-->
Showing posts with label ဆက်သွယ်မေးမြန်းချက်. Show all posts
Showing posts with label ဆက်သွယ်မေးမြန်းချက်. Show all posts

Sunday, September 19, 2010

သမီးဆန္ဒအတိုင်း အမျှ မဝေသေးဘူး

၁၉၈၈ ခုနှစ် ဒီမိုကရေစီရရှိရေး လူထုလှုပ်ရှားမှုကြီးကို မြန်မာ့ တပ်မတော်က အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းခဲ့သောကြောင့် ဆန္ဒပြသူများ ထောင်နှင့်ချီ၍ သေဆုံးခဲ့ရသူ ရှိခဲ့သည်။

ထိုစဉ်က ဖြစ်ရပ်တချို့နှင့် ပတ်သက်သည့် ဓာတ်ပုံမှတ်တမ်းများထဲတွင် အာဏာသိမ်းပြီး နောက်တနေ့ ဖြစ်သော စက်တင်ဘာ ၁၉ ရက်နေ့ ပစ်ခတ်မှုများကြောင့် သေဆုံးခဲ့သူ ဆန္ဒပြကျောင်းသူ မ၀င်းမော်ဦး၏ ဓာတ်ပုံမှာ အထင်ရှားဆုံး ဓာတ်ပုံများထဲတွင် ပါဝင်သည်။



စစ်အာဏာသိမ်းခဲ့သည့် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က သေနတ်မှန်ထားသော မဝင်းမော်ဦးကို သယ်ယူပြေးလွှားနေသည့် ဒေါက်တာ စောလွင်နှင့် ဒေါက်တာ မင်းသိန်း


မ၀င်းမော်ဦး၏ ဖခင်ဖြစ်သူ ဦးဝင်းကြူအား ဧရာဝတီ သတင်းထောက် ဇာနည်မာန်က ဆက်သွယ်ပြီး သမီးဖြစ်သူ ဆန္ဒပြရာတွင် ပါဝင်ခဲ့ပုံ၊ သူနှင့် သူငယ်ချင်းတချို့ ဒဏ်ရာရ သေဆုံးခဲ့ပုံ၊ မိသားစု၏ ခံယူချက် စသည်တို့ကို မေးမြန်းထားပါသည်။

မေး ။ ။ မ၀င်းမော်ဦးအတွက် နှစ်ပတ်လည် ဆွမ်းကပ်တယ်လို့ သိရပါတယ်။ အေးအေးချမ်းချမ်း လုပ်ခွင့် ရခဲ့ပါသလား။

ဖြေ ။ ။ ကောင်းကောင်းမွန်မွန်တော့ လုပ်ခွင့်ရပါတယ်။ သူတို့ အဖွဲ့အစည်း ဘာညာတော့ ဘေးပတ်ဝန်းကျင်မှာ ရှိတော့ရှိတာပေါ့။ ဒါပေမယ့်လို့ သူတို့ဘာသာ သူတို့ နေကြတာပါ။ နှောင့်ယှက်တာ ဘာညာတော့ မရှိဘူးပေါ့။ နှစ်တိုင်းနှစ်တိုင်း ကျနော်တို့ လုပ်ခဲ့တဲ့အခါမှာလည်း ဘာပြဿနာမှ မရှိခဲ့ပါဘူး။ မရှိဘူး ဆိုတာကလည်း ကိုယ့်ဆီလာတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကလည်း သမီးကို ဂုဏ်ပြုတဲ့ အနေနဲ့ လာလာပြီးတော့ ဒီလိုပဲ ငြိမ်းငြိမ်းချမ်းချမ်း ပြောကြ ဆိုကြတာလေ။

မေး ။ ။ နှစ်တိုင်း ဆွမ်းကပ်ပေမယ့် မ၀င်းမော်ဦး မှာခဲ့တဲ့ စကားတခွန်းကြောင့် ဦးတို့ အခုချိန်ထိ သူ့အတွက် အမျှမဝေဘူး ဆိုတာ သိရပါတယ်ရှင့်။


ဖြေ ။ ။ ဟုတ်ပါတယ်။ အဲဒီတုန်းက သမီးက ဗိုလ်ချုပ်ပုံလေး ကိုင်ပြီးတော့ ဒူးလေး ထောက်နေတော့ သူငယ်ချင်းတွေက ၀ပ်ခိုင်းတာမှာ သမီးက ပြောတယ် တဲ့၊ ငါ မ၀ပ်ဘူး၊ မ၀ပ်ဘူး။ ငါတို့ ဒီမိုကရေစီ မရမချင်း၊ ငါတို့ တခုခု ဖြစ်သွားသည့် တိုင်အောင်တောင်မှ ငါတို့ နာမည်ခေါ်ပြီး အမျှမဝေပါနဲ့ဦး ငါတို့ ဆက်ပြီးတော့ တိုက်ပွဲဝင်နေဦးမယ် တဲ့၊ အဲဒီလို ပြောခဲ့တယ် တဲ့၊ အဲဒီလိုပဲ သူ့သူငယ်ချင်းတွေ ဆီကနေ ကျနော်တို့က ကြားခဲ့ရတယ်။ ကျနော်တို့ မိဘတွေ အနေနဲ့ သူတို့ တောင်းထားတဲ့ဟာ မရမချင်း၊ နောက် သူ့ဆန္ဒအရ ယနေ့အထိ ၂၁ နှစ် အထိတိုင်ကို သူ့နာမည် ခေါ်ပြီးတော့လည်း ကျနော် လုံးဝ သူ့အတွက် အမျှ မဝေဖူးသေးပါဘူး။ သူတို့ တောင့်တတဲ့ အနေအထား ရလာပြီ ဆိုမှသာလျှင် သူ့အတွက် သူ့နာမည်ကို အားရပါးရကြီး ခေါ်ပြီးတော့ ကျနော် အမျှဝေမယ်လို့ ဆုံးဖြတ်ထားပါတယ်။




မေး ။ ။ လွန်ခဲ့တဲ့ ၂၁ နှစ်က အဖြစ်အပျက်လေးကို ဦးမှတ်မိသလောက် ပြောပြပေးပါရှင်။

ဖြေ ။ ။ အဲဒါတွေက ဘယ်တော့မှ မမေ့ပါဘူး။ သူက မဟုတ်မခံစိတ် ရှိတယ်။ အဲဒီနေ့တုန်းက မနက်ပိုင်းက သူ့ကို ကျနော်တို့ မိဘတွေကလည်း တားတာပေါ့။ အဘိုးတွေ အဘွားတွေကလည်း တားတယ်။ သမီး ဒီနေ့က သိပ် အခြေအနေ ကောင်းမှာ မဟုတ်ဘူး၊ မသွားရင် ကောင်းမယ် ဆိုတော့ သူက ဘိုးဘိုးကြီး တဲ့ သမီးတို့က ကျောင်းမှာ ဆိုလို့ရှိရင် အမာခံတောင် မဟုတ်ဘူး တဲ့လေ၊ အသေခံပါ တဲ့။ အဲဒီတော့ သမီးတို့ မသွားလို့ မရဘူး၊ နောက်တော့လည်း သူက လူကြီးဖြစ်နေတဲ့ အတွက် မသွားလို့ မဖြစ်ဘူး။ သမီး သွားရမယ် တဲ့။ သွားရင်လည်း သမီး မျက်နှာပြရုံတင်ပါပဲ တဲ့။ ပြီးရင် သမီး ပြန်လာမယ် ဆိုပြီးတော့ ကျောင်းရောက်သွားတဲ့ အခါကျတော့ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ တွေ့တော့ ပြောကြ ဆိုကြရင်းနဲ့ သူလည်း စိတ်ဝင်စားပြီးတော့ ပါသွားတယ်ပေါ့။

ပါသွားတော့ အဲဒီအချိန်မှာ သူက ဗိုလ်ချုပ်ပုံ ကိုင်ထားတယ်။ အဲဒါနဲ့ သူပါသွားပြီး ချီတက်သွားကြတော့ အဲဒီက အပြန်၊ အပြန်မှာ မဟာဗန္ဓုလလမ်းအတိုင်း သူတို့ ၀င်တယ်။ ၀င်ပြီးတော့ ဘုရားလမ်းကျတော့ ပြန်ဆင်းတယ်။ ကုန်သည်လမ်းကနေ ပြန်ပတ်တဲ့အခါ အဲဒီ ထောင့်နားမှာ မီးပွိုင့်ရှိတယ်။ အဲဒီနားမှာ သူတို့ အပစ်ခံရတာ။

ပထမ သူတို့ စပစ်တဲ့ အချိန်တုန်းက အောက်ပိုင်းကို သူတို့ ပစ်တာပေါ့၊ ဒူးအောက်ပိုင်းကို သူတို့ ပစ်တာ။ အဲဒီမှာ သူက ဘယ်ခြေသလုံးကို အရင် ထိတယ်။ ပြီးတော့ နောက်တခါ ထပ်အပစ်မှာ ဘယ်ပေါင်ကိုပဲ ထပ်ထိတယ်။ ဒူးကိုထိတော့ သူက ဓာတ်ပုံနဲ့ ကိုင်ပြီးတော့ ခွေကျသွားတယ်။

သမီးနဲ့ အတူတူ ချီတက်တဲ့ ကလေးတွေက ပြောပြတယ်။ သူခွေကျသွားတော့ သူ့ဘေးနားက သူငယ်ချင်းက “ဟဲ့ ၀င်းမော်ဦး ၀ပ်၊ ၀င်းမော်ဦး ၀ပ်” ဆိုတော့ သူက ဗိုလ်ချုပ်ပုံ ကိုင်ထားတဲ့ အတွက် ငါ ၀ပ်လိုက်လို့ရှိရင် ဗိုလ်ချုပ်ပုံ ကျမယ်။ အဲဒီတော့ ဒို့အဖွဲ့ပါ ကျမယ် ဆိုပြီးတော့ သူက မ၀ပ်ဘဲနဲ့ နောက်တခါ ထပ်အပစ်မှာ ညာလက်မောင်းကို ၀င်ပြီးတော့ ဖောက်ပြီးတော့ ရင်ထဲကို ၀င်သွားတာ တဲ့။

နောက် ၁၂ နာရီ ခွဲလောက်တော့မှ လိုက်ကယ်တဲ့ ဆရာဝန်တွေက သူ့ကိုတွေ့တော့ “ဦး သမီးကို ကယ်ပါ” ဆိုပြီးတော့ သမီးက ပြောတယ်တဲ့။ ပြောတော့ အခု ဓာတ်ပုံထဲမှာ ပါလာတဲ့ မ နေတဲ့ ဆရာဝန်က ကျနော့်ဆီ ရောက်လာပြီးတော့ ပြောပြတာ။

သူ့ကို တွေ့တဲ့ အချိန်တုန်းက သူ အသက်ရှိသေးတယ်။ ဒီလိုဒီလိုပဲ ကျနော့်ကို ကယ်ပါ ဆိုပြီးတော့ ပြောတယ် ဆိုပြီးတော့ပေါ့။ အဲဒါနဲ့ ဆေးရုံရောက်တဲ့ အထိ သူတို့လည်း ပို့ပေးကြပါတယ်။ ဆေးရုံရောက်တော့လည်း ဆေးရုံက ကျနော့်ဆီ ဖုန်းဆက်တယ်။ ဖုန်းဆက်တော့ ဖုန်းနံပါတ်တွေ ဘာတွေကျတော့လည်း သူကိုယ်တိုင်ပဲ ပေးတာ တဲ့။ အဲဒီတော့ ကျနော့်ဆီ ဖုန်းရောက်တော့ နှစ်နာရီခွဲ၊ သုံးနာရီလောက်မှာ ကျနော်တို့လည်း ဘယ်လိုမှ သွားလို့ မရဘူး။ လမ်းတွေကလည်း အကုန်လုံး ပိတ်ကုန်တာ။ သံဆူးကြိုးတွေနဲ့ပိတ် ဘာညာနဲ့ အတားအဆီးတွေ ရှိနေတာ။

အဲဒါနဲ့ ကျနော်ရယ်၊ ကျနော့် ယောက်ဖရယ်၊ အကိုဝမ်းကွဲ တယောက်ရယ် ကျနော်တို့ သုံးယောက်က တယောက်က ဆိုင်ကယ်နဲ့ သွားတယ်။ ကျန်တဲ့ နှစ်ယောက်က စက်ဘီးနဲ့ သွားတယ်။ သံဆူးတွေ မ၊ တိုင်တွေဖယ်နဲ့ ဆေးရုံရောက်တော့ သုံးနာရီခွဲ၊ လေးနာရီ မတ်တင်းလောက် ရှိပြီ။ သူ့ကို လိုက်ရှာတော့ 3-4 ward မှာ တင်ထားတယ် ဆိုတော့ ကျနော်တို့က အဲဒီကို သွားရှာတာ မတွေ့ဘူး။ အဲဒီတော့ ဆေးရုံက ဒိပြင် ward တွေမှာ သွားရှာတော့ အဲဒီတွေမှာလည်း မရှိဘူး။ အဲဒီတော့ ဒါဆို အရေးပေါ်ဌာနကို ထပ်မေးဦးမယ် ဆိုပြီး သွားမေးတော့ သူ့ကို ခွဲစိတ်ပေးတဲ့ ဆရာဝန်နဲ့ သွားတွေ့တယ်။ သူက အသည်းအသန်အခန်းထဲမှာ ရှိပါတယ်၊ ကျနော် ကိုယ်တိုင် တင်ခဲ့တာပါ ဆိုတော့မှ ကျနော်က 3-4 ward ကို ပြန်သွားပြီးတော့ အသည်းအသန်အခန်းထဲကို သွားကြည့်တော့မှ သမီးကို ကျနော်တို့ တွေ့ရတယ်။

ရောက်သွားတဲ့အချိန်မှာ သမီးကို မြင်လိုက်ရတော့ စိတ်ထဲ တမျိုးကြီး၊ ဇဝေဇ၀ါဖြစ်သွားတယ်။ ပါးစပ်မှာလည်း အောက်စီဂျင်တွေ ပေးထားတယ်။ ခွဲစိတ်ထားတော့ သူ သတိမရသေးဘူး။ အဲလိုနဲ့ပဲ အဲဒီ ညနေမှာပဲ သူဆုံးသွားတာ။ ကျနော်တို့နဲ့လည်း စကား မပြောလိုက်ရဘူး။ သူဆုံးတဲ့အထိကို ကျနော်တို့ မိဘတွေ ဘယ်သူတွေ ဘယ်ဝါတွေ လာတယ် ဆိုတာ မသိသွားလိုက်ရရှာဘူး။ သူက ၁၉၇၂ ခု အောက်တိုဘာ ၁၅ ရက်နေ့မှာ မွေးတာ။ သူဆုံးတုန်းက ၁၆ နှစ်ပေါ့။ သူသာ ရှိနေသေးရင် အခု ၃၇ နှစ်ပေါ့။ အိမ်ရောက်တော့ သူ့မအေ သူ့အဘွားတွေက ၀ိုင်းမေးကြတာ။ မပြောရက်ပေမယ့် မပြောလည်း မဖြစ်ဆိုတော့ အကျိုးအကြောင်း ပြောရတာပေါ့။ စိတ်မကောင်းတာက လွဲလို့ ဘာတတ်နိုင်မလဲနော်။

သူ့ကျောင်း အလက (၄) ကြည့်မြင်တိုင်ကျောင်းက ချီတက်တဲ့သူတွေထဲက ၁၇ ယောက် ထိတယ်။ အဲဒီထဲမှာ ၃ ယောက်က သေသွားတယ်။ ယောင်္ကျားလေး နှစ်ယောက်ရယ် သမီးရယ်ပေါ့။ ယောင်္ကျားလေး နှစ်ယောက်မှာ တယောက်ဆိုရင် ၁၅ နှစ်ပဲ ရှိသေးတယ်။ သူတို့နှစ်ယောက်ကတော့ နေရာမှာတင် သေသွားကြတာ။ အဲဒီတုန်းက ဆေးရုံမှာ ဒဏ်ရာရတဲ့သူတွေ ဆိုတာလည်း အများကြီး ဖြစ်နေတာပေါ့။ ကလေးတွေ နာလို့ အော်ကြဘာကြနဲ့ ဒါပေမယ့် ကိုယ့်ဘာသာကိုယ် သမီးဇောက ရှိနေတော့ ကျန်တာတွေ ဘာမှ အလေးမထားမိတော့ဘူး။

မေး။ ။ ဒဏ်ရာရနေတဲ့ မ၀င်းမော်ဦးကို ဆရာဝန်နှစ်ယောက်က သယ်လာတဲ့ပုံကို မြင်လိုက်ရတော့ ဦး ဘယ်လိုခံစားရလဲဆိုတာလေး ပြောပြပေးပါလားရှင်။

ဖြေ။ ။ ဘယ်လိုပြောရမလဲ။ အဲဒီပုံလေးက … စိတ်မကောင်းဘူးဗျာ …။ သမီးကတော့ သူ့ကံကိုက ဒီလိုပဲ ပါလာတာ။ ဒီလောက်အသက်အရွယ်ပဲ နေရမယ်လို့ ဖြစ်လာတာပဲ ဆိုတော့လေ။ ကျနော်ကတော့ သမီးအတွက် ဂုဏ်ယူပါတယ်။ ကျနော့်အမေ၊ သမီးရဲ့အဘွား ဆိုရင်လည်း အခု ၈၆ နှစ်ရှိနေပြီ။ အမေက ဟိုးအရင်က ဖဆပလတို့ ပမညတ တို့မှာသူက လှုပ်ရှားခဲ့ဖူးပါတယ်။ သူ့ဘွားအေသွေး ပါလို့ပဲ ဒီလိုစိတ်ရှိလားတော့ မပြောတတ်ဘူး။ သူ့အဘွားကလေ ၂၀၀၇ တုန်းက သံဃာတွေနဲ့ လိုက်ပါသေးတယ်။ ကြည့်မြင်တိုင် ကမ်းနားဈေးကနေပြီးတော့ လမ်းလျှောက်လိုက်သွားတာ ကမ္ဘာအေး လမ်းဆုံအထိ လိုက်သွားသေးတာ။ အခုလည်း သမီးအတွက် သူပဲ ကမကထ လုပ်ပေးနေတာ။ ကျနော်တို့ကတော့ အခုအချိန်ထိ နိုင်ငံရေး ဘာညာလည်း နားလည်း မလည်ဘူး၊ ၀င်လည်း မပါခဲ့ဘူးပေါ့။




ဆရာဝန်နှစ်ဦးက ပြေးလွှားသယ်ယူလာသည့် မ၀င်းမော်ဦး၏ပုံနှင့် သတင်းများကို မိသားစုက ယခုလို အမှတ်တရ


မေး။ ။ မ၀င်းမော်ဦးတို့ လက်ထက်ကတည်းက အခြေအနေတွေနဲ့ အခု လက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေအပေါ် ဘာများ ပြောချင်ပါသလဲရှင်။

ဖြေ။ ။ အခုလက်ရှိ မျိုးဆက်သစ်လေးတွေ ဆက်လက်ပြီးတော့လည်း သူတို့ တောင်းထားတဲ့၊ နောက်ပြီးတော့ ကျဆုံးသွားတဲ့သူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပါလို့ပဲ ကျနော်ပြောချင်ပါတယ်။





မ၀င်းမော်ဦး၏ အမှတ်(၁၆၀၇)၊ ဗိုလ်တေဇလမ်း အပိုင်း (၃)၊ ၂၀ ရပ်ကွက်၊ လှိုင်သာယာ၊ နေအိမ်မှ မိဘနှစ်ပါးနှင့် မောင်နှမများ


အာဏာသိမ်း နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် September 21, 2009 က ဧရာဝတီ သတင်းဌာနတွင် ဖော်ပြခဲ့သော အင်တာဗျူး ကို ပြန်လည်တင်ပြလိုက်ပါသည်။ ပုံများကို ကိုနစ်နေမန်း ဘလော့ဂ်မှ ကူးယူဖော်ပြပါသည်။


အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

Sunday, August 15, 2010

ထောင်ကထွက်လာပြီးရင် သတ္တိပိုရှိလာတတ်တယ်

မန္တလေးတိုင်း မိထ္ထီလာမြို့နယ် အန်အယ်လ်ဒီ စည်းရုံးရေးအဖွဲ့ဝင်၊ လူငယ်တာဝန်ခံ ကိုတင်ကိုသည် ၂၀၀၇ စက်တင်ဘာလအတွင်းက ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး ဆူပူအောင် သွေးထိုးလှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) ဖြင့် မန္တလေး အိုးဘိုထောင်တွင် ထောင်ဒဏ် ၂နှစ် ကျခံခဲ့ရာမှ ယနေ့ ပြန်လည်လွတ်မြောက်လာသည်။

ကုန်ဈေးနှုန်းနှင့် လောင်စာဆီ ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲများ ဖြစ်ပွားနေသည့် ၂၀၀၇၊ စက်တင်ဘာလ လဆန်းပိုင်းက ကိုတင်ကိုနှင့် အန်အယ်ဒီလူငယ် ကိုသီဟတို့သည် မန္တလေးတိုင်း မြို့နယ်ပေါင်းစုံ အစည်းအဝေးပြုလုပ်ရာ မန္တလေးမြို့မှ အပြန်တွင် ‘ကျောင်းသားရှိရင် သမဂ္ဂ ရှိရမယ်၊ ပြည်သူတွေ နိုးထတော့’ ဟူသည့် စာရွက်များနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။

မန္တလေး အိုးဘိုထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများ၏ အခြေအနေများကို မေးမြန်းတင်ပြလိုက်ပါသည်။



မေး။ ။ ကိုတင်ကို ကို မလွှတ်ခင် အာဏာပိုင်တွေက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မေးမြန်းတာတွေရှိလား။ ဘာတွေ ပြောလိုက်သေးလဲ။

ဖြေ။ ။ ကျနော် လွတ်ခါနီး လွန်ခဲ့တဲ့ လေးငါးရက်လောက်ကတော့ အက်စ်ဘီတယောက်က လာတွေ့တယ်။ ဒီကထွက်သွားရင် ဘာလုပ်မလဲ။ ရှေ့ဆက်ပြီး ဘယ်လိုဆက်လုပ်မလဲ ဆိုတာတွေ လာမေးတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်တာကိုတော့ လုံးဝ မဟဘူးဗျ။ အရင်ကလည်း တခါမှ လာမမေးဖူးဘူး။

မေး။ ။ တခြားအကျဉ်းသားတွေကိုရော ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မေးမြန်းတာတွေကို ကြားမိတာ သိတာရှိလား။

ဖြေ။ ။ အဲ့ဒီကိစ္စကို ကျနော်တို့ မန္တလေးထောင်မှာ လုံးဝ လာမလုပ်ဘူးဗျ။ တခြားထောင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို လာမေးကြတယ်ဆိုတာတွေတော့ ထောင်ဝင်စာတွေ့တဲ့သူတွေဆီကနေ ကြားရတယ်။ ကျနော်တို့ဆီကိုတော့ အဲ့လိုမျိုး တခါမှလာပြီး မေးစမ်းတာမရှိဘူး။ တခုရှိတာက ၂၀၀၈ မေလ ဆန္ဒခံယူပွဲတုန်းက ကျနော်တို့က အဲ့ဒီတုန်းက ထောင်ထဲမှာ ထိန်းသိမ်းခံဘ၀နဲ့ဆိုတော့ မဲပေးခွင့်ရလိုက်တယ်။ အဲ့ဒီတုန်းက ကျနော်ရယ်၊ ကျောက်ပန်းတောင်း ကိုဝင်းရွှေရယ်၊ မိုးကုတ် ကိုမင်းသူရယ် ကိုကံထွန်းရယ် ၄ ယောက်ကို တိုက်ထဲကနေ လာထုတ်သွားတာ။ ကျနော်တို့က ကန့်ကွက်မဲပေးတာ။ ပေးရတဲ့ မဲစနစ်ကလည်း လျို့ဝှက်စနစ်မဟုတ်ဘူး။ ကျနော်တို့ ဘာမဲပေးလဲဆိုတာ သူတို့အားလုံးသိနေတော့ ကျနော်တို့ကို အဲ့ဒါနဲ့ပတ်သက်ပြီးတော့များ လာမမေးတော့တာလားတော့ မသိဘူးပေါ့။ တခြားသူတွေကို ခေါ်မေးတာမျိုးလည်း မကြားမိဘူး။

မေး။ ။ ကိုတင်ကို တွေ့ခဲ့ သိခဲ့တဲ့ အိုးဘိုထောင်ထဲက အကျဉ်းသားတွေရဲ့ ရွေးကောက်ပွဲအပေါ် သဘောထားကရော ဘယ်လိုရှိကြလဲ။

ဖြေ။ ။ ကျနော်နဲ့နီးစပ်တဲ့သူတွေ၊ ကျနော် စကားပြောမိတဲ့သူတွေ အားလုံးလိုလိုကတော့ ဒီရွေးကောက်ပွဲက လက်ရှိ အုပ်ချုပ်နေတဲ့ စနစ်ကြီးကို တရားဝင်အောင် လုပ်နေတာပဲဆိုတာကို နားလည်သဘောပေါက်ကြတာကို တွေ့ရပါတယ်။

မေး။ ။ အိုးဘိုထောင်ထဲက ကျန်းမာရေး စောင့်ရှောက်မှု၊ အစားအသောက်နဲ့ နေထိုင်မှု အခြေအနေတွေ ဘယ်လိုရှိလဲ။

ဖြေ။ ။ အခု ထောင်ထဲက လောလောဆယ် အခြေအနေကတော့ ကောင်းတယ်လို့ပြောရမလိုပဲ။ ကျနော်တို့ ရောက်ခါစကထက်ကို ပုံစံတော်တော်များများပြောင်းသွားတယ်။ ဆန်လည်း အတော်လေးကောင်းသွားတယ်။ ပဲဟင်းဆိုရင်လည်း အရင်တုန်းကဆို ပဲမှုန့်တွေကြိုတာစားရတာ အခုက ကုလားပဲဟင်း စစ်စစ်စားရတယ်။ ကျန်းမာရေးစောင့်ရှောက်မှုလည်း တနင်္ဂနွေတပတ်ကို ၂ ခါ ဆရာဝန်ပြချင်ရင် ပြလို့ရအောင် လုပ်ပေးတယ်။ အဲ့လိုမျိုးတွေ လုပ်ပေးလာတယ်။
နေရထိုင်ရတာလည်း အရင်ကဆို ထောင်ဝါဒါတွေ ဘာတွေက ညှင်းပန်းမှုတွေ၊ ဖိနှိပ်ချုပ်ချယ်တာတွေ ရှိခဲ့တယ်။ ဒါပေမယ့် အခုလောလောဆယ်မှာတော့ နည်းနည်း လွတ်လွတ်လပ်လပ် ထားပေးတယ်။ တခုတော့ရှိတာပေါ့နော်။ ဒါတွေက တာဝန်ကျတဲ့ ထောင်ပိုင်တွေပေါ်မှာလည်း အများကြီးမူတည်တယ်။ ထောင်ပိုင်က နားလည်မှုရှိတယ်။ လုပ်တတ်ကိုင်တတ်တယ်ဆိုရင် ကောင်းတယ်။ ထောင်ပိုင်မကောင်းဘူးဆိုရင် မကောင်းဘူး အဲ့ဒီသဘောမျိုးတွေဖြစ်နေတယ်။ ကောင်းတဲ့နေရာကောင်းတယ်။ မကောင်းတဲ့နေရာ မကောင်းဘူး။ စနစ်တခုလုံးပြောင်းသွားလို့ အားလုံးကောင်းသွားတာမျိုး၊ ကောင်းအောင်လုပ်ပေးလိုက်တာမျိုးတော့ မဟုတ်ဘူးပေါ့ဗျာ။ အကျဉ်းထောင်တွေအားလုံးက အကျဉ်းသားအခွင့်အရေး၊ သန့်ရှင်းရေး၊ အစားအသောက်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ကောင်းသွားဖို့ဆိုတာကတော့ အတော်လေး လိုသေးတာပေါ့။

မေး။ ။ ကိုတင်ကို ရှေ့ဆက် ဘာတွေ ဆက်လုပ်သွားမယ်လို့ ရည်ရွယ်ထားလဲ။

ဖြေ။ ။ ကျနော် ထောင်ထဲမှာနေတုန်းက အပြင်ကအခြေအနေတွေကို အတိုင်းအတာလေးတခုအထိပဲ သိရတယ်လေ။ လောလောဆယ်အခြေအနေတွေကိုတော့ အရင်စောင့်ကြည့်ပြီး ရှေ့ဆက်ဘာလုပ်မလဲဆိုတာကို အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးတိုင်ပင်တာတွေ လုပ်ရအုံးမှာ။ ဒီမိုကရေစီ မရမချင်းကတော့ လုပ်သွားရမှာပဲ။ ကျနော်တို့ နိုင်ငံရေးသမားတွေတင်မဟုတ်ပါဘူး။ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဒီမိုကရေစီ လူ့ဘောင်တရပ်ပေါ်ထွန်းဖို့ဆိုတာက ပြည်သူ သန်း ၆၀ လုံးနဲ့ဆိုင်တော့ အားလုံးက အတူတူ အလုပ်လုပ်ကြရမှာပါ။ ရွေးကောက်ပွဲဖြစ်လာတယ်ဆိုရင် အဲ့ဒီကနေ ပေါ်လာတဲ့ အစိုးရတရပ်ဟာ ပြည်သူအတွက်ဖြစ်သလားမဖြစ်ဘူးလားဆိုတာ စောင့်ကြည့်ရမှာပဲ။ မဖြစ်ဘူးဆိုရင် ကျနော်တို့တွေက ထောက်ပြတာတွေ လုပ်သွားအုံးမှာပဲ။ ပါတီအဖွဲ့စည်းရှိမှ နိုင်ငံရေးလုပ်တာမဟုတ်ဘူး။ ပြည်သူလူထုရှေ့က ရပ်တည်ပြီးအကာကွယ်ပေးတာကလည်း နိုင်ငံရေးပဲဆိုတော့ ကျနော့်အနေနဲ့ကတော့ ဒါမျိုးတွေ ဆက်ပြီး လုပ်သွားမှာပါပဲ။
အညာနွေတမာမြေ

ဆက်ဖတ်ရန် ....