမ်းအနားကို မန္တလေးမြို့ မြတောင်တိုက်၊ ရာပြည့်ဗိမာန်ခန်းမမှာ ဒီနေ့ လုပ်ခဲ့ပါတယ်။

မြတောင်ရာပြည့်ဗိမာန်

အဲ့ဒီ အထိမ်းအမှတ် စာတမ်း ဖတ်ပွဲကို အစက Oriental House မှာလုပ်ဖို့ စီစဉ်ထားပေမယ့် ပွဲမိန့် မရခဲ့တာကြောင့် နေရာပြန်ရွေးရာမှာ သခင် ကိုယ်တော်မှိုင်း စာပေ သင်ကြားခဲ့ဖူးတဲ့ မြတောင် ကျောင်းတိုက် မှာ လုပ်ခဲ့တာဖြစ်ပါတယ်။



ဒီအခမ်းအနားကို သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် အပါအ၀င် စာရေးဆရာ အံ့မောင်၊ ကဗျာဆရာ ကိုလေး (အင်းဝ ဂုဏ်ရည်)၊ ကဗျာဆရာ မောင်လွင်မွန် (ကသာ)၊ စာရေး ဆရာမ မိချမ်းဝေ၊ စာရေးဆရာ မောင်စူးစမ်း၊ စာရေးဆရာ နေ၀င်းမြင့် စတဲ့ စာပေ ပညာရှင်တွေ လူထုဦးလှကို ချစ်မြတ်နိုးသူတွေ တက်ရောက်ခဲ့ကြပါတယ်။










ဘဘဦးဝင်းတင်ပြန်ပြီ ...........ဖုန်းဆက်ပြီး သတင်းပို့နေတဲ့ စစ်အစိုးရ ထောက်လှမ်းရေး

သတင်းလာယူတဲ့ ထောက်လှမ်းရေးတွေကလည်း ဓာတ်ပုံတွေရိုက်၊ အချိန်နဲ့အမျှ သတင်းတွေ ဖုန်းဆက်ပို့နဲ့ပေါ့ဗျာ။


မနက်ပိုင်းမှာတော့ ပရိတ်တရားနာယူ၊ ရေစက်ချအမျှဝေတာတွေ၊ သံဃာတော် ၅၅ ပါးကို နေ့ဆွမ်းကပ်လှူဒါန်းတာတွေ လုပ်ပြီးတော့ သ၀ဏ်လွှာတွေ စာတမ်းတွေ ဖတ်တာကိုတော့ နေ့လည်ခင်းမှာ လုပ်ခဲ့ပါတယ်။

သ၀ဏ်လွှာတွေထဲမှာတော့ သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့ လူထုကို မျက်နှာမူသည့် တရားကို ခိုင်ခိုင်မြဲမြဲ ဆွဲကိုင်၍ တပါးသူကိုလည်း သွန်သင်ပေးသည့် လူထုဦးလှ၏ စိတ်ဓာတ်အကြောင်း၊ ဆရာ ဦးသော်ကောင်းရဲ့ လူထုဦးလှ၏ လက်တုံ့ပြန်လိုစိတ် မရှိခြင်းနှင့် သည်းခံခြင်းကို ချီးကျူးရေးသားထားသော သ၀ဏ်လွှာ တွေကို စာရေးဆရာ ညီစေမင်းနဲ့ စာရေးဆရာ ဆူးငှက်တို့က ဖတ်ပြခဲ့ပါတယ်။ လူထုစိန်ဝင်းပေးပို့ တဲ့ လူထုဦးလှနဲ့ နိုင်ငံရေး လူထုဦးလှနဲ့  နိုင်ငံရေး စာတမ်းကိုတော့ ဆရာကျော်ရင်မြင့်က ဖတ်ကြာခဲ့ပါတယ်၊












မိချမ်းဝေနှင့် စိုးနိုင် (မန္တလေး တက္ကသိုလ်)တို့က စာရေးဆရာမကြီး ဒေါ်ခင်နှင်းဦး၏ သ၀ဏ်လွှာနှင့် ပုံပြင်ဦးလှ စာတမ်းအားဖတ်ကြားစဉ်


လူထုစိန်ဝင်း၊ ဒဂုန်တာရာ၊ ကလျာ (၀ိဇ္ဇာ၊ သိပ္ပံ)၊ ဒေါ်ခင်နှင်းဦး၊ ဆရာဝင်းငြိမ်း၊ စိုးနိုင် (မန္တလေး တက္ကသိုလ်) တို့ရဲ့ စာတမ်းတွေ၊ ကဗျာတွေ၊ သ၀ဏ်လွှာတွေကိုလည်း ဖတ်ခဲ့ကြပါတယ်။

လူထုဦးလှ၏ ကိုယ်ရေးအကျဉ်း

ပြည်သူ့ အကျိုးပြု စာပေများကို ရေးသားခဲ့သော လူထု ဦးလှကို ၁၉၁၀ ခုနှစ် ဇန်န၀ါရီ ၁၉ ရက်နေ့တွင် ပဲခူးတိုင်း ညောင်လေးပင် မြို့နယ် ပုစွန်မြောင်း ရွာတွင် ဦးပု၊ ဒေါ်ခိုင်တို့မှ မွေးဖွားခဲ့ပြီး ၁၉၈၂ ခု သြဂုတ်လ ၇ ရက်နေ့ မန္တလေးမြို့၌ ကွယ်လွန် ခဲ့သည်။

၁၉၃ဝ ပြည့်နှစ်တွင် ရန်ကုန် အစိုးရ အထက်တန်း ကျောင်းမှ ၁ဝ တန်း အောင်ခဲ့ပြီးနောက် စာရင်းကိုင် သင်တန်းတက်ရင်း လူငယ်များ ကြီးပွားရေး သတင်းများကို သတင်းစာတိုက်များသို့ ပေးပို့ခဲ့သည်။ ထိုမှ လူငယ်များ ကြီးပွားရေး အသင်း ညကျောင်း ဆရာအဖြစ် တာဝန်ထမ်းဆောင်ရင်း “ကြီးပွားရေး မဂ္ဂဇင်း” စတင်ထုတ်ဝေသည့် ၁၉၃၂ တွင် စာများ စတင်ရေးသား ခဲ့သည်။

ဒုတိယ ကမ္ဘာစစ် ဖြစ်ပွားသည့်ကာလ မဂ္ဂဇင်းများ ရပ်နားထားချိန်တွင် ကိုယ်ပိုင် စာအုပ်များ ရိုက်နှိပ်ထုတ်ဝေခဲ့သည်။ ထိုမှ လူထု ဂျာနယ်၊ လူထု သတင်းစာ တို့ကို ထုတ်ဝေခဲ့သည်။

ဂျပန်ခေတ်အတွင်းက အာရှလူငယ် အသင်း ခရိုင် ဥက္ကဋ္ဌ လုပ်ခဲ့သောကြောင့် ၁၉၄၅ တွင် ဗြိတိသျှ နယ်ချဲ့၏ အဖမ်းဆီး ခံရခြင်း အပါအဝင်၊ ဖဆပလခေတ်၊ မဆလ ခေတ်တို့၌ လူထုအပေါ် ဖိနှိပ်မှုများ၊ လူထုခံစားနေရသည်များကို ရေးသားခဲ့ခြင်းများကြောင့် ဖမ်းဆီးခံရပြီး ၅ ကြိမ် တိတိ ထောင်တွင်းနေထိုင်ခဲ့ရသည်။

လူထုဦးလှသည် ထောင်နှင့် လူသား၊ စစ်ပြီးစက ထောင်တံခါး၊ လှောင်ချိုင့်တွင်းမှ ငှက်ငယ်များ စသည့် သူ၏ထောင်တွင်း အတွေ့အကြုံ စာအုပ်များ၊ ကျနော် သတင်းထောက်၊ ကျနော် မြင်းသမား၊ ကျနော် ဗြူရိုကရက်၊ သတင်းစာများသည် သမိုင်းကို ပြောနေကြသည်၊ သတင်းစာများ ပြောပြတဲ့ စစ်တွင်း မြန်မာပြည် စသည့် စာအုပ်များ၊ တိုင်းရင်းသား ရိုးရာ ပုံပြင်များ၊ ရွှံ့နှင့် စစ်သား၊ ပန်းနှင့် စစ်သား၊ ဆိုဗီယက် ရုရှား စသည့် ဘာသာပြန် စာပေများကို ရေးသားခဲ့သည်။

သူရေးသားခဲ့သော 'ထောင်နှင့် လူသား' မှာ စာပေဗိမာန် စာပဒေသာဆု၊ 'လှောင်ချိုင့်တွင်းမှ ငှက်ငယ်များ' မှာ ယူနက်စကို စီးပွားရေး လူမှုရေး ဆိုင်ရာဆု၊ 'ရခိုင် ကျေးလက် ပုံပြင်များ' မှာ စာပေဗိမာန် အနုပညာ စာပေဆုတွင် ကလေး သူငယ် ဆိုင်ရာ စာပေ ဒုတိယဆုများ ရရှိခဲ့သည်။

(လူထု ဦးလှ၏ ကိုယ်ရေး အချက်အလက်များကို ဧရာဝတီ သတင်းစာမျက်နှာမှ ကူးယူ ဖော်ပြသည်။ ပုံများပေးပို့သော ကဗျာဆရာ မည်းမှောင်နက်တူး ကို ကျေးဇူးတင်ပါသည်။)

အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

သတိချပ်စရာ …

ခေတ်ဆန်သူ တပည့်မတို့
သတိရပေရှာ၊
အဓိက စေတနာငယ်၊
မေကညာခင်ထွေး။
ဆရာမ လွန်ကြင်နာလျှင်၊
သွန်သင်တာ မှတ်တော့ မနှေး။

ကာလဖြင့် ပျက်ချင်ပြီ၊
ဖက်ရှင်တွေ ရှုပ်ထွေး၊
အရှက်တွင် အဟုတ်ဝေးပါပေါ့၊
လှုပ်လှုပ်ကလေး တုံတုံ။

ဖန်ပေါင်းချောင် ရေအတွင်း၊
ရွှေငါးကြင်း လွတ်သည်သို့ကြုံ။
အင်္ကျီက အပါးစုံသည်၊
အသား ပုံဝါဝင်းလို့၊
ကျပ်တင်းတင်း တရားကွာ၊
ခါးက တစ်ထွာ။

မောင်အဘ အားနာလျှင်၊
မှားတာကို ပြင်ကြစို့လေး။
မြန်မာညွန့် ညှိုးမကုန်အောင်
အမျိုးဂုဏ် ဆယ်ကြစို့လေး။

(Forward Mail မှ ရရှိသော ကဗျာလေး ကြိုက်လွန်းလို့ တင်ပေးလိုက်ပါတယ်။ မူရင်းရေးသားသူ နာမည် မသိရတဲ့အတွက် ရေးသားသူရဲ့ ခွင့်ပြုချက် တစုံတရာ မတောင်းလိုက်ရတာကို အနူးအညွတ် တောင်းပန်အပ်ပါတယ်။)

အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

မြန်မာသံရုံးရှေ့နဲ့ ဂျန်တားမန်တားပန်းခြံက ဒေါသပုံရိပ်များ

အညာနွေတမာမြေ