ကျွန်တော်တို့လို အသက်ကို မွေးပေမယ့် မိမိတို့ ကိုယ်လက်အင်္ဂါ တချို့ကို ပေးလိုက်ရသူတွေလည်း ရှိတာမို့ ကျွန်တော်တို့ ထောင်အိပ်ခန်းဟာ ဈေးက အမဲသားတန်းထက်တော့ ပိုပြီး သွေးညှီနံ့ လွှမ်းပါတယ်။ လက်ကောက်ဝတ်က ဖြတ်ထားခံရတဲ့ ယူဂျီတာဝန်ခံ ကိုချိုကြီး (နောက်တော့ ခေါင်းပါဖြတ်ပေး လိုက်ရ) လက်ချောင်းတွေ ခုတ်ထားခံရတဲ့ ကိုအောင်ဖိုးတို့ ခြေထောက်ထဲကို ဖနောင့်ကနေ သံချောင်းကို မီးဖုတ်ပြီး ရှိုသွင်းခံထားရတဲ့ ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်တို့ဆီက သွေးညှီနံ့တွေအပြင် ရံဖန်ရံခါ အကွဲအပြဲ အဖြတ်အတောက်တွေကြားမှာ ကျွန်တော် ကိုယ်တိုင်လည်း ခေါင်းကိုမကြာခဏ အစိမ်းချုပ်ချုပ် ခံရတတ်တာမို့ ကိုယ်ပေါ်က အ၀တ်တွေမှာ သွေးနံ့စွဲနေတာ အဆန်းမဟုတ်တော့ပါ။
htein linn
Monday, December 19, 2011
ကျွန်တော် သန်းကြွယ်သူဌေး ဖြစ်ခဲ့စဉ်က..
Monday, October 17, 2011
ပိုင်ရှင်အလိုရှိသည်
* ယင်း လွမ်းသူ့ပန်းခြင်း၏ ထူးခြားချက် *
၂၀၀၉ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့မှစ၍ ကိုးရက်တိုင်တိုင် မတ်လ (၂၉) ရက်နေ့အထိ နှင်းဆီပန်း ပွင့်များသည် ညှိုးနွမ်းသွားခြင်း လုံးဝမရှိ။ ယနေ့တိုင် ညှိုးနွမ်းသွားသော နှင်းဆီပန်းခြောက်များသည် ကြွေကျသွားခြင်း လုံးဝမရှိ။ (ကျွန်ုပ်၏ ထူးခြားသောမိတ်ဆွေကြီးဆိုသူမှာ မည်သူမည်ဝါဖြစ်သည်ဟု ဖော်ပြရန်လိုအပ်မည် မထင်ချေ။)
Thursday, July 14, 2011
ဆရာတော်ဘဒ္ဒန္တဇ၀န(ယောဆရာတော်)၏ထေရုပ္ပတ္တိ (1938-2011)
၁၃၂၀ခုနှစ်တွင် ရဟန်းဘောင်သို့ဝင်ရောက်ခဲ့ပြီး မန္တလေးမြို့တွင် ရဟန်းစာဝါလိုက်ခဲ့ပြီးနောက် ရန်ကုန်မြို့ခြောက်ထပ်ကြီး သာသနာဂုဏ်ရည်ကျောင်းတိုက် နိုင်ငံတော်သံဃာ့နာယကဒုတိယဥက္ကဌဆရာတော်အဂ္ဂမဟာပဏ္ဏိတဘဒ္ဒန္တ အာဒိစ္စရံသီထံတွင် ပရိယတ် ပဋိပတ္တိစာဝါများလိုက်ကာ သီတင်းသုံးခဲ့ပါသည်။
ဆရာတ်ာကြီးဘန္ဒန္တ္တအာဒိစ္စပျံလွန်တော်မူပြီးနောက်သာသနဂုဏ်ရည်ကျောင်း၏ကျောင်းထိုင်ဆရာတော်အဖြစ် ဆက်လက်သီတင်းသုံးနေထိုင်လာခဲ့ပါသည်။ဆရာတော်မှာကြည်ညိုစရာကောင်းပြီးအေးဆေးတည်ငြိမ်စွာဖြင့်
ဖာသိဖာသာနေထိုင်လေ့ရှိပါသည်။ သူတပါးဝန်ထုပ်ဝန်ပိုးဖြစ်မှာ လွန်စွာစိုးရိမ်တတ်ပြီး ပျံတော်မူသည့်နှစ်အထိ ဆွမ်းခံစားလေ့ရှိပြီး ဒကာ၊ ဒကာမများ၏ပို့ဆွမ်းကိုလက်ခံလေ့မရှိပါ ဆရာတာ်၏ထူးခြားချက်မှာ ရဟန်းဘောင်ဝင်ရောက်ပြီးမှ အစိုးရမူလတန်းကျောင်းစာအုပ်ကို သင်ယူပြီး ဥပဒေဘွဲ့ (BA-BL )ရသည်အထိတက္ကသိုလ် ပညာကိုရယူခဲ့သူဖြစ်ပါသည်။
ဆရာတော်မှာ သတ္တိအလွန်ကောင်းပြီး ဖြောင့်မတ်တည်ကြည်သူဖြစ်ပါသည်။ သာသနဂုဏ်ရည်ကျောင်းသို့ ရောက်လာသမျှသော နိုင်ငံရေးလောကမှ ပုဂ္ဂိုလ်များကို ၁၉၈၈ အရေးအခင်း ကာလ မှသည် ပျံလွန်တော်မူသည့်အချိန်အထိ လွန်စွာဂရုဏာထား၍ စောက်ရှောက်ခဲ့သည်မှာ လွန်စွာထူးခြားသည့်အချက်ဖြစ်သည်။ ကျောင်းသားအဖွဲ့အစည်းမျိုးစုံ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၏ ဘာသာရေးကိစ္စများ အခက်အခဲများကို ဂရုဏာထားပြီး လက်ခံဆောင်ရွက် ပေးတော်မူခဲ့သည်။ ရန်ကုန်မြို့တွင် နိုင်ငံရေးလောကများမှ သာဿနာရေးကိစ္စများကို စစ်အစိုးရ၏ဖိအားကို လျစ်လှူရှူ့ပြီး လက်ခံဆောက်ရွက်ပေးသော လက်ချိုးရေတွက်၍ရသည့် ကျောင်းများထဲတွင် ဆရာတော်၏ ခြောက်ထပ်ကြီးဘုရားကြီးတိုက်သာဿနာ ဂုဏ်ရည်ကျောင်းမှာလွန်စွာ နာမည်ကြီးသည့်အတွက် စစ်အစိုးရ၏ စောင့်ကြပ်ကြည့်ရှု့ခြင်းကို အမြဲခံခဲ့ရပါသည်။

တခါကအာဏာပိုင်အဖွဲ့အစည်းမှ တာဝန်ရှိသူများ ရောက်လာပြီးနိုင်ငံရေး အသိုင်းအ၀ိုင်းမှ လူများ၏ ဘာသာရေးကိစ္စများကို လက်မခံရန် လျှောက်ထားရာတွင် ဆရာတော်က တရားဝင်အမိန့်စာ ထုတ်၍ တားမြစ်ပါက လက်ခံမည့် အကြောင်း မိန့်ကြားခဲ့သဖြင့် တာဝန်ရှိသူများ ပြန်သွားခဲ့ပါသည် ။ နောက်ထပ်၍လည်း ရောက်မလာခဲ့ပါ။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ပေါ်ပေါက်လာသောအခါ စစ်အစိုးရမှ ကျောင်းတိုက်များကို လက်နက်ကိုင်များ၊ စွမ်းအားရှင်များ ၊ကြံ့ဖွံ့များနှင့် ၀င်ရောက်စီးနှင်းခဲ့ရာတွင် ဆရာတော်၏ ကျောင်းမှာ ပထမဦးစားပေးအဖြစ် သတ်မှတ်ခံရပြီး ပထမဆုံးစီးနင်းခံခဲ့ရပါသည်။ ဆရာတော်၏ ကျောင်းမှ သံဃာအားလုံးကို ဖမ်းဆီးပြီး အင်းစိန် GTI စစ်ကြောရေးစခန်းတွင် လူဝတ်လဲခဲ့ပါသည်။ လာရောက်ဖမ်းဆီး စဉ်က ဆရာတော် မှာကံအားကြီး၍ သီသီလေး လွတ်မြောက်ခဲ့ပြီး ဒကာများ၏ အိမ်တွင် ဒုက္ခပင်ပန်းကြီးစွာ ခိုးကြောင်ခိုးဝှက် သီတင်းသုံးခဲ့ရပါသည်။ စစ်အစိုးရလုံခြုံရေးတပ်များက ဆရာတော်၏ အခန်းကို ၀င်ရောက် မွှေနှောက်ရှာဖွေပြီး ဆရာတော်ထံ ဒကာ၊ဒကာမများကအပ်နှံထားသော လက်ဝတ်ရတနာ အထုတ်(၂)ထုတ်ကိုလည်း သိမ်းဆည်းသွားရာ ယခုအထိ ပြန်မရတော့ပါ ။
ဆရာတော်ကျောင်းမှ ဦးပဇင်းများကို ( Mr Ganbari ) ကုလသမဂ္ဂကိုယ်စားလှယ်၏ခရီးစဉ်အတွင်း ပြန်လွှတ်ပေးခဲ့သော်လည်း ဆရာတော်၏ သာဿနဂုဏ်ရည်ကျောင်းကို စစ်အစိုးရမှ ချိတ်ပိတ်သိမ်းပိုက်ခဲ့သည်မှာ ယနေ့အထိဖြစ်ပါသည်။

ဆရာတော်မှ ၄င်းကိစ္စနှုင့်ပတ်သတ်ပြီး သံဃာတော်များအတွက် များစွာစိတ်မကောင်းဖြစ်ခဲ့ပါတယ် ၄င်းကိုယ်တိုင်လည်း နယ်များတွင် ခိုးကြောင်ခိုးဝှက် သတင်းသုံးခဲ့ရပါသည်။ မိမိ၏ ကျန်းမာရေးကိုလည်း ဂရုမစိုက်နိုင်ပဲရှိခဲ့ရာမှ ကျန်းမာရေးဆိုးဝါးလာပြီး အဆုတ်ကင်ဆာ ဝေဒနာကိုပြင်းထန်စွာ ခံစားရင်း ၂၀၁၁ ခုနှစ်ဇူလိုင်လ ၁၀ရက်၊ (၁၃၇၃ ခုနှစ် ၀ါဆိုလဆန်း ၁၀ရက်) ည ၈ နာရီတွင် ခြောက်ထပ်ကြီးသာဿနာဇောတိကကျောင်းတွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။
ဆရာတော်၏ ထူးခြားချက်နောက်တစ်ခုမှာ ပျံလွန်တော်မူသည့်အချိန်အထိ မိမိ၏ကျောင်းပြန်လည် ရရှိရေးအတွက် စစ်အစိုးရထံတွင် တစ်ကြိမ်တစ်ခါမျှ ဒူးထောက်အညံ့ခံခဲ့ခြင်းမရှိခဲ့ပါ။
ဘ၀သံသရာ ရထားကြီးပေါ်ကနေ တယောက်ဆင်း တယောက်တက် မနားတမ်းထွက်ခွာနေတဲ့ခရီးမှာ သံဃအာဇာနည်များ ထပ်မှန်ပေါ်ထွန်းပါစေ။
လူအချင်းချင်း နှိပ်စက်ချင်းကင်းရှင်းကြပါစေ
သံဃာအချင်းချင်း ၀န်တိုချင်းကင်းရှင်းကြပါစေ
ဒို့မေတ္တာစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ
Wednesday, May 11, 2011
ဆရာကြီး နတ်နွယ် ကွယ်လွန်
စာရေးဆရာ နတ်နွယ် (၇၈)နှစ် သည် ယနေ့ နေ့လယ် ၁၂ နာရီ ခန့်က အမှတ် ၄၈ ရပ်ကွက် ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်ရှိ နေ အိမ်တွင် ကွယ်လွန် သွားကြောင်း သိရသည်။ အမည်အရင်း ဦးလှမြင့် ခေါ် ဆရာနတ်နွယ်သည် မြစ်ကြီးနား ဇာတိဖြစ်ပြီး ၁၉၅၀ ခုနှစ်ခန့်မှ စတင်၍ စာပေလောကသို့ ၀င်ရောက်ခဲ့ပြီး ပင်ကိုရေးနှင့် ဘာသာပြန်စာပေများကို ရေးသားခဲ့သည်။
ကလောင်အမည်ခွဲများ
မောင်မြင့်နောင်၊ ကလောင်သစ်၊ နီနီ၊ မောင်တင်အေး၊ မုလာဒင်၊ အေးနီ၊ မြင့်ကေသီ၊ လှမြင့်၊ ကျောက်တိုင်၊ မိုးဇော်ဟိန်း၊ ပျံလွှား၊ မှန်ပြောင်းသစ်၊ စိန်အိုးစည်၊ ဘွဲ့ဖြူ၊ ကောင်းမြတ်၊ ဇင်သောင်း၊ ရွှေစင်၊ မင်းရာကျော်၊ မလိခ (မင်းကျော်နှင့်တွဲလျက်) ကောလိယ။
ကိုယ်ရေးဖြစ်စဉ်
စာရေးဆရာ နတ်နွယ်ကို အဘ ဦးဘ၀မ်း၊ အမိ ဒေါ်စောလုံတို့မှ ၁၉၃၃ ခု နှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် မြစ်ကြီးနားမြို့၌ မွေးဖွားခဲ့သည်။ အ မည်ရင်း လှမြင့် ဖြစ်ပြီး ငယ်စဉ်က မြစ်ကြီးနားမြို့ စောင်းဖန်းအထက်တန်းကျောင်း၊ မန္တလေးမြို့ ဗုဒ္ဓသာသ နာ့နုဂ္ဂဟ အထက်တန်းကျောင်းနှင့် ရန်ကုန်တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သည်။
စုံထောက်မဂ္ဂဇင်း အယ်ဒီတာ၊ အယ်ဒီတာချုပ်၊ လျှို့ဝှက်သည်းဖိုမဂ္ဂဇင်းတွင် တာဝန်ခံအယ်ဒီတာ၊ အမျိုးသား သတင်းစာတွင် ဘာသာပြန်အယ်ဒီတာ၊ မိုးဝေမဂ္ဂဇင်းတွင် အယ်ဒီတာချုပ်နှင့် နွယ်နီမဂ္ဂဇင်း အယ်ဒီတာချုပ် အဖြစ် လုပ်ကိုင်ခဲ့သည်။
၁၉၅ဝ ပြည့်နှစ်၊ ဇွန်လ (၂၈) ရက်နေ့ထုတ် ဟံသာဝတီသတင်းစာ မဂ္ဂဇင်းကဏ္ဍတွင် ‘ကျောင်းသူမ’ ကဗျာဖြင့် စာပေလောကသို့ ရောက်ခဲ့သည်။ မဂ္ဂဇင်း၊ ဂျာနယ်များတွင် ဆောင်းပါး၊ ဝတ္ထု၊ ဝေဖန်စာနှင့် ဘာသာပြန်များ အမြောက်အမြား ရေးခဲ့ပြီး လုံးချင်းဝတ္ထုနှင့် ဘာသာပြန် လုံးချင်းဝတ္ထုများလည်း (၁ဝဝ) ကျော် ရေးသားခဲ့ သည်။
‘မိုးဇော်ဟိန်း’ အမည်ဖြင့်လည်း ဘာသာပြန် လုံးချင်းဝတ္ထုများ ရေးသားခဲ့သည်။ မင်းကျော်နှင့်တွဲပြီး ‘မလိခ’ ကလောင်အမည်ဖြင့် မြန်မာဝတ္ထုအညွှန်းများ ရေးသားခဲ့သည်။
ရေးသားပြုစု ထုတ်ဝေခဲ့သော စာအုပ်များ
1. ကုဋေကုဋာ သိန်းသန်း တန်တော့တယ် - ၁၉၉၇ ခုနှစ်
2. ကုသိုလ်တပဲ ငရဲတပိသာ - ၁၉၆၉ ခုနှစ်
3. ကေသရာဇာ - ၁၉၇၄ ခုနှစ်
4. ကမ္ဘာပတ်လည် ရက်ရှစ်ဆယ် - ၁၉၆ဝ ခုနှစ် (Round The World in Eighty Days)
5. ကမ္ဘာမြေအနှံ့ - ၁၉၆၁ ခုနှစ်
6. ကမ္ဘာရန် - ၁၉၆၈ ခုနှစ်
7. ကမ္ဘာ့ဝတ္ထုအညွှန်း - ၁၉၉၆ ခုနှစ်
8. ကျွန်မအသက် သပြေခက် - ၁၉၇၄ ခုနှစ်
9. ကျားမျက်လုံးနဲ့ ကြောင်မျက်နှာ - ၁၉၇၅ ခုနှစ်
10. ကျော်ဇေယျနှင့် သံကွန်ချာ ခုနစ်ထပ် - ၁၉၇၅ ခုနှစ်
11. ကျောက်ဘီလူး - ၁၉၆၄ ခုနှစ်
12. ချစ်သူနှင့် တခဏ၊ မုန်းသူနှင့် တဘဝ - ၁၉၇၃ ခုနှစ်
13. ချစ်သူရှိသောမြို့ - ၁၉၆ဝ ပြည့်နှစ်
14. ချစ်သောကြောင့် - ၁၉၅၆ ခုနှစ်
15. ဂါမဏိ - ၁၉၇၈ ခုနှစ်
16. ငြမ်း - ၁၉၇၈ ခုနှစ်
17. ငွေလကိုမြင် ကြယ်စင်မဟုတ်ဘူး - ၁၉၇၈ ခုနှစ်
18. စိတ်ထဲမှာ တကမ္ဘာ - ၁၉၇၄ ခုနှစ်
19. စိန်ခေါ်ပွဲ - ၁၉၈၇ ခုနှစ်
20. ဇော်မိုးဟိန်းနှင့် နန်းသက်မွန် ကျောက်ရုပ် - ၁၉၈၁ ခုနှစ်
21. ဇော်မိုးဟိန်းနှင့် သိန်းလေးဆယ် မာယာ - ၁၉၈၂ ခုနှစ်
22. ဇာတ်သမအလယ် - ၁၉၆၁ ခုနှစ်
23. ညဈေးတန်းအစ - ၁၉၆၁ ခုနှစ်
24. ညီအစ်မများနှင့် လူစိမ်းများ - ၁၉၈၂ ခုနှစ်
25. တကွေ့တော့ တွေ့ကြဦးမည် - ၁၉၆၆ ခုနှစ်
26. တခိုင်နန်းမို့ လွမ်းလဲ့ရည် - ၁၉၇၈ ခုနှစ်
27. တဆယ် (၁ဝ) (နတ်နွယ်၊ မိုးဝေ) - ၁၉၆၄ ခုနှစ်
28. တနေ့မဟုတ် တနေ့ - ၁၉၆၅ ခုနှစ်
29. တပင်ကို နှစ်ပင်ယှက်တယ် - ၁၉၇၄ ခုနှစ်
30. တမင်သက်သက် - ၁၉၆၁ ခုနှစ်
31. တဝဲလည်လည် - ၁၉၆၁ ခုနှစ်
32. တက္ကသိုလ်နှင့် ပြင်ပကမ္ဘာ - ၁၉၆၇ ခုနှစ်
33. တဖန်ပြန်၍ မနိုးသော ဝေဒနာ (Coma) - ၁၉၈၃ ခုနှစ်
34. တယောက်က မာယာ - ၁၉၇၃ ခုနှစ်
35. တိတ်တဆိတ် - ၁၉၆၁ ခုနှစ်
36. တိမ်စွယ်မှာ ကွယ်သောနေ - ၁၉၈၁ ခုနှစ်
37. ဒက်ဇယ်လာ - ၁၉၈၇ ခုနှစ်
38. ဒဏ္ဍာရီ - ၁၉၇၈ ခုနှစ်
39. နေကန့်လန့်ကာ လပဝါ - ၁၉၇၅ ခုနှစ်
40. နောက်ဆုံးတနေ့ နောက်ဆုံးကမ္ဘာ - ၁၉၇၆ ခုနှစ်
41. နန္ဒဝန်သို့အပြန် - ၁၉၇၂ ခုနှစ်
42. နန်းစံပယ်နှင့် တယောက်ပြီးတယောက် - ၁၉၇၂ ခုနှစ်
43. နန်းသက်မွန်နှင့် မျက်နှာစိမ်းများ - ၁၉၇၃ ခုနှစ်
44. နွဲ့ဝါ - ၁၉၇၆ ခုနှစ်
45. နှမထွေးမယ့်ကို လိုလျှင် - ၁၉၆၁ ခုနှစ်
46. နှစ်ကြီးသမား - ၁၉၅၇ ခုနှစ်
47. နွယ်နီနိုင်ငံတကာ အဘိဓာန် - ၁၉၉၄ ခုနှစ်
48. နွယ်နီအာရှ နှစ်ချုပ် (၁၉၉၄) - ၁၉၉၄ ခုနှစ်
49. နွယ်နီအာရှ နှစ်ချုပ် (၁၉၉၅) - ၁၉၉၅ ခုနှစ်
50. ပေါက်ပင်ကစိမ်း ကျေးကစိမ်း - ၁၉၇၉ ခုနှစ်
51. ပဉ္စမံအသည်း ပဉ္စလက်အပြုံး - ၁၉၇၉ ခုနှစ်
52. ပုဏ္ဏက - ၁၉၈ဝ ပြည့်နှစ်
53. ပြာပြာညိုရောင် မှိုင်းလဲ့လဲ့ - ၁၉၇၅ ခုနှစ်
54. ဘဝဟူသည် (My Life) - ၁၉၉၁ ခုနှစ်
55. ဘယ်ယိမ်းညာနွဲ့ ဘယ်ပြန်နွဲ့ - ၁၉၇၇ ခုနှစ်
56. မကွယ်သောနေ့က ကြွေသောပန်း - ၁၉၈၄ ခုနှစ်
57. မနေ့တနေ့က ရွာတဲ့မိုး
58. မပြီးဆုံးသေးသောည - ၁၉၇၅ ခုနှစ်
59. မသန္တာ မသိပါ - ၁၉၇၃ ခုနှစ်
60. မီးခိုးမဆုံး မိုးမဆုံး - ၁၉၆၇ ခုနှစ်
61. မိုးညဖြူဖြူ - ၁၉၆၂ ခုနှစ်
62. မိုးထဲလေထဲ - ၁၉၅၄ ခုနှစ်
63. မိုးဖြူမစဲ မိုးမည်းမရွာ - ၁၉၇၉ ခုနှစ်
64. မိုးမှာစနေ လေမှာရာဟု - ၁၉၇၅ ခုနှစ်
65. မောင်နှင့်သာအတူ - ၁၉၆၁ ခုနှစ်
66. မောင်နှင့်သာအတူ ကမ္ဘာမြေအနှံ့ - ၁၉၇၃ ခုနှစ်
67. မျက်ဝါးထင်ထင် - ၁၉၅၆ ခုနှစ်
68. မုန်းပင်အောက်မှာ ချစ်သူရှာ - ၁၉၇၆ ခုနှစ်
69. မျက်တောင်ကော့နဲ့ မျက်ထားညို - ၁၉၇၂ ခုနှစ်
70. မျက်နှာမှာအပြုံး မျက်လုံးမှာ ဒေါသ - ၁၉၇၃ ခုနှစ်
71. မြသဇင် - ၁၉၆၆ ခုနှစ်
72. မြေအောက်သဇင် - ၁၉၅၉ ခုနှစ်
73. မြန်မာပြည်မြောက်ပိုင်း (အတွဲ - ၁) - ၁၉၆၆ ခုနှစ်
74. မြန်မာပြည်မြောက်ပိုင်း (အတွဲ - ၂) - ၁၉၆၇ ခုနှစ်
75. မှုခင်းစုံထောက် ကိုယ်တွေ့မှတ်တမ်း (Diary) - ၁၉၆၂ ခုနှစ်
76. ယုဇနမာလာ - ၁၉၈ဝ ပြည့်နှစ်
77. ရတနာလိုဏ်ဂူ - ၁၉၆ဝ ပြည့်နှစ်
78. ရာမည - ၁၉၇၈ ခုနှစ်
79. ရောမက မိန်းမပျက် (Woman of Rome) - ၁၉၆၄ ခုနှစ်
80. ရန်သူတရာ မိတ်ဆွေတယောက် - ၁၉၇၃ ခုနှစ်
81. ရှက်စဖွယ် (Shame) - ၁၉၆၁ ခုနှစ်
82. ရွှေနှင့်ယိုးမှား ပန်းစကား - ၁၉၇ဝ ပြည့်နှစ်
83. ရွှေဖလားနှင့် မိုးခါးရေ - ၁၉၆၁ ခုနှစ်
84. လကွယ်နေ့ည - ၁၉၆၈ ခုနှစ်
85. လေကစား ကြွားတလူလူဝေ - ၁၉၇၇ ခုနှစ်
86. လင်းအရုဏ်ဦး - ၁၉၈၅ ခုနှစ်
87. ဝင်္ကပါ - ၁၉၆၃ ခုနှစ်
88. သီတာခုနစ်တန် တောင်စဉ်ခုနစ်ထပ် - ၁၉၇၂ ခုနှစ်
89. သစ်တုံးမှန်လျှင် ဆန်လိမ့်မည် - ၁၉၈၂ ခုနှစ်
90. သည်ခေတ်နှင့် သည်မောင်နှမများ - ၁၉၇၂ ခုနှစ်
91. သည်တောင်တန်းမှာ မောင်ထမ်းခေါ်ပါ့မယ် - ၁၉၈၃ ခုနှစ်
92. သန္တာကျွန်း (Coral Island) - ၁၉၆ဝ ပြည့်နှစ်
93. သိင်္ဂီတဝက် ရွှေတဝက် - ၁၉၇၄ ခုနှစ်
94. သုံးနှစ်သုံးမိုး (Three Years) - ၁၉၉ဝ ပြည့်နှစ်
95. အကွေ့တထောင်
96. အချစ်လှေလောင်းနဲ့ ခေတ်ရေစီးကြောင်း ဆန်တက်မယ် (ပ-တွဲ) - ၁၉၈၉ ခုနှစ်
97. အချစ်လှေလောင်းနဲ့ ခေတ်ရေစီးကြောင်း ဆန်တက်မယ် (ဒု-တွဲ) - ၁၉၈၉ ခုနှစ်
98. အနီးအဝေး အနိမ့်အမြင့် - ၁၉၆၅ ခုနှစ်
99. အနောက်မိုးကုပ်စက်ဝိုင်း - ၁၉၆ဝ ပြည့်နှစ်
100. အပျံသင်စ - ၁၉၆ဝ ပြည့်နှစ်
101. အပြာ - ၁၉၅၆ ခုနှစ်
102. အပြာနှင့် အဝါ - ၁၉၇၁ ခုနှစ်
103. အပြာ အဝါ - ၁၉၆၇ ခုနှစ်
104. အပြင်မှာငွေလ ရင်ထဲမှာ နေဆယ်စင်း - ၁၉၈၃ ခုနှစ်
105. အဖြူရောင် သစ္စာပန်းတပွင့် (ပထမတွဲ) - ၁၉၈၈ ခုနှစ်
106. အဖြူရောင် သစ္စာပန်းတပွင့် (ဒုတိယတွဲ) - ၁၉၈၈ ခုနှစ်
107. အများနှင့်တယောက် (Fever) - ၁၉၈၃ ခုနှစ်
108. အဝါ - ၁၉၆ဝ ပြည့်နှစ်
109. အရိပ်သုံးပါး နားမလည် -၁၉၈ဝ ပြည့်နှစ်
110. အရုပ်နဂါး အရုပ်ကျား - ၁၉၇၄ ခုနှစ်
111. အရှေ့စူးစူး အနောက်ယွန်းယွန်း - ၁၉၆၉ ခုနှစ်
112. အရှေ့မိုးကောင်းကင် အမှတ် (၁) - ၁၉၆၅ ခုနှစ် (Baltic Skies)
113. အရှေ့မိုးကောင်းကင် အမှတ် (၂) - ၁၉၆၅ ခုနှစ် (Baltic Skies)
114. အလည်လာတဲ့ မိန်းကလေးရယ် - ၁၉၇၄ ခုနှစ်
115. အလွမ်း၏ အလွမ်း - ၁၉၈၁ ခုနှစ်
116. အဏ္ဏဝါပြင်မှာ ထင်သောလ - ၁၉၈၁ ခုနှစ်
117. ဣန္ဒာနီလာ သန္တာပုလဲ - ၁၉၇၇ ခုနှစ်
118. အုံးအုံးကျွက်ကျွက် - ၁၉၆၅ ခုနှစ်
119. တံခွန်တိုင် မောင်နှမများ - ၁၉၇၂ ခုနှစ်
(မြန်မာအွန်လိုင်းစွယ်စုံကျမ်းမှ ...)
Saturday, April 9, 2011
ဆရာပါရဂူ (၁၉၂၁- ၂၀၁၁) ကွယ်လွန်အနိစ္စရောက်
ပါရဂူ၏ အမည်ရင်းမှာ ဦးလှကြိုင်ဖြစ်သည်။ ဟင်္သာတခရိုင် သနွံသနော့ကျေးရွာ၌ အဘဦးဘစော(စက်ချုပ်)၊ မိခင်ဒေါ်မေတုတ်တို့မှ ၁၉၂၁ ခု၊ နိုဝင်ဘာ ၁၀ ရက်၊ ကြာသပတေးနေ့တွင် မွေးဖွားခဲ့သည်။
ပါရဂူလောင်းလျာ မောင်လှကြိုင်သည် သနွံသနော့ရွာ မူလတန်းကျောင်း၌ စတုတ္ထတန်းအထိ ပညာသင်ကြားခဲ့ သည်။ သင်္ကန်းဝတ်ချင်လွန်း၍ စာမေးပွဲမဖြေခဲ့။ ၁၁နှစ်သားတွင် ကိုရင်ဝတ်ခဲ့သည်။ ကိုရင်ဝတ်နှင့် လောကုတ္တရာ စာပေကို စသင်ဖြစ်သည်။ ကိုရင်ဘွဲ့အမည်မှာ ရှင်ပုဏ္ဍရိကဖြစ်သည်။ ၁၄ နှစ်အရွယ်တွင် ဟင်္သာတမြို့ မြစ်ကွေ့ ကျောင်းတိုက်၌ ပညာဆက်သင်သည်။ ရှင်ပုဏ္ဍရိကဘွဲ့အမည်ကို ရှင်ပါရဂူဘွဲ့ပြောင်းသည်။ မြစ်ကွေ့ကျောင်း ပဓာန ဆရာတော် ဦးပညာဝံသသည် အမှတ်အသား အစုအဆောင်း အလွန်ကောင်းသည်။ ထိုဆရာတော်မျိုးထံတွင် ပညာ လိုလားသော ရှင်ပါရဂူသည် ပညာကိုကျိုးနွံစွာ သင်ကြားခဲ့သည်။ သဒ္ဒါ၊ သင်္ဂြိုဟ်မှ စ၍ သင်ကြားခဲ့သည်။ နောက် ရှင်တေဇောသာရ(ဒဂုန်ဦးထွန်းမြင့်)က စာချပေးခဲ့သည်။ နောက်ပိုင်း ရှင်တေဇောသာရက လဟာရက်ရွာ ပြောင်းရာ ရှင်ပါရဂူလိုက်ပြောင်းခဲ့သည်။ ရှင်ဥာဏိဿရ(ဦးဆန်းထွန်း)လည်း ပါသည်။ ရှင်ပါရဂူ ၁၅ နှစ်အရွယ်တွင် သန်လျင် မြို့နယ် လဟာရပ်ရွာ ပထမပြန်စာသင်တိုက်မှ အစိုးရပထမပြန်စာမေးပွဲ ပထမငယ်တန်းအောင်မြင်သည်။ ၁၆နှစ် တွင် ပထမလတ်တန်း၊ ၁၇ နှစ်ရွယ်တွင် ပထမကြီးတန်းတို့ကို အောင်မြင်သည်။ ထိုနှစ်က ဟံသာဝတီ တစ်ခရိုင် လုံး ပထမကြီးနှစ်ပါးတည်းအောင်မြင်ရာ တစ်ပါးမှာ ရှင်ပါရဂူဖြစ်သည်။
ပထမပြန်စာမေးပွဲသမိုင်း၌ ၁၇နှစ်နှင့် ပထမကြီးတန်းအောင်မြင်သူ နှစ်ပါးသာရှိသည်။ တစ်ပါးမှာ ရှင်ပါရဂူ ဖြစ်သည်။ အသက် ၁၉နှစ်အရွယ်၌ အစိုးရဓမ္မာစရိယစာချတန်း ဂုဏ်ထူးကျမ်းအောင်မြင်သည်။ စာပို့ချပေးသူ ဆရာမှာ အရှင်တေဇောသာရ(ဒဂုန်ဦးထွန်းမြင့်) ဖြစ်သည်။ (ပါရဂူ၏ ပဥှာကထာစာအုပ်တွင် ဆရာဦးအောင်သင်းက မေး၍ ဆရာပါရဂူက သူပညာသင်ယူခဲ့ပုံတွေကို အသေးစိတ် ဖြေဆိုဖောက်သည်ချထားသည်။)
၁၉၃၉ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် ''တိုးတက်ရေးမဂ္ဂဇင်း''တွင် မျိုးညွန့်နွယ်အမည်ဖြင့် လူငယ်ခေတ် ဆောင်းပါး ကို ပထမဆုံး စတင်ရေးခဲ့သည်။ ထို့နောက် ရှင်ပါရဂူကိုရင်အမည်ဖြင့် တိုးတက်ရေးမဂ္ဂဇင်းနှင့် ''ဒဂုန်မဂ္ဂဇင်း''တို့၌ ဆောင်းပါးများဆက်ရေးခဲ့သည်။ ၁၉၄၀ ခုနှစ် သြဂုတ်လထုတ် တိုးတက်ရေးမဂ္ဂဇင်း၌ ''ဘုန်းကြီးကျောင်းသား'' အမည်ဖြင့် ''ရင်သွေး''၀တ္ထုတိုကို ရေးခဲ့သည်။ ပါရဂူ၏ ပထမဆုံး ၀တ္ထုဖြစ်သည်။
၁၉၄၁ အသက် ၂၀ အရွယ်တွင် သနွံသနော့ရွာ၌ ရဟန်းခံခဲ့သည်။ ဂျပန်ခေတ်(၁၉၄၄ ခုနှစ်)တွင် သံလျင်မြို့ ဂျပန်စာသင်ကျောင်း၌ ဂျပန်စာ ၂နှစ်သင်ခဲ့သည်။ ရန်ကုန်မှ တစ်ပြည်လုံးရှိ ဂျပန်စာသင်ကျောင်းများအတွက် ထုတ်ဝေသော ဂျပန်သတင်းစာ၌ အရှင်ပါရဂူအမည်ဖြင့် ဂျပန်ဘာသာဆောင်းပါးတစ်ပုဒ် ရေးခဲ့သည်။
အိန္ဒိယသူဌေးကြီးဗီရလာ၏ အရိယဓမ္မပညာတော်သင်ဆုဖြင့် ၁၉၄၇ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့၊ ဗာရာဏသီ ဟိန္ဒူတက္ကသိုလ် အိုရီယန်တယ်ကောလိပ်၌ ဟိန္ဒီနှင့်သက္ကတသင်သည်။ ထိုအချိန်တွင် မိဂဒါဝုန် မဟာ ဗောဓိအသင်းက ထုတ်ဝေသောဟိန္ဒီဘာသာဓမ္မဒူတစာအုပ်၌ ဟိန္ဒီဘာသာဆောင်းပါးရေးသည်။ ဂျာနယ်ကျော်၌ လည်းရေးသည်။ ၁၉၅၂ ခုတွင် မြန်မာနိုင်ငံသို့ ပြန်လာသည်။ ၀ိဇ္ဇာအမည်ဖြင့် ရာဟုလာသံကိစ္စည်း၏ ဗော်လဂါမှ ဂင်္ဂါသို့(ဒုတိယပိုင်း)ကို မြန်မာပြန်ခဲ့သည်။ ပထမပိုင်းကို ရှင်ဥာဏိဿရ(ဦးဆန်းထွန်း)က ဘာသာပြန်ခဲ့သည်။ နောက်ပိုင်းပေါင်းထုတ်ခဲ့သည်။
၁၉၅၄ ခုတွင် ပါရဂူအမည်ဖြင့် ''ဗုဒ္ဓစကား''ကိုရေးခဲ့သည်။ ၁၉၅၅ ခုတွင် လူဝတ်လဲခဲ့သည်။ ၁၉၅၆ ခုနှစ်တွင် နယူးဒေလီမြို့၌ကျင်းပသော အာရှစာရေးဆရာညီလာခံ၏ အတွင်းရေးမှူးအဖွဲ့ဝင် အဖြစ်ဖြင့်လည်းကောင်း၊ ညီလာခံကိုယ်စားလှယ်အဖြစ်ဖြင့် လည်းကောင်း ပါဝင်တက်ရောက်ခဲ့သည်။ ထိုအချိန်၌ နယူးဒေလီမြို့တွင် ဗုဒ္ဓ ဇယန္တိအထိမ်းအမှတ်ဖြင့် ယူနက်စကိုမှ ကြီးမှူးကျင်းပသော ဗုဒ္ဓစာပေနှီးနှောဖလှယ်ပွဲသို့ လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။
၁၉၅၇-၆၁အထိ မြန်မာနိုင်ငံရှိ အိန္ဒိယသံရုံးပြန်ကြားရေး ဘာသာပြန်အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၈ မှ ၆၁အထိ မြန်မာနိုင်ငံစာရေးဆရာအသင်းတွင် အမှုဆောင်တာဝန် ထမ်းဆောင်သည်။ ၁၉၆၃ ခုနှစ်တွင် သုန္ဒရနန္ဒခေါ် ညီတော်မင်းနန်စာအုပ်ဖြင့် အနုပညာဆိုင်ရာ ဘာသာပြန်စာပေဆု ချီးမြှင့်ခြင်းခံရသည်။
၁၉၆၃ မှ ၁၉၆၅ထိ မြန်မာနိုင်ငံ စာရေးဆရာသမဂ္ဂအသင်းအမှုဆောင်၊ မြန်မာနိုင်ငံ စာပေပြန့်ပွားရေး အသင်းအမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ''ဟိန္ဒီဆာဟိတျ ဆမ္မေလန်'' ခေါ် မြန်မာနိုင်ငံ ဟိန္ဒီ စာပေအသင်းမှ ချီးမြှင့်သော ''စာပေ ရွှေတံဆိပ်''ဆု ရရှိခဲ့သည်။
၁၉၇၁ မှ ၁၉၇၅ ခုနှစ်အထိ မြန်မာစာကော်မရှင်အဖွဲ့၊ အဖွဲ့ဝင်တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၇၅ ခု ဇန်န၀ါရီ ၁၀မှ ၁၄ရက်၌ အိန္ဒိယပြည် နာဂပူမြို့တွင်ကျင်းပသော ကမ္ဘာ့ဟိန္ဒီစာပေကွန်ဖရင့်၏ မြန်မာ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့။
၁၉၈၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံ အီဂတ်ပူရီ နိုင်ငံတကာ ၀ိပဿနာအကယ်ဒမီမှဖိတ်၍ သွားရောက်ခဲ့သည်။ အိန္ဒိယနိုင်ငံ ဗဟိုအစိုးရ ပြည်ပရေးရာဝန်ကြီးဌာန ဟိန္ဒီဌာနခွဲ၏ကိုယ်စား၊ အတွင်းဝန်(ဒု-၀န်ကြီးအဆင့်)က နယူး ဒေလီမြို့၊ ဟိုက်ဒရာဘတ်အောက်စ်၌ ဂုဏ်ပြုဧည့်ခံပွဲ ကျင်းပပေးခဲ့။
- ကာဒမ္ဗရီခေါ် ဟိန္ဒီမဂ္ဂဇင်းကြီးက အင်တာဗျူးလုပ်ခဲ့။
- အောလ်အိန္ဒိယရေဒီယိုမှ မြန်မာဘာသာဖြင့် ဟောပြောချက် ၂ခု အသံလွှင့်ခဲ့။
- ဟိန္ဒီဘာသာဖြင့် အင်တာဗျူးလုပ်ခဲ့။
- ဗာရာဏသီမြို့ သတင်းစာဆရာအသင်းမှကြီးမှူး၍ သတင်းစာဆရာများနှင့် တွေ့ဆုံပွဲနှင့် ဂုဏ်ပြုပွဲလုပ်ခဲ့။
- ဗာရာဏသီ၊ အဘိမနျူစာကြည့်တိုက်မှလည်း ဧည့်ခံ ဂုဏ်ပြုပွဲ လုပ်ခဲ့။ ၁၉၇၅ ခုနှစ်မှစ၍ လေးငါးနှစ်တိတိ
ဗာရာဏသီ မြို့ ဟိန္ဒီနေ့စဉ်သတင်းစာ(အာ့ခ်ျ)၌ ဦးပါရဂူအမည်ဖြင့် ''မြန်မာပြည်မှပေးစာ'' ခေါင်းစဉ်တပ်လျက် ဟိန္ဒိဘာသာ သတင်းဆောင်းပါး မှန်မှန်ရေးခဲ့။
- ၁၉၇၇ခုနှစ်မှစ၍ သုံးလေးနှစ်အထိ ကရာချိမှ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော ယူနက်စကို၏ လေးလ တစ်ကြိမ်ထုတ်(News Letter)တွင် ဦးလှကြိုင်အမည်ဖြင့် မြန်မာနိုင်ငံစာပေ ယဉ်ကျေးမှု၊ လှုပ်ရှားမှုနှင့် ပတ်သက် ၍ သတင်းဆောင်းပါးရေးခဲ့။
- ၁၉၈၅ ခုနှစ်တွင် မြန်မာနိုင်ငံ ကောလိပ်နှင့်တက္ကသိုလ်များ၏ အရှေ့တိုင်းစာပေသင်ကြားရေးအဖွဲ့၊ အဖွဲ့ဝင် အဖြစ် စတင်ဆောင်ရွက်သည်။
- ၁၉၈၆ ခုနှစ်တွင် ''ဂေါရီ''၀တ္ထုဖြင့် အမျိုးသားစာပေဆု ဘာသာပြန်ဆုရရှိခဲ့သည်။ ထိုနှစ်ထဲတွင် အိန္ဒိယနိုင်ငံ အီဂတ်ပူရီတွင်ကျင်းပသော နိုင်ငံတကာဝိပဿနာအကယ်ဒမီ၏ နိုင်ငံတကာဝိပဿနာဆီမီနာသို့ တက်ရောက်ခဲ့။
- အော်လ်အိန္ဒိယရေဒီယိုမှ မြန်မာဘာသာဖြင့် ဟောပြောချက် ၄ခု အသံလွှင့်ပြီး ဟိန္ဒီဘာသာဖြင့် အင်တာဗျူး လုပ်ခဲ့။
- ဒေလီမြို့မှ ထုတ်ဝေသော ''ပန်ကျဂျနယ'' အပါတ်စဉ်ဂျာနယ်ကလည်း အင်တာဗျူးလုပ်ခဲ့။
- ကာလကတ္တားမြို့ ''ယောဂက္ခေမ''အဖွဲ့မှပြုလုပ်သော ဧည့်ခံပွဲ၌ မြန်မာစာအဖွဲ့ကိုယ်စား ဟိန္ဒီဘာသာဖြင့် မိန့်ခွန်းပြောခဲ့။
၁၉၈၉ တွင်မြန်မာပြည် တဂိုးအသင်းဥက္ကဌ မြန်မာပြည် ဟိန္ဒီအသင်းဥက္ကဌ။ ၁၉၉၀ တွင် ပါရဂူ ကလောင် အမည်ဖြင့်ရေးသော ပင်ကိုယ်ရေ''ပရိယ ဒရရှီ အရှို(က်)(ပိယဒဿီ အသောက)ဟိန္ဒီလုံးချင်းဝတ္ထုကို နယူးဒေလီ မြို့ ''ဧရာဝတီပတ်ဘလစ်ကေးရှင်း''မှ ထုတ်ဝေခဲ့။ ထိုဝတ္ထုကို ဒေလီမြို့ရှိ အထက်တန်းကျောင်းများအတွက် ရည်ညွှန်း စာအုပ်အဖြစ် ပြဌာန်းခဲ့။
၁၉၉၄ -ခုနှစ် ဖေဖော်ဝါရီလ၌ ဗာရာဏာသီ ဆာရနတ် (မိဂဒါဝုန်)တွင် ကျင်းပသော ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ နှင့်ပတ်သက်သော အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့။
- နယူးဒေလီမြို့၌ နာမည်ကျော် ဟိန္ဒီစာရေးဆရာ ''ဟိမန် ရှုဂျိုရှီ'' (ဂေါမတီဝတ္ထုရေးသူ)က ချီးကျူး ဂုဏ်ပြု စကားပြောခဲ့။ ၁၉၉၈ခု မြန်မာနိုင်ငံ ယဉ်ကျေးမှုတက္ကသိုလ်ပညာရေးအဖွဲ့ အဖွဲ့ဝင်၊ အပြည်ပြည်ဆိုင်ရာ ဓမ္မဂီရိဝိပ ဿနာအဖွဲ့(ဓမ္မဇောတိ) အမှုဆောင်၊ မင်္ဂလာဗျူဟာ ပရဟိတအဖွဲ့ ဥက္ကဌ တာဝန်များ ထမ်းဆောင်ခဲ့။
၂၀၀၀ ပြည့်နှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ ရည်ညွှန်းကျမ်း စီစဉ်ရေးအဖွဲ့ အဖွဲ့ဝင်၊ နော်ဝေးရောက် အိန္ဒိယအမျိုးသားများ အင်္ဂလိပ်၊ ဟိန္ဒီ နှစ်ဘာသာဖြင့် ထုတ်ဝေသော ''သျှံတိ ဒူတ မဂ္ဂဇင်း''၏ အကြံပေးတာဝန် ထမ်းဆောင်သည်။
၂၀၀၁ ခုနှစ် ပခုက္ကူဦးအုန်းဖေ၏ တစ်သက်တာစာပေဆု ချီးမြှင့်ခြင်းခံရသည်။ ဆရာပါရဂူသည် ၂၀၀၁-ခုနှစ်၊ အသက် ၈၀ပြည့် ချိန်တွင် လုံးချင်းစာအုပ် ၁၀၀အထိ ပုံနှိပ်ထုတ်ဝေခဲ့သည်။
ဆရာပါရဂူ ပါဝင်သော စာပေနှင့် ဘာသာရေး အဖွဲ့အစည်းများမှာ
(၁) မြန်မာနိုင်ငံ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု ဗဟိုအဖွဲ့ (အကြံပေးအဖွဲ့ဝင်)
(၂)အပြည်ပြည်ဆိုင်ရာ ဓမ္မဂီရိဝိပဿနာအဖွဲ့ (အမှုဆောင်)
(၃) သီယိုဆိုဖီအသင်း (နာယက)
(၄) ဗုဒ္ဓ၀င်ပြပွဲကော်မတီ (နာယက)
(၅) မြန်မာနိုင်ငံ ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့(နာယက)
(၆) မြန်မာစာအဖွဲ့(အဖွဲ့ဝင်) (၁၉၇၁-၇၅)
(၇) မြန်မာနိုင်ငံတက္ကသိုလ်နှင့် ကောလိပ်များ၏ အရှေ့ တိုင်းစာပေသင်ကြားရေးအဖွဲ့ (အဖွဲ့ဝင်)
(၈)မြန်မာနိုင်ငံ စာရေးဆရာများအသင်းအမှုဆောင် (၁၉၅၈)
(၉)စာရေးဆရာ စာပေကလပ်(ဟောင်း)အမှုဆောင် (၁၉၅၈)
(၁၀) မြန်မာစာပေပြန့်ပွားရေးအသင်းဒု-ဥက္ကဌ (၁၉၆၀)
(၁၁) စာရေးဆရာသမဂ္ဂအမှုဆောင် (၁၉၆၀)
(၁၂) မြန်မာပြည် တဂိုးအသင်း(ဥက္ကဌ) (၁၉၉၀-၉၅)
(၁၃) မြန်မာနိုင်ငံ ဟိန္ဒီစာပေအသင်း(ဥက္ကဌ) (၁၉၉၃-၉၅)
ပြုစုခဲ့သော ကျမ်းစာအုပ်များ (၁) ဗုဒ္ဓစကား၊ (၂) မဟာခရီးသည် ၊ (၃) ဗုဒ္ဓအဘိဓမ္မာနှင့် မာ့စ်အဘိဓမ္မာ၊ (၄) အညမညသဘောတရားနှင့် ဗုဒ္ဓအဘိဓမ္မာ၊ (၅) ဗုဒ္ဓမြတ်စွာ၊ (၆) ဈင်ဗုဒ္ဓဘာသာ၊ (၇) ပလေတို၊ (၈) အရစ္စ တိုတယ်၊ (၉) လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး၊ (၁၀) ပရကထာ (တစ်စေ့ တစ်စောင်း စာရေးဆရာအကြောင်း)၊ (၁၁) ဂင်္ဂါနှင့်ဧရာဝတီ၊ (၁၂) အိန္ဒိယခရီးသည်၊ (၁၃) ရေစီးကြောင်း(စာပေယဉ်ကျေးမှု)၊ (၁၄) နီတိပုံပြင်များ၊ (၁၅) တမ္ပဏ္ဏိ၊ (၁၆) ပုဂံခရီးသည်။
ကျမ်းစာအုပ်များ(ဘာသာပြန်) (၁) နေရူး၏သမီးထံပေးစာ၊ (၂) ဗုဒ္ဓ၀ါဒနှင့် ဆိုရှယ်လစ်ဝါဒ၊ (၃) ကွန်မြူနစ်ဝါဒ သာလျှင် အဘယ်ကြောင့်၊ (၄)တော်လှန်သော အတွေးအခေါ်၊ (၅) ကျန်းမာရေးသ၀ဏ်လွှာ(လှကြိုင်)၊ (၆) ညီတော်မင်းနန်၊ (၇) နိဗ္ဗာန်၊ (၈) ဓမ္မ(သို့)ဘ၀တစ်လျှောက်နေသွားနည်း အတတ်ပညာ၊ (၉) မဟာလူသားဗုဒ္ဓ၊ (၁၀) ဗုဒ္ဓဒိုင်ယာယီ၊ (၁၁) ဗာဗာဒိုဟာ ဓမ္မကဗျာ၊ (၁၂) တရားရေစီးကြောင်း၊ (၁၃) စကားပြောသောရုပ်တုများ၊ (၁၄) ဓမ္မစကား၊ (၁၅) ယောဂီ၏ ဘ၀ဂါထာ ယခင်နှင့်ယခု၊ (၁၆) ဟိတောပဒေသ၊ (၁၇) ပဉ္စတန္တရ။
ဝတ္ထု(ဘာသာပြန်) (၁)သိဒ္ဓတ္ထ၊ (၂) သူလိုဘုရင်၊ (၃) တဂိုးဝတ္ထုတိုများ၊ (၄) တဂိုး၏ တံလျှပ်ရေထင် ရွှေသမင် ပမာနှင့်အခြားဝတ္ထုတိုများ၊ (၅) တဂိုး၏ ရာဇကုမာရီနှင့်အခြားဝတ္ထုတိုများ၊ (၆) တဂိုး၏ သံသယနှင့် ၀တ္ထုတိုများ၊ (၇) တဂိုး၏ မဉ္ဇိမပဋိပဒါနှင့် အခြားဝတ္ထုတိုများ၊ (၈) အမ္ဗပါလီ၊ (၉) သီပေါ၏မဟေသီ၊ (၁၀) စိတ္တရလေခါ၊ (၁၁) ဂေါရီ၊ (၁၂) ပန်းပုဆရာ၊ (၁၃) ဗုဒ္ဓယဉ်ကျေးမှုပြဇာတ်များ ၊ (၁၄) ဖော်မဲ့ဟင်္သာ၊ (၁၅) ဝေသာလီ၊ (၁၆) မင်းနှင့် ပြည်သူ၊ (၁၇) ၀တ္ထုသမုဒ္ဒရာ၊ (၁၈) ဝေတာလ၀တ္ထု၊ (၁၉) ဗော်လဂါမှ ဂင်္ဂါသို့၊ (၂၀) အမေ့ခံခရီးသည်၊ (၂၁) လူ့ဘောင်သစ်၊ (၂၂)သီဟ သေနာ ပတိ ၊ (၂၃) ဒိဗျာ၊ (၂၄) သာလ၀တီနှင့် အခြားဝတ္ထုများ၊ (၂၅) ဒတ္တ ၏ အတ္တကထာ ၊ (၂၆) ရာဇဘိသိက်။
'
'၀တ္ထု(ပင်ကိုရေး)'' (၁) ပီယဒဿီ (၂) ပုဂံဈေးနှင့် အခြားဝတ္ထုတိုများ (၃) သားတော်ရာဟုလာ တစ်စိတ် တစ်ဒေသမှီး၊ (၄) နေရဉ္စရာနှင့် အခြားဝထ္ထုများ၊ (၅) ကံ၏ အကျဉ်းသားနှင့် အခြားဝတ္ထုများ၊ (၆) ပရိယဒရရှီ အရှို(က်)။
ဆရာပါရဂူသည် ယခုအခါ ပါရဂူရှန်တိနိကေတန်စာကြည့်တိုက် ထူထောင်ထားလျက် ဦးပုညလမ်း၊ ၁၆ ရပ်ကွက်၊ ရွှေပေါက္ကံမြို့သစ်တွင် နေထိုင်လျက် ရှိပါသည်။
Thursday, February 3, 2011
သားသုံးသားရှင်းလင်းရေး ဆရာတော်ပျံလွန်တော်မူ
ဘာဂိုဏ်းညာဂိုဏ်းဆိုတာထက် တကိုယ်တော်နာမည်ကြီးမှုကိုရှေ့တန်းတင်ပြီး မျက်နှာလိုအားရလုပ်ခဲ့တဲ့ လုပ်ရပ်ကြောင့် ပဲခူးဒေသခံကြားမှာ ဆရာတော်ကို အရိုအသေတန်သွားခဲ့ပါတယ်။ ဆရာတော်ရဲ့အနီးကပ်တပည့်တွေ အဝေးရောက်တပည့်တွေလည်း ဒီကိစ္စကြောင့်မျက်နှာငယ်ခဲ့ရပါတယ်။ ဆရာမကောင်းရင်လည်း တပည့်ခေါင်းကို ကျတတ်ပါတယ်။ မိဘမကောင်းရင်လည်း သားသမီးမှာ အရိပ်မဲဖုံးအုပ်တတ်ပါတယ်။ လမ်းမှားညွန်ပြတဲ့ ဒေ၀ဒတ်လိုလူကို ဆရာတင်မိရင်တော့ ၅ပါးတင်မက သံဃာစင်ပါမှောက်သွားမှာပါ။ အရင်က ဘယ်လောက်ပဲ သာသာနာကို မြတ်နိုးပါတယ်။ ကောင်းကျိုးတွေသယ်ပိုးပါတယ် ဆိုတဲ့ ဆရာတော်ရဲ့အဖြူရောင်ပန်းချီကားဟာ ဒီလုပ်ရပ် အမည်းရောင်ကြီးကြောင့် ဆရာတော်ရဲ့သမိုင်းကို မလှမပဖြစ်သွားရပါတယ်။
ကိုင်း ရှေ့ကလမ်းညွန်ပြတဲ့ ဆရာတော်တော့ကြွသွားရှာပြီ ခိုင်းတဲ့တိုင်းလိုက်လုပ်တဲ့ နောက်လိုက်ဗိုလ်မှူးဗိုလ်ပါ အားလုံး ဘုရားသာ တထားပေရော့
မရဏဆိုတာ ဘယ်သူ့ကိုမှချန်မထားတာမှန်ပေမယ့် ကျန်ရစ်ခဲ့တဲ့သမိုင်းလေး လှနေနိုင်ကြပါစေ
Thursday, January 13, 2011
နှောင်းတမြေ့မြေ့ပါပဲဗျာ (မောင်ဝဏ္ဏ နောက်ဆုံးခရီး)
ယင်းအခမ်းအနားတွင် စာပေ၊ ဂီတ၊ ရုပ်ရှင် နယ်ပယ်အသီးသီးမှ အနုပညာသမားများ နှင့် ဆရာ မောင်ဝဏ္ဏ၏ အနုပညာကိုချစ်မြတ်နိုးကြသော ပြည်သူလူထုအပေါင်းတို့မှ လာရောက်၍ နောက်ဆုံးခရီးကိုလိုက်လံပို့ဆောင်ကြသည်။
ဆရာ မောင်ဝဏ္ဏသည် အမှန်တကယ် ပန်းတွေနဲ့ဝေ၍ ကတ္တီပါဖိနပ်စီးရွှေထီးဆောင်းကာ ဘ၀တစ်ပါးသို့ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါသည်။






Saturday, December 11, 2010
Wednesday, November 10, 2010
နောင်ဘ၀ရောက်ရင် ပစ်မှတ်ကိုထိအောင်ပစ်

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် နှလုံးသွေးကြောကျဉ်းရောဂါဖြင့် ဆေးရုံတတ်၍ ခွဲစိတ်မှု ပြုလုပ်စဉ်က သွေး(၂) ကြိမ်၊ မကွယ်လွန်ခင် ၂၀၁၀ ခုနှစ် အောက်တိုဘာလတွင် ဆေးရုံပြန်လည် တက်ရောက်စဉ် လိုအပ်သော သွေးအတွက် (၂) ကြိမ်တိုင်တိုင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူထံ အကူအညီတောင်း၍ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများက သွားရောက်၍ သွေးလှူဒါန်းမှုများကို ပြုလုပ်ပေးခဲ့ပါသည်။

၅.၁၁.၂၀၁၀ (သောကြာ) နေ့တွင် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားသော စာရေးဆရာ၊ ဒါရိုက်တာ တင်သန်းဦး၏ ဈာပနအခမ်းအနားအား ၉.၁၁.၂၀၁၀ (အင်္ဂါ) နေ့ နံနက် (၁၁း၀၀) နာရီတွင် ရေဝေးသုဿန်၌ ဈာပနအခမ်းအနား ကျင်းပခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၀တ်ရွတ်အဖွဲ့၊ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများဖြင့် ၀ိုင်းဝန်းကူညီ ဖေးမကာ သင်္ဂြိုလ်ပေးခဲ့ ပါသည်။ ကွယ်လွန်သူ စာရေးဆရာ၊ ဒါရိုက်တာ တင်သန်းဦးသည် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ရုပ်ရှင်လောကတွင် ကျင်လည်ခဲ့စဉ် အချိန်ကာလ၌ တိန်ကော့နော်ဂျာ၊ လှလေးစိန် မိုမိုချစ်တဲ့ ကွန်မန်ဒို၊ လေသူရဲချစ်သူ စသည့် ရုပ်မြင်သံကြား ဇာတ်လမ်းများ၊ ရုပ်ရှင်ဇာတ်ကားကြီးများတွင် တွေ့ဆုံရင်းနှီးခဲ့သူ ဖြစ်သည့်အပြင် ခံယူချက် (နိုင်ငံရေး၊ အနုပညာရေး) များကို ရင်းနှီးစွာ ငြင်းခုံခဲ့သော ညီရင်းအစ်ကိုသဖွယ် ပေါင်းသင်းလာသော သူတစ်ဦးလည်း ဖြစ်ပါသည်။

ယင်းဈာပန အခမ်းအနားတွင် “အဖူးရေ … နောင်ဘ၀ကျရင် ပစ်မှတ်ကိုထိအောင်ပစ် (လှလေးစိန်)” ဟူသော လွမ်းသူပန်းခြင်း၏ အဓိပ္ပါယ်ကို ကွယ်လွန်သူ ဦးတင်သန်းဦးနှင့် လူမှုရေးကိစ္စ အ၀၀များကို ပေးဆပ်နေသူ ဦးကျော်သူမှ လွဲ၍ မည်သူမှ သိနိုင်တော့မည် မဟုတ်။

သတင်းမှတ်တမ်း နာရေးကူညီမှုအသင်း(ရန်ကုန်)
Friday, November 5, 2010
အာရုဏ်ဦးမှာ မူးသည့်ငါရဲ့ ဒါရိုက်တာ သေဆုံးခြင်း
ပရိတ်သတ်ကြီးက သူခင်များ ရွေးကောက်ပွဲ မဲဆွယ်ဇာတ်ကားရိုက်ပြီး ရွေးကောက်ပွဲပြီးအောင်တောင် နေမသွားရရှာဘူး မဲတောင်မပေးလိုက်ရရှာဘူးလို့ တွေးနေတယ်မလား၊ သူ့အတွက် မဲပေးပိုင်ခွင့်ကို သက်ဆိုင်ရာက လက်မနှေးပါဘူးခင်များ ဆေးရုံပေါ်မှာ ကြိုတင်မဲထည့်ဖို့ စီစဉ်ပေးတဲ့အတွက် ထည့်သွားရ ရှာပါသတဲ့ ။
သူ့အကြောင်းတော့ တကူးတက ရှာပေးမနေတော့ဘူးဗျာ နော၊ ဘယ်သူမှ စိတ်ဝင်စားမယ်မထင်လို့ ၊ ပရိတ်သတ်ကြီးလည်း သတိထားကြနော် သမီး ၁၈ နှစ်ပြည့်ပြီ မဲပေးလို့ရပြီလို့ ခဏဏ မပြောနဲ့နော် ကြိုတင်မဲပုံးကြီးက ရောက်လေရာမှာ အရောက်လာမှာ တိယား
အညာနွေတမာမြေ
Friday, October 8, 2010
မမြင်လိုတော့ပါ၊ မကြားလိုတော့ပါ၊ မပြောလိုတော့ပါ
မရဏမင်းသည် ဥပဒေမရှိ။ လူတန်းစားမခွဲ။ အချိန်ကာလ သတ်မှတ်ချက်မရှိ၊ ဆင်းရဲချမ်းသာ မိတ်ဆွေရန်သူမခွဲ၊ အသက်ကြီးငယ်မရွေး ခေါ်ဆောင်သွားလေ့ရှိသည်။

မြောက်ဥက္ကလာပမြို့နယ်ရှိ ဦးကျော်မောင် အသက် (၇၈)နှစ်သည် လူကြီးရောဂါဖြင့် ၈.၁၀.၂၀၁၀ (သောကြာနေ့) နံနက် (၇း၀၀) နာရီအချိန်တွင် ဘ၀တစ်ပါးသို့ ပြောင်းသွားပါ၍ သမီးဖြစ်သူသည် ဦးကျော်မောင်၏ ကျန်ရစ်သော ရုပ်အလောင်းအား ရေဝေးသုဿန်တွင် သင်္ဂြိုလ်မှုပြုလုပ်ရန် ဆရာဝန်၏ သေဆုံးကြောင်းလက်မှတ်၊ ရပ်ကွက်တွင်း နေထိုင်ကြောင်း ထောက်ခံချက်၊ မြို့နယ်ကျန်းမာရေးဌာနမှ သချိုင်းလက်မှတ် စသည်တို့ကို လိုက်လံတောင်းခံပြီး နေအိမ်သို့ ပြန်လည်ရောက်ရှိသောအခါ နေအိမ်တွင် ကျန်ရစ်ခဲ့သော အဆုတ်ဝေဒနာရှင် အကိုဖြစ်သူ ဦးတင်ထွန်းအသက် (၅၇)နှစ်သည်လည်း ဖခင်ဖြစ်သူနောက်သို့ လိုက်ပါသွားပြီဖြစ်ကြောင်း သိရှိလိုက်ရသည်။
ယင်း ဦးကျော်မောင်နေအိမ်တွင် အသက်ကြီးရင့်ပြီဖြစ်သော ဖခင်ဦးကျော်မောင်၊ အကိုဖြစ်သူ အဆုတ်ဝေဒနာရှင် ဦးတင်ထွန်းနှင့် မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်ရှာဖွေပေးနေရသော သမီးဖြစ်သူတစ်ဦး၊ မိသားစု (၃) ဦးသာ နေထိုင်ကြသည်။ ယခုမူ မရဏမင်း၏ ခေါ်ဆောင်မှုကြောင့် သမီးဖြစ်သူတစ်ဦးတည်းသာ လောကကြီးအလယ်တွင် ကျန်ရစ်ခဲ့တော့သည်။
ဘ၀တစ်ပါးသို့ ပြောင်းသွားသော ဦးကျော်မောင် အသက် (၇၈) နှစ်နှင့် ဦးတင်ထွန်း အသက် (၅၇) နှစ်တို့၏ ရုပ်အလောင်းတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် အသင်းသားများအပြင် နာရေးကူညီမှုအသင်း(ရန်ကုန်) ၀တ်ရွတ်အဖွဲ့၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ၏အသင်းသား ဦးစည်သူမှ ကူညီပံ့ပိုးပေးသော နာရေးပရိတ်သတ်များ လိုက်ပါပို့ဆောင်ရန် BM ကားတစ်စီးတို့ဖြင့် ကူညီဖေးမပေးခဲ့ကြပါသည်။

မနေ့ကအမေနဲ့ သား၊ ပြီးတော့ ဒီနေ့ အဖေနဲ့ သားအပြစ်မဲ့ ပြည်သူတို့ကိုမညှာမတာ၊ ရက်ရက်စက်စက်၊ စည်းမဲ့ကမ်းမဲ့ ဥပဒေမဲ့စွာဖြင့် ခေါ်ဆောင်သွားလေ့ရှိသော မရဏမင်းကြီးအား ယခုလိုအဖြစ်ဆိုးများကို နောက်ထပ် ထပ်မံ၍ မဖြစ်ပေါ်ပါစေနှင့် ထပ်မံ၍ မခေါ်ဆောင်ပါနှင့် ထပ်မံ၍ မကြားပါရစေနှင့် ထပ်မံ၍ မမြင်ပါရစေနှင့် ဟုသာ …… ။
မှတ်တမ်း။ ။ နာရေးကူညီမှုအသင်း(ရန်ကုန်)
အညာနွေတမာမြေ
ဥပဒေမရှိတဲ့ မရဏမင်း
သားဖြစ်သူဦးခင်ဦးသည် TB ရောဂါဝေဒနာရှင် တစ်ဦးဖြစ်သည်။ ဦးခင်ဦးသည် နာတာရှည် ရောဂါဝေဒနာကို ခံစားနေခဲ့ရာမှ လွန်ခဲ့သော (၅) ရက်ခန့်က သတိမေ့မျောနေကာမိခင်ကြီးဒေါ်အုံးရီ မှ အနီးကပ်ပြုစုစောင့်ရှောက်လျှက်ရှိသည်။ ဇနီးဖြစ်သူသည် ကလေးငယ် (၂) ဦးနှင့် မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှား၍ ရှာဖွေပေးနေသူတစ်ဦးဖြစ်သည်။
မိခင်ကြီးဒေါ်အုံးရီသည် ၆.၁၀.၂၀၁၀ရက်နေ့က သားဖြစ်သူအား ရက်ရှည်ပြုစုစောင့်ရှောက်ပေးခဲ့ရသော်လည်း သားဖြစ်သူဦးခင်ဦးသည် သတိပြန်လည်ရရှိခြင်းမရှိသဖြင့် မိခင်မေတ္တာ၊ သားသမီးဇောတို့ဖြင့် ပေါက်ကွဲပြီးသတိလစ်နေသောသားဖြစ်သူအားလှုပ်ရမ်းကာ “သားမောင်ခင်ဦး … သားလေးမောင်ခင်ဦး” ဟု နှစ်ခွန်းသာခေါ်ဆို၍ နှလုံးဖောက်ပြန်ပြီး ဘ၀တပါးသို့ ည (၆း၀၀) နာရီတွင် ကွယ်လွန်သွားရှာခဲ့သည်။ သားဖြစ်သူဦးခင်ဦးသည် မိခင်၏ အော်ခေါ်မှုတို့ကို ကြား၊ မကြားတော့ မသိ။ ည (၈း၀၀) နာရီတွင် မိခင်ကြီးဒေါ်အုံးရီနောက်သို့ လိုက်ပါသွားတော့သည်။ ကျန်ရစ်သူဇနီးနှင့် သမီးငယ်လေး နှစ်ယောက်တို့သည် လောကကြီးအလယ်တွင် ခိုကိုးရာမဲ့၊ အားကိုးရာမဲ့ဘ၀ဖြင့် ကျန်ရစ်ခဲ့တော့သည်။

ထို့ကြောင့် မရဏမင်းသည် ဥပဒေမရှိ။ လူတန်းစားမခွဲ။ အချိန်ကာလသတ်မှတ်ချက်မရှိ၊ ဆင်းရဲချမ်းသာမိတ်ဆွေရန်သူမခွဲချေ။
အာဏာကိုရူးသွပ်သူများ၊ ဥစ္စာပစ္စည်းမက်မောသူများ၊ မိဘ၊ ဆရာ၊ သားသမီး၊ ဇနီး၊ ခင်ပွန်းစသဖြင့် သံယောဇဉ် တွယ်တာသူများအဖို့ သံဝေဂရသင့်ပြီ ဖြစ်သည်။ ဥပဒေမရှိတဲ့ မရဏမင်း၊ လူတန်းစားမခွဲခြားတဲ့ မရဏမင်း၊ အသက်ကြီးငယ်မရွေးခေါ်ဆောင်တတ်တဲ့ မရဏမင်းနှင့် မတွေ့ခင် စပ်ကြားသီလလုံခြုံရန်၊ မေတ္တာလွှမ်းခြုံ၍ လောကကောင်းကျိုးထမ်းဆောင်ပေးရန်၊ သရဏဂုံတည်မြဲရန် အရေးကြီးလှပါပေသည်။

မမျှော်လင့်ဘဲ - ဗြုန်းကနဲ၊
နာလည်းနာနိုင်သည်။
မမျှော်လင့်ဘဲ - ဗြုန်းကနဲ၊
သေလည်းသေနိုင်သည်။
ငါသည်မုချ သေရမည်။
အချိန်အနည်းငယ်သာလိုတော့သည်။
အသေမဦးခင် - ဥာဏ်ဦးအောင်၊
တရားအားထုတ်ကြပါလော့။
(မိုးကုတ်ဆရာတော်ဘုရားကြီး သြ၀ါဒ)
မှတ်တမ်း နာရေးကူညီမှုအသင်း (ရန်ကုန်)
Sunday, September 19, 2010
လွန်ခဲ့တဲ့ ၂၂ နှစ်က ကျဆုံးသွားသူ အာဇာနည်ကျောင်းသူလေး မ၀င်းမော်ဦး အောက်မေ့ဖွယ်အခမ်းအနား မိဘများပြုလုပ်နေပုံများ
အောက်ပုံမှာ အလုံ အန်အယ်လ်ဒီလူငယ် ကိုလူမော်လတ် အပါအ၀င် အန်အယ်လ်ဒီပါတီဝင်တွေ တက်ရောက်အားပေးနေပုံဖြစ်ပါတယ်။
ဒေါ်နီကို အမှတ်တရ အကူငွေပေးအပ်နေတာပါ။ ဒေါ်နီဟာ ၈၈ နှစ်ရှိပြီဖြစ်ပြီး ၂၀၀၇ စက်တင်ဘာ သံဃအရေးအခင်းမှာ သံဃာတွေနဲ့အတူ လမ်းလျှောက်ချီတက်ခဲ့ပါတယ်။ ရွှေတိဂုံ အရှေ့ဘက်မုခ်မှာ သံဃာတွေကို ၀င်ရိုက်တော့ သံဃာတပါးကနေ အဖွားဒေါ်နီကို ချီပွေ့ပြီးပြေးခဲ့ရပါတယ်။
မ၀င်းမော်ဦးကို အောင့်မေ့တသ သတိတရရှိကြပြီး အမှတ်တရ စကားတွေပြောဖြစ်ကြပါတယ်။
နယ်မြေခံရဲတွေ စောင့်ကြပ်ကြည့်ရှုခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အောင်မြင်အောင်တော့ ကျင်းပနိုင်ခဲ့တယ်။
အညာနွေမှ ပုံများသတင်းများကို ခွင့်တောင်းစရာမလိုပဲ အခမဲ့ ကူးယူနိုင်ပါတယ်။ ရရှိတဲ့ နေရာလေးကို ဖေါ်ပြပေးခြင်းဖြင့် အားပေးကူညီပါ။
အညာနွေတမာမြေ
Friday, September 17, 2010
ထင်ရှားကျော်ကြားသော ကြယ်တစ်ပွင့် လွင့်ကြွေခဲ့ပြီ

ယနေ့ ၁၇.၉.၂၀၁၀ (သောကြာ) နေ့ နံနက် (၄း၀၀) နာရီအချိန်တွင် ရန်ကင်းမြို့နယ် နေအိမ်၌ ဦးအုန်းမြင့် (ခ) သခင်အုန်းမြင့် အသက် (၉၃) နှစ် သည် ကွယ်လွန်အနိစ္စ ရောက်ခဲ့ပါသည်။
မြန်မာ့စာနယ်ဇင်းလောက၊ နိုင်ငံရေးလောက၊ ကိုလိုနီခေတ် မြန်မာ့လွတ်လပ်ရေး တိုက်ပွဲတွင် ပါဝင်ခဲ့သည့်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် နီးစပ်သူတဦးဖြစ်ပြီး အကျဉ်းကျနေသူများ၏ မိသားစု ၀င်များကိုလည်း အားပေးကူညီသူများကြားတွင် သခင်အုန်းမြင့်သည် အထင်ရှားဆုံး တစ်ဦး ဖြစ်ခဲ့သည်။ ထိုသို့သော ကောင်းသတင်းများဖြင့် ထင်ရှားကျော်ကြားခဲ့သော ဦးအုန်းမြင့် (ခ) သခင်အုန်းမြင့်သည် နာရေးကူညီမှုအသင်း(ရန်ကုန်) ကိုလည်း နှစ်စဉ်နှစ်တိုင်း မွေးနေ့တိုင်းတွင် အလှူငွေများ လှူဒါန်းလျှက်ရှိသူ တစ်ဦးလည်း ဖြစ်သည်။
ဦးအုန်းမြင့် (ခ) သခင်အုန်းမြင့်၏ ရုပ်အလောင်းအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် တွဲဖက်အတွင်းရေးမှူးတို့မှ ရန်ကင်းမြို့နယ် နေအိမ်သို့ သွားရောက်သယ်ဆောင်ကာ ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင်ပေးခဲ့ပါသည်။ ဈာပန အခမ်းအနားကို ၁၉.၉.၂၀၁၀ (တနင်္ဂနွေ) နေ့ ညနေ (၄း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အစီအစဉ်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း . . . .
အညာနွေတမာမြေ
Thursday, September 9, 2010
ဘဘ ဦးတင်ဦး၏ အကိုကြီး ကွယ်လွန်ရှာပြီ

လူမျိုးမရွေး ဘာသာမရွေး ဆင်းရဲချမ်းသာမရွေး မိတ်ဆွေရန်သူမရွေး တို့၏ နာရေးကိစ္စ အ၀၀တို့ကို ထမ်းဆောင်ဖေးမ ကူညီပံ့ပိုးပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၆.၉.၂၀၁၀ (တနင်္လာ) နေ့တွင် ဘဘ ဦးတင်ဦး၏ အကိုအရင်းဖြစ်သူ ကွယ်လွန်သူ ဦးစိန်အောင် အသက် (၈၃) နှစ် ရုပ်အလောင်းအား ရန်ကင်းမြို့နယ်နေအိမ်မှ ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင်ပေးခဲ့ပါသည်။
၈.၉.၂၀၁၀ (ဗုဒ္ဓဟူး) နေ့ ညနေ (၄း၀၀) နာရီအချိန်တွင် မီးသင်္ဂြိုလ်မှု အခမ်းအနား အား ရေဝေးသုဿန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အစီအစဉ်ဖြင့် ကျင်းပခဲ့ပါသည်။ ယင်းအခမ်းအနားသို့ ဂုဏ်သရေရှိ လူကြီးမင်းများ၊ ဧည့်သည်တော်များ တက်ရောက်ခဲ့ကာ နာရေးကူညီမှုအသင်း(ရန်ကုန်)က စတီးမှန်ရွှေခေါင်းနှင့် အသင်းသူ/သားများသည် ၀ိုင်းဝန်း ကူညီဖေးမ ပေးဆပ်ခဲ့ကြပါသည်။
မှတ်တမ်း။ ။ နာရေးကူညီမှုအသင်း(ရန်ကုန်)
Sunday, August 22, 2010
လေးစားမှုဖြင့် အမြဲသတိတရရှိနေမည်သာ ကွယ်လွန်သူ ဘဘဦးရွှေအုံးသို့ (တူမောင်ညို)
ဘဘ ဦးရွှေအုံး (ညောင်ရွှေ) သည် ၁၉၄၆ -၄၇ ခုနှစ်များ ကတည်းက နိုင်ငံရေးလောကထဲ စတင်ပါဝင်လှုပ်ရှားနေခဲ့သူဖြစ်သည်။ ကွယ်လွန်ချိန်အထိ “စစ်မှန်တဲ့ ပြည်ထောင်စုတည်ဆောက်ရေး နဲ့ ပါတီစုံဒီိမိုကရေစီအရေးအတွက်” မြက်ခြေမပြတ်ဦးတည် လှုပ်ရှားသွားခဲ့ သူဟုပြောလျှင်အငြင်းပွားမည့်သူရှိလိမ့်မည်မထင်ပါ။ လက်တွေ့လှုပ်ရှားပုံလှုပ်ရှားနည်းကတော့ ကွဲလွဲနိုင်ပါသည်။ ဖိနှိပ်ရက်စက်သော အုပ်စိုး သူအဆက်ဆက်ကိုနည်းလမ်းတစ်ခုထဲဖြင့် ရိုးရိုးစင်းစင်းဆန့်ကျင်နေ၍မဖြစ်နိုင်ပါ။ ဥပဒေတွင်း/ဥပဒေပ တိုက်ပွဲသဏ္ဍာန်ပေါင်းစုံဖြင့် ဆန့်ကျင် တွန်းလှန်ကြရမည်။ “ရှမ်းအမျိုးသားလှုပ်ရှားမှု”ကိုပင် ရှမ်းအဖွဲ့အစည်းအမျိုးမျိုးသည် နည်းလမ်းအစုံစုံဖြင့်ဆောင်ရွက်နေကြသည် မဟုတ်ပါ လား။ ယင်းတို့အထဲတွင် တူတာတွေလည်းရှိသလို မတူကွဲပြားတာတွေလည်း အများအပြားပင်ရှိနေသည်။
စစ်အာဏာရှင်စနစ်အောက်တွင် ၂၀၀၈အခြေခံဥပဒေဘောင်ထဲတွင် “စစ်မှန်သောပြည်ထောင်စုနှင့် စစ်မှန်သော ပါတီစုံဒီမိုကရေစီ စနစ်” တည်ဆောက်နိုင်လိမ့်မည် မဟုတ်ပါ။ ရရှိခံစားနိုင်လိမ့်မည်လည်း မဟုတ်ပါ။
အမျိုးသားတန်းတူရေးနှင့်ဒီမိုကရေစီအခွင့်အရေးများကို “၁၉၄၇ အခြေခံဥပဒေ” တွင်လည်းကောင်း၊ “၁၉၇၄ အခြေခံဥပဒေ” တွင် လည်းကောင်း စစ်မှန်ပြည့်ဝစွာ မခံစားခဲ့ရသလို “၂၀၀၈ အခြေခံဥပဒေ” တွင်လည်း အပြည့်အဝခံစားကြရလိမ့်မည်မဟုတ်ပါ။
ယင်းသို့ လွတ်လပ်ရေးရစဉ်မှစတင်ပြီး ယနေ့အချိန်အထိ လူမျိုးပေါင်းစုံပြည်သူများ စစ်မှန်သောတန်းတူရေးနှင့် စစ်မှန်သော ဒီမိုကရေစီအခွင့်အရေးများကိုမရရှိ မခံစားခဲ့ရကြောင်းကို ၁၉၄၆-၄၇ ခုနှစ် မှ ယနေ့ ကွယ်လွန်ချိန်အထိ ဘဘဦးရွှေအုံး လှုပ်ရှားဆောင်ရွက် ခဲ့မှုများက သက်သေပြချက်တစ်ခုပမာဖြစ်နေပါသည်။
ဘဘ ဦးရွှေအုံး၏ လက်တွေ့နိုင်ငံရေးလှုပ်ရှားမှုနှင့်သဘောထားများအပေါ် ကျနော် သဘောမတူနိုင်သည့် အချက်အချို့ရှိနေလင့် ကစား ဘဘဦးရွှေအုံးအပေါ်ထားရှိသော ကျနော်၏လေးစားချစ်ခင်မှုကို တစ်စုံတရာမျှထိခိုက်ခြင်းမရှိခဲ့ပါ။ လေးစားမြဲ၊ ချစ်ခင်မြဲ ဖြစ်ပါသည်။
ဘဘဦးရွှေအုံး ၏ “တူတာတွေကိုတွဲလုပ်၊ မတူတာတွေကိုသီးခြားလုပ်” ဆိုတဲ့ သဘောထားကို ကျနော်အပြည့်အဝသဘောတူပါ သည်။ ထို့အပြင်“လူမျိုးစု ၁၃၅ မျိုးလုံးတန်းတူရည်တူစည်းလုံးညီညွတ်မှုကိုအခြေခံပြီး ပြည်ထောင်စုဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက် သွားကြရေး” ဆိုတဲ့ ဘဘဦးရွှေအုံး၏ မျှော်မှန်းချက်ကို ကျနော်လေးစားတန်ဖိုးထားပါသည်။
ဘဘဦးရွှေအုံး၏မျှော်မှန်းချက်ကို ဘဘကို ချစ်ခင်လေးစားကြသည့် မျိုးဆက်သစ်ရှမ်းပြည်လူမျိုးပေါင်းစုံလူငယ်များက ဆက်ခံ ထမ်းရွက်ကြလိမ့်မည်ဟု ကျနော်အလေးအနက်ယုံကြည်ပါသည်။
စစ်အာဏာရှင်စနစ်အကုန်အစင်ဖျက်သိမ်းရေး၊ စစ်မှန်သော ပြည်ထောင်စုနှင့် စစ်မှန်သော ပါတီစုံ ဒီမိုကရေစီစနစ် တည်ဆောက် ရေး ဘုံရည်မှန်းချက်ကို ဦးတည်လျှောက်လှမ်းကြရမည့် ခရီးရှည်ကြီးတွင် မျိုးဆက်သစ်ရှမ်းပြည်လူမျိုးပေါင်းစုံလူငယ်များနှင့် “ တူတာတွေကို တွဲလုပ်၊ မတူတာတွေကိုသီးခြားလုပ်” ဆိုသည့် ဘဘဦးရွှေအုံးသဘောထားနှင့်အညီ ကျနော်ဆောင်ရွက်သွားပါမည်ဟု ကတိပြုပါသည်။
ရိုသေစွာဖြင့်
(တူမောင်ညို)
အညာနွေတမာမြေ
Friday, July 23, 2010
သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၆ နှစ်ပြည့် အမှတ်အရ
- အမည်ရင်း - မောင်လွမ်းမောင်။
- မိဘအမည် - ဦးစံဒွန်း + ဒေါ်အုန်း။
- မွေးသက္ဗရာဇ် - ၁၈၇၆ ခု၊ မတ်လ ၂၃ ရက်၊ မြန်မာ သက္ကရာဇ် ၁၂၃၇ တပေါင်း လပြည့်ကျော် ၁၄ ရက် ကြာသပတေးနေ့။
- မွေးဖွားရာဒေသ - ရွှေတောင်မြို့နယ်၊ ဝါးလယ်ရွာ။
- ကလောင် အမည်ခွဲများ - ရွှေတောင် မောင်လွန်း၊ မစ္စတာ မောင်မှိုင်း၊ ပဏ္ဍိလေး၊ မောင်သမာဓိ၊ မစောညွန့်။
- မွေးချင်း - မွေးချင်း ၅ ယောက်အနက် ဒုတိယမြောက်။
ကိုယ်ရေး ဖြစ်စဉ်
၁၈၈၅ နိုဝင်ဘာ ၂၉ (၁၂၄၇ တန်ဆောင်မုန်း လဆုတ် ၈ ရက်) တွင် သီပေါ ဘုရင်နှင့် မိဖုရား ပါတော်မူသည့် အနိဋ္ဌာရုံ မြင်ကွင်းကို 'စာတော်ဝန် ဦးခဲ' ကျောင်း လက်ရန်း ပေါ်မှ မြင်တွေခဲ့၊ ကြေကွဲ မျက်ရည် ကျခဲ့သည်။ ထိုနေ့မှာပင် စိတ်ပျက်ပြီး သပိတ် တစ်လုံး သင်္ကန်း တစ်ထည်နှင့် စစ်ကိုင်းဘက် တောထွက်ခဲ့သည်။ စစ်ကိုင်း၊ မုံရွာ၊ အလုံ၊ ကြေးမုံ၊ ချောင်းဦး၊ မောင်းထောင်၊ ဘုတလင်၊ ကနီ ဒေသ များသို့ ခြောက်နှစ်ခန့် လှည့်လည် စာသင်ခဲ့သည်။ အဂ္ဂိရတ် ဖိုထိုးခြင်း ဝါသနာ ပါသည်။
၁၈၉၄ မှာ ဖခင် ဦးစံဒွန်း ကွယ်လွန် ခဲ့ပြီး၊ အသက် (၁၉) နှစ် အရွယ်တွင် ရဟန်း ဘဝမှ လူဝတ် လဲခဲ့သည်။ ၁၈၉၇ အသက် ၂၂ အရွယ်မှာ အစိုးရစစ် ၇ တန်း စာမေးပွဲကို မုံရွာမြို့ အလွတ် ပညာ သင်ကျောင်းမှ ရဟန်း အမည် ပဏ္ဍိတဖြင့် ဝင်ရောက် ဖြေဆို အောင်မြင် ခဲ့သည်။
၁၈၉၈ မှာ မော်လမြိုင်သို့ ရောက်ပြီး၊ 'မြန်မာတိုင်း' သတင်းစာတွင် ပဏ္ဍိလေး ကလောင် အမည်ဖြင့် ကဗျာများ၊ စာများ ရေးခဲ့သည်။ ၁၉ဝဝ မှာ ရန်ကုန်သို့ ရောက်လာပြီး ဆူးလေ ဘုရားလမ်းရှိ 'ဇမ္ဗူ ကျက်သရေ စာပုံနှိပ်တိုက်' တွင် စာစီ အဖြစ် ဝင်လုပ်သည်။ ၁၉ဝ၃ ခုမှာ ရန်ကုန် ကြည့်မြင်တိုင် ငါးကြော်ဖိုရပ်နေ ဆန် စပါး ပွဲစား ဦးနု၊ ဒေါ်နှင်း တို့၏ သမီး ဒေါ်ရှင်နှင့် လက်ထပ်သည်။ ဇမ္ဗူ ကျက်သရေ စာပုံနှိပ်တိုက်မှ တဆင့် 'ရန်ကုန်တိုင်း သတင်းစာတိုက်' သို့ ပြောင်းရွှေ့ လုပ်ကိုင်ကာ ဇာတ်စာများ ရေးသား ခဲ့သည်။
၁၉ဝ၇ ခုမှာ မြန်မာတိုင်း သတင်းစာ ရပ်နား ခဲ့သဖြင့်၊ ဟင်္သာတမြို့ 'အမရဝတီ ပုံနှိပ်တိုက်' သို့ စာပြု၊ စာပြင် အယ်ဒီတာ အဖြစ် ခေတ္တ ဝင်လုပ်ခဲ့ သေးသည်။ ၁၉၁၁ ခု သူရိယ သတင်းစာ စတင် ထုတ်ဝေ သည်နှင့် အယ်ဒီတာ အဖြစ် တာဝန် ယူပြီး၊ ခေါင်းကြီးနှင့် ဘုန်းကြီးပျံ ဒီပနီကို ရေးသား ခဲ့သည်။
နယ်ချဲ့ ဆန့်ကျင်ရေး စိတ်ဓာတ်၊ အမျိုးသား ရေးစိတ်ဓာတ် ပြင်းထန်သော ဆရာကြီးသည် အမည် ရှေ့တွင် မစ္စတာ ထည့်ခေါ်သည်ကို မနှစ်မြို့ ရှုတ်ချ လိုသည်။ ထို့ကြောင့် ၁၉၁၂ တွင် 'သူရိယ သတင်းစာ' တွင် ရက်ခြား ရေးသားသော ကြာဋီကာ ဆောင်းပါးများ မှစ၍၊ မစ္စတာ အမည်တပ် မြန်မာ များကို သိက္ခာ ချသော အားဖြင့် ရာဇဝင်လာ အမည်ဆိုး တခု ဖြစ်သော ဦးကြီး၏ ချဉ်ပေါင် ရွက်သည် မောင်မှိုင်း ဝတ္ထုတွင် လူရှုပ် လူပွေ လူယုတ်မာ အဖြစ် ပါဝင်သော မောင်မှိုင်း၏ အမည် ရှေ့တွင် မစ္စတာ တပ်၍ မိမိ ကလောင် အမည်ကို မစ္စတာ မှိုင်းဟု စတင် သုံးစွဲ ခဲ့သည်။

၁၉၁၉ ခု၊ ဇူလိုင်လ ဝိုင်အမ်ဘီအေ အသင်းချုပ်ကြီးက ကြီးမှူး၍ ဦးပု၊ ဦးဘဘေနှင့် ဦးထွန်းရှိန် တို့ကို ဘိလပ်သို့ ကိုယ်စားလှယ် အဖြစ် လွှတ်၍ ဟုမ္မရူး အတွက် အရေး ဆိုခိုင်းသော အခါ 'သြဒိဿ မတ္ထနာ လေးချိုးကြီး' ရေးသားပြီး ကောင်းချီး သြဘာ ပေးခဲ့သည်။
၁၉၂၁ ခုနှစ်တွင် အမျိုးသား ကောလိပ် ပေါ်ပေါက် လာသော အခါ သူရိယ သတင်းစာ အယ်ဒီတာ အဖြစ်မှ နုတ်ထွက်ပြီး၊ အမျိုသား ကောလိပ်၌ မြန်မာစာနှင့် ရာဇဝင် ပါမောက္ခ္ခ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။ ထိုနှစ်တွင် ဂျော့ဘုရင် သားကြီး ဝေလ မင်းသားအား ချီးကျူး ဂုဏ်ပြု ရတု ရေးပေးရန် ဦးမေအောက်က ပန်ကြားရာ 'မြန်မာ နိုင်ငံကို ကျွန်ပြုသည့် အင်္ဂလိပ် ဘုရင်မ၏ မြေးကို ချီးကျူးသော စာ မရေးလို' ဟု ပြောကာ ငြင်းပယ် ခဲ့သည်။
၁၉၂၃ 'မြန်မာ့ရီဗျူး' ဂျာနယ်တွင် ဘိုးဘိုးအောင် ကလောင် အမည်ဖြင့် ဆောင်းပါးများ ရေးခဲ့သည်။ ဗဟန်း နေရှင်နယ် ကောလိပ် ပျက်သောအခါ ဒဂုန် မဂ္ဂဇင်းတွင် အယ်ဒီတာ အဖြစ် ဝင်ရောက် လုပ်ကိုင် ခဲ့သည်။ ၁၉၂၇ မှာ 'ဗြိတိသျှ ဘာမား မဂ္ဂဇင်း' နောင် 'ဓူဝံ မဂ္ဂဇင်း' တွင် ကြီးမှူး အုပ်ချုပ်သူ အဖြစ် တာဝန်ယူ ခဲ့သည်။

၁၉၃၄၊ နိုဝင်ဘာလ ၃ဝ ရက်၊ ၁၂၉၆ ခု တန်ဆာင်မုန်း လဆုတ် ၁ဝ ရက်၊ တက္ကသိုလ် အမျိုးသားနေ့ ကျင်းပသည့် အခမ်းအနားတွင် သဘာပတိ အဖြစ် ဆောင်ရွက် ခဲ့သည်။ 'ဝဍ္ဎကုဇိန သာသနနံ' အမည်ပါ သဘာပတိ မိန့်ခွန်းကို ပြောကြား ခဲ့သည်။
၁၉၃၄ ခုနှစ်၊ တို့ ဗမာ အစည်းအရုံး၏ ပထမ အကြိမ် သခင် ကွန်ဖရင့်ကြီးကို ရေနံချောင်းတွင် ကျင်းပသော အခါ အစည်းအရုံး၏ နာယက အဖြစ် တင်မြှောက်ခြင်းကို လက်ခံ ခဲ့ပြီး၊ ထိုမှစ၍ မစ္စတာ မောင်မှိုင်း အမည်မှ သခင် ကိုယ်တော်မှိုင်း အမည်သို့ ခေါ်တွင်စေရန် ကြေညာ ခဲ့သည်။
၁၉၃၅၊ ဒီဇင်ဘာလထုတ် 'ဟံသာ မဂ္ဂဇင်း' တွင် ပါသော ဆောင်းပါးများကို သခင်ကိုယ်တော်မှိုင်း၏ ဆရာလွန်း ဟူ၍ လည်းကောင်း၊ ဆရာလွန်း၏ သခင် ကိုယ်တော်မှိုင်း ဟူ၍ လည်းကောင်း လက်မှတ် ရေးထိုး ခဲ့သည်။

၁၉၃၈၊ ဧပြီလ ၂၂ ရက်တွင် ပုသိမ်တွင် တရား ဟောရာ၌ 'လွတ်လပ်ရေးကို လက်ဝါးဖြင့် တောင်းနေရုံနှင့် မရနိုင်၊ သူပုန် ထရမည်' ဟု ဟောပြော ခဲ့သည်။
၁၉၃၉၊ ဇန်နဝါရီလ ၁၄ ရက်၌ ကျင်းပသော လူထု အစည်းအဝေးကြီးတွင် အရှင်းရှင် စနစ်ကို ရူံ့ချ ခဲ့သည်။
ဧပြီ ၆ - ၉ ရက်တွင် သခင် သိန်းမောင် အဖွဲ့မှ ဦးစီး ကျင်းပသည့် တို့ဗမာ အစည်းအရုံး၏ စတုတ္ထ အကြိမ် ညီလာခံ ကျင်းပရာ မော်လမြိုင်သို့ တက်ရောက် ခဲ့သည်။
ဇွန်လ ၂၂ ရက်၊ ပုသိမ်တွင် ကျင်းပသော အစည်းအဝေး တစ်ခုတွင် 'ဗြိတိသျှ အစိုးရ ဒဏ်ချက်ကြောင့် မြန်မာတို့ ဆင်းရဲနွမ်းပါး ငတ်မွတ် ခေါင်းပါး ဖြစ်ရသည်' ဟု တရား ဟောခဲ့သည်။
ဇွန်လ ၂၇ ရက်၊ ငါးသိုင်းချောင်းသို့ အသွား ပုသိမ် ဘူတာ၌ ဆရာကြီးအား ဆိုက်ကား သမား မောင်သန်းစိန် ဆိုသူက တုတ်ဖြင့် ရိုက်ခဲ့သည်။
ဇွန်လ ၂၈ ရက် ပုသိမ် ခရိုင် ရာဇဝတ် တရားသူကြီးက ဆရာကြီးအား နှစ်လ တရား ဟောခြင်း မပြုရန် တားမြစ် ခဲ့သည်။
ဒီဇင်ဘာလ ၄ ရက်၊ ကြည့်မြင်တိုင်၌ ကျင်းပသော လူထု အစည်းအဝေးကြီးတွင် 'ဆိုရှယ်လစ် ဝါဒသည် ဗုဒ္ဓ တရားတော်နှင့် ညီညွတ်သည်' ဟု ဟောပြော ခဲ့သည်။
၁၉၄ဝ၊ ဇန်နဝါရီ ၁၃ - ၁၄ တွင် ကျင်းပသော မြန်မာ နိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမား အစည်းအရုံး ဒုတိယ နှစ်လည် ညီလာခံတွင် 'ဗြိတိသျှ နယ်ချဲ့ စနစ်ကို တွန်းလှန်၍ ဆိုရှယ်လစ် စနစ်' တည်ဆောက်ရန် တိုက်တွန်း ခဲ့သည်။
၁၉၄၁၊ ဇန်နဝါရီ ၁ ရက်နေ့မှာ နိုင်ငံရေး လှုပ်ရှားမှု၊ နယ်ချဲ့ ဆန့်ကျင်ရေး လုပ်ဆောင်မှု ကျယ်ပြန့် လာသောကြောင့် ဗြိတိသျှ အစိုးရ၏ ရန်သူတော် နံပါတ် (၁) အဖြစ် ကြေညာခြင်း ခံခဲ့ ရသည်။ မန္တလေးနှင့် ပဲခူး ညီလာခံသို့ တက်ရောက် ခဲ့သည်။
၁၉၄၁ - ၄၂၊ ခုနှစ်တွင် ဗြိတိသျှ အစိုးရကို တော်လှန်သည့် မြေအောက် တော်လှန်ရေး လုပ်ခဲ့သည်။ ၁၉၄၃၊ ဂျပန်ခေတ်တွင် ရွှေတောင်ကြား လမ်း၌ တပည့်များနှင့် အတူနေပြီး၊ ဂိုဏ်းပေါင်းစုံ သံဃာတော်များ ညီညွတ်ရေး အတွက် သာသနာ့ အစည်းအရုံးကြီး ဖွဲ့စည်းပြီး နှစ်နှစ်ကြာမျှ ကြိုးပမ်း ဆောင်ရွက် ခဲ့သည်။
၁၉၄၄ - ၄၅၊ ခုနှစ်တွင် ဂျပန် ဆန့်ကျင်ရေး သမား အဖြစ် ဂျပန်တို့ လိုက်လံ ဖမ်းဆီး သဖြင့် ထိန်ကုန်းရွာသို့ တိမ်းရှောင် ခဲ့ရသည်။ ဒုတိယ ကမ္ဘာစစ် ကြီးပြီးသော အခါ ရန်ကုန်မြို့သို့ ပြန်လာပြီး၊ တို့ ဗမာ အစည်းအရုံး ဌာနချုပ် ပြန်လည် ဖွင့်လှစ်သည့် အခါ ဥက္ကဌ အဖြစ် တင်မြှောက်ခြင်း ခံရသည်။
၁၉၄၈ ခု၊ စက်တင်ဘာလ ၁၉ ရက်၊ ရွှေတိဂုံ စေတီတော် တောင်ဘက်စောင်းတန်း၌ ပြုလုပ်သော (၁၉) ကြိမ်မြောက် ဦးဝိစာရနေ့တွင် နိုင်ငံတော် အေးချမ်း သာယာရေး အဖွဲ့ကို ဖွဲ့စည်းပြီး၊ ပြည်တွင်း ငြိမ်းချမ်းရေးကို စတင် ဆောင်ရွက် ခဲ့သည်။
၁၉၅ဝ ဇန်နဝါရီ၊ လွတ်လပ်ရေးနေ့ နှစ်ပတ်လည်တွင် 'အလင်္ကာ ကျော်စွာဘွဲ့' ကို အစိုးရမှ ချီးမြှင့် ခဲ့သည်။

၁၉၅၃ တွင် တရုတ်ပြည် မွန်ဂိုလီးယား၊ ဟန်ဂေရီ၊ ဆိုဗီယက် ယူနီယံသို့ ခရီးလှည့်သည်။
၁၉၅၄၊ ဒီဇင်ဘာ ၂ဝ ရက် မော်စကိုတွင် ကျင်းပသည့် ကမ္ဘာ့ စတာလင်ဆု ရွေးချယ် ပေးအပ်ရေး အဖွဲ့ကြီးက ဆရာကြီးအား ၁၉၄၅ ခုနှစ် အတွက် 'ငြိမ်းချမ်းရေး စတာလင်ဆု' အပ်နှင်းရန် ဆုံးဖြတ်ခဲ့သည်။
၁၉၅၅ မတ်လ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့ ညနေ ၅ နာရီခွဲ အချိန်တွင် မြို့တော် ခန်းမ ရှေ့၌ ငြိမ်းချမ်းရေး စတာလင်ဆု ပေးအပ်ပွဲ ကျင်းပပြီး၊ အပြည်ပြည် ဆိုင်ရာ စတာလင် ငြိမ်းချမ်းရေး ဆုပေးရေး ကော်မတီ ဥက္ကဌ မစ္စတာ နီကိုလေ တီခိုနော့ (ဗ်) က ဆရာကြီးအား ငြိမ်းချမ်းရေး ဆုလက်မှတ်နှင့် ဆုရွှေတံဆိပ် အပ်နှင်း ခဲ့သည်။ ငြိမ်းချမ်းရေး ဆုတံဆိပ်နှင့် အတူ ငွေသား ရူဘဲလ်ငွေ တသိန်း (အဲဒီအချိန်က ပေါက်ဈေး အရ မြန်မာငွေ တသိန်း နှစ်သောင်း ငါးထောင်ခန့်) ရရှိသည်။ မတ်လ ၂၄ ရက်နေ့မှာ နိုင်ငံတော် သမ္မတကြီးက တီခိုနော့ (ဗ်)နှင့် ဆရာကြီး တို့ကို ဂုဏ်ပြု ဧည့်ခံပွဲ တရပ် ကျင်းပ ပေးခဲ့သည်။
၁၉၅၅ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရန်ကုန် ထောင်ကြီး အတွင်း ကျင်းပသည့် စာဆိုတော်နေ့ အခမ်းအနားသို့ တက်ရောက် အကန်တော့ ခံသည်။ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် နိုင်ငံတော် သမ္မတ အိမ်တော်တွင် ကျင်းပသည့် ထမင်းစားပွဲတွင် ဗမာနိုင်ငံ ငြိမ်းချမ်းရေး ကွန်ဂရက် ဥက္ကဌ အနေဖြင့် ဆိုဗီယက် ဝန်ကြီးချုပ် ဘူဂနင်နှင့် ကွန်မြူနစ် ပါတီ ပထမ အတွင်းရေးမှူး ကရုရှက် တို့ကို ငြိမ်းချမ်းရေး လက်ဆောင်များ ပေးအပ် ခဲ့သည်။
၁၉၅၆ ခုနှစ်တွင် မြန်မာနိုင်ငံ အရပ်ရပ်သို့ လှည့်လည်ပြီး ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး များကို ဟောပြော ခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှ စ၍ ၃ ရက်တိုင် ကျင်းပသည့် မိုးညှင်းမြို့တွင် ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (ဗမာနိုင်ငံ) ၏ ကချင်ပြည်နယ် ညီလာခံ တက်ရောက် ခဲ့သည်။ မတ် ၃ဝ ရက် အိမ်တော်ရာ (၁၄) စခန်း စရပ်ကြီး၌ မန္ဈလေး လေးပြင်လေးရပ် ဆရာတော် ၁၄၃ ပါးကို ပြည်တွင်း ငြိမ်းချမ်းရေး ပန်ကြားလွှာ တစောင် တင်ဆက် လျှောက်ထားပြီး သြဝါဒ ခံယူ ခဲ့သည်။
၁၉၅၇ တွင် သီဟိုဠ်နှင့် အိန္ဒိယသို့ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဖရင့် အတွက် သွားရောက် ခဲ့သည်။
၁၉၆ဝ သြဂုတ်လ ၁ဝ ရက်တွင် အရှေ့ဂျာမနီ ဟမ်းဘတ် တက္ကသိုလ်က ဆရာကြီးအား ဂုဏ်ထူးဆောင် ပညာ ပါရဂူ (ဒေါက်တာဘွဲ့) အပ်နှင်း ဂုဏ်ပြု ခဲ့သည်။ ဂျာမနီသို့ ဆေးကု သွားခဲ့သည်။
၁၉၆၂ ခုနှစ်မှ စ၍ ပြည်ထောင်စု မြန်မာနိုင်ငံ စာရေးဆရာ သမဂ္ဂ၏ နာယကကြီး အဖြစ် ဆောင်ရွက် ခဲ့သည်။
၁၉၆၃ သြဂုတ်လ ၆ ရက်၊ ညနေ ၄ နာရီမှာ မြို့တော် ခန်းမတွင် ကျင်းခသည့် ဟီရိုရှီးမားနေ့ အခမ်းအနားသို့ ငြိမ်းချမ်းရေး ကွန်ဂရက် ဥက္ကဌ အနေဖြင့် သဝဏ်လွှာ ပေးပို့ ခဲ့သည်။
ပြည်သူ့ သမိုင်း အလျဉ်တွင် ပါဝင် ခဲ့သော နယ်ချဲ့ ဆန့်ကျင်ရေး ခေါင်းဆောင်ကြီး၊ စာပေ
ဖခင်ကြီး သခင် ကိုယ်တော်မှိုင်းသည် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ကြိုးပမ်း ဆောင်ရွက် ရင်းဖြင့် ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်၊ ကြာသပတေးနေ့ နံနက် ၁ နာရီခွဲတွင် လူကြီး ရောဂါဖြင့် ကွယ်လွန် ခဲ့သည်။ ဆရာကြီး၏ ဈာပနအတွက် အာဏာသိမ်း နေဝင်း စစ်အုပ်စုက ပထမ ကျပ်ငွေ တစ်သောင်း၊ နောက်ထပ် ကျပ်ငွေ ၅ ထောင်၊ စုစုပေါင်း ကျပ်ငွေ တသောင်းခွဲ ကူညီခဲ့သည်။ သတင်းစာ တိုက်များက နေ၍ ဆရာကြီး သခင် ကိုယ်တော်မှိုင်း ဈာပန ရံပုံငွေ ဖွင့်ခဲ့သည်။
ဇူလိုင်လ ၂၉ ရက်၊ ညနေ ၅ နာရီတွင် ဆရာကြီး၏ ရုပ်ကလာပ်ကို စမ်းချောင်း ချမ်းသာလမ်း နေအိမ်မှ နေ၍ စမ်းချောင်း ပဒုမ္မာ ကွင်းရှိ အာဏာသိမ်း စစ်အုပ်စု ဆောက်ပေးသည့် မဏ္ဍပ်သို့ ရွှေ့ပြောင်း ခဲ့သည်။
သြဂုတ်လ ၈ ရက်၊ နေ့လည် ၂ နာရီ အချိန်မှာ ဆရာကြီး ရုပ်ကလာပ်ကို စမ်းချောင်း မဏ္ဍပ်မှ ရွှေတိဂုံ ဘုရားလမ်းရှိ ကန်တော်မင် ပန်းခြံသို့ ပို့ဆောင် ဂူသွင်း ခဲ့သည်။
ဆရာကြီး ကွယ်လွန်ချိန်တွင် သားသမီး နှစ်ယောက်၊ မြေး ၁၅ ယောက်၊ မြစ် ၆၁ ယောက် ကျန်ရစ်ခဲ့သည်။
သခင်ကိုယ်တော်မှိုင်းအလွန်

စာပေလက်ရာများတွင် ‘တို့ဗမာ ဝတ်ရွတ်စဉ်’ ဘာသာရေးစာအုပ်မှလွဲ၍ အခြားစာအုပ်များ ပြန်လည်ထုတ်ဝေနိုင်ခြင်း မရှိချေ။
[အောက်ပါတို့သည် ဗမာနိုင်ငံလုံးဆိုင်ကျောင်းသားများ၏ ပုသိမ် ညီလာခံသဘင်ကို၊ ဖွင့် လှစ်စဉ်က သခင် ကိုယ်တော်မှိုင်း မိန့်ဆို ချက်များဖြစ်သည်။]
ခလေးပင် ဖြစ်သော်လည်း တိရစ္ဆာန်လောက်မှ မလွတ်လပ်ပါကလားလို့- စဥ်းစားမိခဲ့တယ်။ ဒုလ္လဘတရားဖြစ်သော အလွန်တရာမှ ရခဲတဲ့ လူ့မနုဿဘ၀ကို ရနေသော်လည်း၊ နွား-ကျီးလောက်တောင် နေရာမကျဘူး။ တိရစ္ဆာန်ဘုံကိုကြည့်။ စာကလေးဟာ၊ လက်မလောက်ပဲ ငယ်သော်လဲ-လင်းဋဟာ-စာက လေးပေါ်တွင်၊ ဘုရင်မလုပ်နိုင်။
ခြေလေးချောင်း သတ္တ၀ါများကို ကြည့်ဦး။ နွားတို့ မည်သည် ထားရာနေတယ်။ စိတ် သဘော နူးညံ့အောက်ကျတယ်၊ ခြေလေးချောင်း ရှိတဲ့ နွားဟာ-သတ္တိမရှိပင် ဖြစ်လင့်ကစား ပါးစပ်ပြဲသောကျားသည်၊ နွားအုပ်ကြီးထဲကို မ၀င်ရဲဘူး။ဒီတရားတွေဟာ၊ သဘာဝနိယာမ တရားအတိုင်းဘဲ။
ငရဲတို့ တိရစ္ဆာန်တို့-ကာမဘုံတို့ သုဂတိလားတယ်တို့ ဆိုတာတွေဟာ၊ ကံအားလျော်စွာ နေကြဘို့ ထိုင်ကြဘို့ဘဲ။ သဘာဝအတိုင်း ဖြစ်ကြတာဘဲ။ ငရဲသားဟာ ငရဲမှာဘဲ နေနိုင်တယ်။ ဗြဟ္မာ၂၀ကို မတက်နိုင်ဘူး။
အီတလီတို့-အင်္ဂလိပ်တို့ လိုက်ပီး ဓမြတိုက်နေကြတယ် ဆိုတာတွေဟာ၊ ရှေးတုံးက ဗမာ တွေ လုပ်ခဲ့သလိုဘဲ။
အခုအခါမှာ၊ ကျုပ်တို့တတွေဟာ၊ အင်္ဂလိပ်ချဲ့တဲ့ စနစ်ထဲ ရောက်နေကြတယ်။ ဘာနဲ့ တူသလဲဆိုတော့၊ လယ်သမား လက်အောက် ရောက်တဲ့ နွားနဲ့ တူနေကြတယ်။
အခုတော့-တို့တတွေ ကျွန်ဖြစ်နေတော့ အုပ်ချုပ်ရေး တောင်းကြတယ်။ လွတ်လပ်ရေး လိုချင်တယ် ပြောကြတယ်။
ဒါပေမဲ့၊ ရှေးတုံးက ကျုပ်တို့တတွေလဲ နိုင်ငံချဲ့ခဲ့တာပဲ။ အာသံတို့၊ မဏိပူရတို့၊ အက်ဂဘတ် တို့၊ ဆေးဂုတို့ဆိုတာတွေဟာ၊ကျုပ်တို့ အင်ပိုင်ယာ အပါအ၀င်တွေဘဲ။
အဲတာဘဲ ကြည့်တော့။ မှန်ကင်းတလှဲ့ ထင်းတလှဲ့တွေဘဲ။ ၀မ်းနည်းဘွယ် ဘာမှ မရှိဘူး။
အင်္ဂလိပ်တွေလဲ ကျွန်ဘ၀က တက်လာတာဘဲ။ ရှေးတုံးက၊ ဒင်းတို့တတွေဟာ၊ ရောမ လူမျိုးတွေအောက် ပြားပြားဝပ်နေခဲ့ရ တာဘဲ။
ရောမတိုင်းပြည်ကို၊ လူရိုင်းတွေ ၀င်တော့မှ၊ အင်္ဂလိပ်လူမျိုးတွေကို၊ ရောမလူမျိုးတွေက "မင်းတို့ဟာ၊ မင်းတို့လုပ်ကြတော့၊ ငါတို့ တော့မတတ်နိုင်ဘူး" ဆိုပြီး၊ ပစ်ပြေးကြတာဘဲ။ အဲဒီတော့မှ အင်္ဂလိပ်တွေ လွတ်လပ်ရေးကို၊ အချောင်ရကြတာဘဲ။ သတ္တိကြောင့် မဟုတ်ဘူး။ လူရယ်လို့ ဖြစ်လာရင် လွတ်လပ်ခြင်း မရတာဟာ၊ ဒုက္ခအကြီးဆုံးဘဲ။
လောကီဘက်လုပ်ရင်၊ လောကုတ္တရာနဲ့ ဆန့်ကျင်ဘက်ပါကလားဆိုတာ ရိပ်မိတယ်။
ဦးပုညရေးတဲ့ စာတခုရှိတယ်။ ၀ိဇယဇာတ်ထဲမှာလား သေသေချာချာတော့ မမှတ်မိဘူး။
အဲဒီအထဲမှာ- ၀ိဇယမင်းသားကို ပင်လယ်မျှောတဲ့အခမ်းမှာ ထင်တယ်။ "ဘုရားအကြိုက်၊ တရားလိုက်လျင်လဲ လူ၌ အရေးညံ့ တတ်သည်" လို့ ဆိုတယ်။
လောကုတ္တရာတရား လိုက်အား ကြီးတော့လဲ လောကီမှာ ဓမ္မနောက်ပိတ်ခွေး ဖြစ်တတ် တယ်။ လောကုတ္တရားက ဘယ်လိုဆို သလဲ ဆိုတော့ သည်းခံရင် မြတ်တယ်တဲ့။ ခေါင်းခြေထောက်နဲ့ ကန်ရင်လဲ ခံရမယ်တဲ့။ ဒါမှ နိဗ္ဗာန်ရမယ်တဲ့။
ခေတ်သမယ အားလျော်စွာဆိုရင်၊ ကျုပ်တို့တတွေဟာ လောင်းရိပ်မိနေကြတယ်။ တခြားမကြည့်နဲ့ တက္ကသိုလ်ဟာ တကဲ့ပညာ တွေ သင်ကြားပေးဘို့ ဆိုပေတယ်လို့၊ တက္ကသိုလ် က ပညာတတ်တွေဟာ၊ လူရာမ၀င်နိုင်ပါဘူး။ ခိုင်းစားဘို့ သင်ပေးတာဘဲ။ အင်္ဂလိပ်က ခိုင်းစားဘို့ဘဲ။ အလွန်ဆုံးဖြစ်၊ ငါးထောင်စားဘဲ။
ငါးထောင်စားခေါင်းဆောင် ဘာကောင်တွေက၊ အင်မတန် ကြီးကျယ်ကြတယ်။ ဘာနဲ့တူ သလဲ ဆိုတော့ လယ်သမားတွေနဲ့ အင်မ တန်တူတယ်။လယ်ရှင်တွေက-လယ်သမားကို "မင်းငါ့လယ်ထွန်-စပါး ၂၀ ပေးမယ်" ဆိုတာလိုဘဲ။ ဒီကောင်တွေ-ခိုင်းတာ လုပ် နေကြရတာဘဲ။ခွေးမသားခေါင်းဆောင်ေ တွ ယောင်တောင်-ပေါင်တောင်နဲ့။ အားပြိုင်ကြ-ဆဲကြတယ်။ ကျုပ်တို့ နားလယ်တာ တော့ စားကျက်လုနေတာ တွေ့ရတာဘဲ။ ပြောတော့ ဥပဒေပြုအမတ်တဲ့၊ ၅၀၀၀ိ စား အကောင်တွေ ဘာမှ မလုပ်နိုင်ဘူး။
သူတို့တတွေ- အရက်တွေမူးပြီး ဆဲတာတွေတော့ ပုလိပ်ကမဖမ်းဘူး။ တချို့ အကောင်တွေ လဲ-ညီလာခံသဘင်ဆိုတဲ့ ဥပဒေပြု လွှတ်တော်အစည်းအဝေး အပျော် လာကြတာဘဲ။
တချို့ကောင်တွေ- ပုလင်းပိုက်ပြီး ငိုက်နေကြတာဘဲ။ "၀ုံးဝုံး" ဆိုပြီး လက်ခုတ်တီးမှ နိုးကြတာဘဲ။
ဟိုတုံးက အခု ငါးပွင့်ဆိုင်ခေါင်းဆောင်ဆိုတဲ့၊ ဘဖေတို့၊ အခုသစ်တောရေးဝန်ကြီးချုပ် ဖြစ်နေတဲ့-မောင်ပုတို့၊ ထွန်းရှိန် တို့ပေါ့။ အင်္ဂလန်ပြည်သွားပြီး ဟုမ္မရူးတောင်းကြတယ်။
ကျုပ်ကတော့- ဒီဟာမျိုးတွေဟာ တောင်းတိုင်းပေးတာမျိုး မဟုတ်ဘူးလို့ စဉ်းစားမိတယ်။ ကျုပ်တို့လဲ ကြည့်ပါလား-အာသံတို့ မဏိပူရတို့ ဆိုတဲ့ နယ်တွေကို သာသာကြည်ကြည် ပြန်ပေးခဲ့တာမှ မဟုတ်ဘဲ။
အင်္ဂလန်ပြည်ဆိုတာလဲ- ဘာမှ ရှိတာမဟုတ်ဘူး။ ဆားတို့ မီးသွေးတို့လောက်သာ ရှိတာ။ ခွေးမသားတွေ အူခြောက်နေတာ။ သူတို့တတွေ-မိုင်ပေါင်း ခုနှစ်ထောင်ကျော်ကလာတာ ငတ်လို့ပေါ့။
ဟိုတုံးက-ယိုဒယားတို့ ဘာတို့ဆိုတာ သွားတိုက်ခဲ့ရတာဘဲ။ အခုလဲ အင်္ဂလိပ်က မတားရင်၊ ယိုးဒယားလောက်တော့ တို့ခြေ အောက် ရောက်သေးရဲ့ ရသေးရဲ့ ထင်တယ်။
အဲဒီ တိုက်စဉ်တုံးကတော့-အခုလိုမဟုတ်ဘူး။ ရှင်ဘုရင်ကို မိပီဆိုရင် " နန်းကိုစိုးချင်သေး လား။ စိုးချင်ရင် သစ္စာပြု၊ သစ္စာရေသောက်၊ သမီးကညာဆက်၊ ရွှေပန်း-ငွေပန်းဆက်၊ အဆောင်တွေ-ဘာတွေဖြုတ်ချ။ တို့ဗမာမင်းက-ထီး ၈ စင်း ဆောင်း တယ်၊ မင်းတို့ လေးစင်းသာ ဆောင်း" ဒါလောက်လုပ်တာဘဲ။အင်းဝကို ယိုးဒယားက ဆက်သရတယ်ဆိုတာလဲ ဆင် ၃-၄ ကောင် လောက်ပဲ။
ရွှေဆိုလဲ ၁ ပိဿာ ၂ ပိဿာလောက် ဆက်ရတာဘဲ။ သ္မီးကညာ ဆက်တယ်ဆိုတာကတော့ ကျုပ်တို့ ဗမာဘုရင်တွေ ဂွကျတာဘဲ။ မိန်းမတွေ သိပ်များတာဘဲ။ သူ့ခေတ်နဲ့သူမို့ ယူရတာဘဲ။
စစ်တိုက်ရတာ သိပ်မလွယ်ဘူး။ ပင်လယ်ခရီးက လှေနဲ့ သွားရတယ်ဆိုရင်လဲ၊ လေထဲ လှိုင်းထဲ လှေပါသွားတာမျိုးဘဲ။
တခါတလေ-ယိုးဒယားက သူပုန်ထတယ်ဆိုရင် အင်းဝက ၃လ လောက်ကြာမှ ကြားရတာ ဘဲ။
အဲဒီတော့လဲ သူတို့ရဲ သ္မီးကညာဟာ ဗမာဘုရင်ရဲ့ မိဖုရားဖြစ်နေရင်၊ တော်ရုံတန်ရုံနဲ့ သူပုန်မထ၀ံ့ဘူးပေါ့။ သ္မီးမျက်နှာ ထောက် ထားနေရသေးတာကိုး။ အဆုံးကျတော့ သ္မီးကညာ ဆိုတာ ဓားစာခံပေါ့လေ။
ကျုပ်တို့ တောစွန် တောင်ကြားက အသက် ၂၀-၂၂ နှစ်လောက် ရန်ကုန်ရောက်လာတယ်။ ဂျီ-စီ-ဘီ-အေ အသင်းတွေကလဲ ပေါ်လာတော့ တအားတက်မိတယ်။
အသင်းအစည်းအဝေးတွေတော့ သွားမတက်ပါဘူး၊ စိတ်ကိုကလဲ တယ်ဟန်မယ် မထင်ပါဘူး။
ခေါင်းဆောင်မဲ့ အကောင်တွေ ကြည့်ရတာလဲ၊ တယ်အားရစရာ မကောင်းပါဘူး။
ယောက်ျားမပီသတဲ့ ကောင်တွေသာ များတာဘဲ။ မျက်နှာသနပ်ခါးတွေနဲ့။ ဗိုလ်ကတော်စိတ် ပေါက်နေတဲ့ ကောင်တွေဘဲ။ ဘာ-ညာဆိုတဲ့အကောင်တွေက သိပ်များနေတော့၊ ကျုပ်တို့လဲ လျော့နေကြတာဘဲ။
နောက်ဆုံးရေးတဲ့ ခွေးဂဏ္ဌိဆိုတဲ့ ကျမ်းဟာ-အခုလက်ရှိ ခေါင်းဆောင်တွေဟာ-ဘုန်းကြီးကျောင်းက ခွေးတွေနဲ့ တူတဲ့အကြောင်း ဘဲ။
အဲဒီလိုနဲ့နေရင်း သခင်ကလေးတွေ ပေါ်လာတယ်။ အလကား တွေ့ကရာ ရှောက်ဆဲနေတဲ့ ကောင်ကလေးတွေဘဲလို့ အမှတ် ထား တယ်။ဒါနဲ့ ဗစိန်တို့၊ ဘလူတို့ ထောင်တဖုတ်ဖုတ်ကျနေတာ တွေ့ရတော့ အင်း အသင့်အတင့် တော့ ဟန်လာပြီ။ စိတ်ဓါတ်တွေ ပြောင်းနေတယ်ဆိုတာ စဉ်းစားမိတဲ့... လွန်ခဲ့တဲ့ ခွေးမသား ခေါင်းဆောင်တွေ၊ လွတ်လပ်အောင် လုပ်တဲ့နည်းလမ်း မတွေ့လို့ဘဲ။
ဘာမဆို ကြိုးစားရင် ရမှာဘဲ။ ဘုရားဆုတောင် တောင်းရင်ရတာဘဲ။ ဇွဲကြီးကြီးနဲ့သာ လုပ်ဘို့ လိုတာဘဲ။
ကာလဒေသ ပယောဂကို ကြည့်ပြန်တော့၊ လူကောင်းသူကောင်းခေတ် ရောက်ပြီဆိုတာ သိတယ်။
ဒါကြောင့်မို့လို့လဲ သခင်နာမယ်ယူပြီး၊ ရေနံချောင်းကွန်ဖရင့် လိုက်ပီး ကူခဲ့တာဘဲ။
လူငယ်တွေနဲ့ ပေါင်းပြီး မသေခင်-တပွဲတလမ်း စမ်းချင်တာပါဘဲ။
နောက်က-လူကြီးတွေ လုပ်ကြတာက၊ ကိုယ့်ခေါင်းဆောင် မကောင်းမှန်းသိရက်နဲ့၊ တချို့က ကြည်ညိုနေကြတုံးဘဲ။ တည်မိတဲ့ ဘုရားတော့ ဠင်းတဘဲနားနားဆိုပီး၊ သဘောထားကြတယ် ထင်တယ်။
တခြားမကြည့်နဲ့လေ။ စားကျက်မရခင်-နိုင်ငံရေးလုပ်ကြတာဘဲ၊ အမ်အေ ဦးသိန်းမောင်တို့ များဆိုရင် အဲဒီ [ဆွဲချ] ဆိုတဲ့ ရာထူးရနေတဲ့ ဦးသိန်းမောင်ပေါ့။ ၁၀၀၀ိ-စား ကစတယ်ဆိုရင်ဘဲ ပုသိန်သားတွေ ရင်ဘတ်ကို ခြေကန်ထွက်တာဘဲ။ နိုင်ငံရေးဟာ ကုသိုလ်တပဲ-ငရဲတပိဿာ ဆိုပြီး၊ အခုတော့ ငရဲတပိဿာဘဲ လုပ်နေတာဘဲ။
ဝေဿန္တရာဇာတ်မှာ ကြည့်ပါလား။ တောထွက်တဲ့ ပါရမီ မထဲ့ခဲ့ဘူး။ ဘာကြောင့်လဲ။ သဒ္ဓါကြောင့် မဟုတ်ဘူး။ တိုင်းပြည်က ဝေဿန္တရာကို ဆင်ဖြူတော် လှူပစ်ရမလားဆိုပြီး အလိုမရှိတာနဲ့ ထွက်ရတာဘဲ။ ဟိုတုံးကလဲ ဒီမိုကရေစီခေတ်နဲ့ဘဲတူတယ်။ နိုင်ငံကို ဖြုန်းတီး အောင် လုပ်တဲ့ ရှင်ဘုရင်၊ အသုံးကြီးတဲ့ ရှင်ဘုရင်ဆိုပြီး နှင်ထုတ်ပြစ်တာဘဲ။
ကျောင်းသားတွေဟာ အမှန်အားဖြင့်၊ နိုင်ငံရေးနဲ့ မသက်ဆိုင်သော်လဲ၊ သူတို့ကို ကြည့်ပီး ကျုပ်က သိတ်အားရတာဘဲ။ ဘာပြုလို့လဲ။ သူတို့တတွေက တိုင်းပြည်ဘက်က ပါနေတာကိုး။ အစိုးရကဆိုလဲ သူတို့ကို လူဆိုးစာရင်းထဲ သွင်းထားတာဘဲ။
ကျုပ်တို့ နယ်လှဲ့တရားဟောရင်းနဲ့ ရှေးအဖိုးကြီးတယောက်နဲ့ တွေ့တယ်။ သူက 'ဘဲ့နယ် ယောဂီဆရာမှိုင်း ဆရာမှိုင်းနဲ့ ဆိုပီး၊ မိုးညှင်းယောဂီနဲ့လဲ မတူပါလားလို့ မေးတယ်'
ဘယ်တူမလဲ၊ ကျုပ်တို့က သခင်ဖြစ်ချင်တဲ့ ယောဂီဘဲ။ ကျုပ်တို့တတွေ နိဗ္ဗာန်ရောက် အောင် ကြိုးစားနေကြတာဘဲ။ မိုးညှင်းဆရာတော်ကြီးကို ပင့်ဖိတ်ပြီး တရားဟောတာလဲ နိဗ္ဗာန် လိုချင်လို့ဘဲ။ တပြည်လုံး နိဗ္ဗာန်ရောက်ချင်လို့ဘဲ။ တပြည်လုံး နိဗ္ဗာန်ရောက်ကြရင်လဲ ကောင်း သားဘဲ။ မိုးညှင်းဆရာတော်ကြီးကတော့၊ တပြည်လုံးက လူတွေ သည်းခံတတ်တဲ့ တရားရှိ အောင်၊ ဆင်းရဲတဲ့ဘ၀နဲ့ တင်းတိမ်နေနိုင်အောင်၊ ကြေနပ်နေအောင် ဟောတာနဲ့တူတယ်။ နိဗ္ဗာန်ကို ကျုပ်တို့ကတော့ မရောက်နိုင် သေးတာနဲ့ မသွားချင်သေးဘူးလို့ ပြန်ပြောခဲ့တယ်။
ကျောင်းသားတွေက ကျုပ်ကို မဖိတ်ပေမဲ့-လာချင်နေတာ-ကြာလှပြီ။ ကျောင်းသားတွေက အလံတောင်ပေါ်ကနေပီး ဖိတ်ရင် တောင် လာမှာဘဲ။
အမှန်မှာဆိုတော့ အလုပ်လုပ်တယ်ဆိုတာ သမ္ပတ္တိခေတ်၊ ၀ိပ္ပတ္တိခေတ် ကြည့်လုပ်ကြ ဆိုဘဲ။ ခွေးမသားတွေ မကောင်းလို့ ကျုပ်တို့တတွေ ယောင်ချာချာနေရတယ်။ အဲဒီ ရှေးခေါင်း ဆောင်တွေ၊ ဘိလပ်ပြန်တွေ ခွေးမသား တွေ အကြောင်းပြောတော့ ပုဂံ-ငသယောက်က အကောင်တွေ စဉ်းစားမိတယ်။ ဒီကောင်တွေက အလကားကောင်တွေ၊ လက်ကြောတင်းအောင် မလုပ်ချင်။
အမှန်ကတော့ မြို့မှာနေတာ လူညာတွေဘဲ။ ဘော်ကြော့နေချင်ကြတာဘဲ။ ဒါနဲ့ ခုနင်ကပြောတဲ့ ပုဂံငသယောက်က၊ လူပျင်းတွေ-ရွှေမြို့တော် အင်းဝတက်ပြီး၊ အလုပ်ရှာကြတာကိုး။ ထီးတော်မိုးလိုလို၊ အိပ်ဖန်စောင့်လိုလို။ အိပ်ဖန်တော်စောင့် ဆိုတာ ဒရ၀မ်ဘဲ။ ဒီကောင်တွေ ဘာလုပ်သလဲ သိလား။ လှေခါးရင်းကစောင့်-ခွေးလိုစင်းပြီး တငိုက်ငိုက်နဲ့ စောင့်ကြတာပေါ့။
ဒါနဲ့ တနေ့ကြတော့ ရွာပြန်ကြမှာကိုး။ သူတို့က လှေသမားတွေကို ပြောလိုက်တယ်။ [ငသယောက်။ တူရွင်းတိုင်သားတို့-ငါတို့ တန်ခူးလဆန်း ၆ရက်နေ့ ပြန်မယ်] လို့မှာလိုက်သတဲ့။ ရွာရောက်တော့ ရွာသားတွေက ဝေါနဲ့ ယဉ်နဲ့ ဆီးကြိုကြသတဲ့။
တောကလူတွေက ရှင်ဘုရင်အကြောင်း သိချင်လို့ မေးကြသတဲ့။
"တို့တော့ သူငယ်ချင်း-ရုပ်သေးထဲက ရှင်ဘုရင်သာမြင်ဘူး တယ်။ အရုပ်ထဲကလို ချွန်သလား" မေးတယ်။
"ဟာ သိပ်ချွန်တာဘဲလို့ ဖြေလိုက်သတဲ့"
"ရှင်ဘုရင့်အသက် တို့လက်ထဲမှာ" လို့ပြောသတဲ့။
ရှင်ဘုရင့်နား အိပ်ရတာ-ဂျပိုးသိတ်ကိုက်တာဘဲတဲ့ ပြောကြသေးတယ်။
ရှင်ဘုရင်ဆိုလို့ တခါမှ မြင်ဘူးတာ မဟုတ်ဘူး။ ခွေးမသားတွေ ဒီလီကိတ်တွေလဲ ဒီအတိုင်းဘဲ။ ဘိလပ်နန်းတော်ရင်းက ပြန်လာကြတဲ့ အကောင်တွေဘဲ။
အခုကာလ ကျောင်းသားတွေရဲ ပါးစပ်ဟာ အင်မတန်စူးတယ်။ ဟိုတခါ သတင်းစာထဲ ဖတ်လိုက်ရတယ်။ ဗမာပြည်က ခေါင်း ဆောင် တွေဟာ ကိုယ့်ကိုယ်ကို သတ်သေသင့်တယ်လို့ စကားပြောပြိုင်ပွဲတခု ဆုံးဖြတ်လိုက်တယ်။
အဲဒီလို ဖြစ်ပီးလို့မှ မကြာခင် ထိပ်တင်ဝဟာ ကိုယ့်ကိုယ်ကို သတ်သေတယ် ကြားရတာဘဲ။ ထိပ်တင်ဝဟာ ငါးပွင့်ဆိုင်ရဲ့ ဘုရား ပေါ့။ တိုင်းပြည်က သာကီဝင် တောင့်တတော့ ထိပ်တင်ဝ ဘမ်းပြပြီး ဒီကောင်တွေ အလုပ်လုပ်ကြတာဘဲ။ ဘုရားလဲပီး ငြမ်းလဲ ကန်ချ ဆိုတာလို ထိပ်တင်ဝလဲ နိုင်ငံရေးစွန့်ပြီး လယ်သွားထွန်နေတာဘဲ။ မကြာခင် ကိုယ့်ဟာကို သေနတ်နဲ့ ပစ်သတ် သေတာဘဲ။ အဲဒါဟာ ဘမ်းပြ လမ်းပြဘဲ။
အဲဒီတော့ ကျောင်းသားတွေဟာ ဘယ်လောက် တန်ခိုးရှိတယ် ဆိုတာဘဲ ကြည့်တော့။ ယခု ကျောင်းသားတွေဟာလဲ စုရုံးမိကြပီ၊ တိုင်းပြည်ရဲ့ အကျိုးရှိမယ့် အလုပ်တွေသာ လုပ်ကြပေတော့။ ကျုပ်တို့တော့ ဒီညီလာခံသဘင် အောင်ဘို့ ဆုတောင်းတာဘဲ။
[ဤမိန့်ခွန်းကို သခင်ကိုယ်တော်မှိုင်းကိုယ်တိုင် ပြန်လည်ဖတ်ရှု ပြင်ဆင်ပြီးမှ ပုံနှိပ်ပါသည်။]
[ နဂါးနီတိုက်ထုတ် 'ဗမာ့အရေး' စာအုပ်၊ ပထမတွဲ၊ က ကူးယူဖော်ပြပါတယ်။ မူရင်းရသာ မပျက်အောင် စာလုံးပေါင်း ကအစ မူရင်းအတိုင်း ကူးယူဖော်ပြပါတယ်။]
(ဒီမိုဝေယံ နှင့် အလင်းစက် ဘလော့ဂ်များမှ အချက်အလက်များကို ဖြည့်စွက်ဖော်ပြသည်။)
အညာနွေ တမာမြေ
Sunday, July 18, 2010
၆၃ နှစ်ပြည့် အာဇာနည်နေ့ အမှတ်တရ

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့၊ မနက် ၁၀ နာရီ ၃၇ မိနစ် ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် နိုင်ငံရေးတွင် အလွန် အရေးပါသော ခေါင်းဆောင်ကြီး ကိုးဦးဟာ မသမာသူ လူတစုရဲ့လက်ချက်ကြောင့် ကျဆုံးခဲ့ပါတယ်။ အဲဒီိနေ့ကို အာဇာနည်နေ့ လို့ သတ်မှတ်ပြီး ဒီနေ့ထက်တိုင် အောင့်မေ့ သတိရ အမှတ်တရ ကျင်းပလေ့ရှိပါတယ်။
မနက်ဖြန် ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၃ နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကျဆုံးသွားတဲ့ ခေါင်းဆောင်ကြီးတွေရဲ့ အထုပ္ပတ္တိ အကျဉ်းကို ဒီနေရာမှာ သွားရောက်ဖတ်ရှုနိုင်အောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။







