-->
Showing posts with label အိန္ဒိယက ထူးထူးဆန်းဆန်း. Show all posts
Showing posts with label အိန္ဒိယက ထူးထူးဆန်းဆန်း. Show all posts

Thursday, June 16, 2011

အချိန်အကြာဆုံး လအပြည့်ကြတ်ခြင်း

နေ ကမ္ဘာနဲ့ လတို့ တတန်းတည်း ကျတဲ့အချိန်မှာ လကြတ်မှု ဖြစ်ပေါ်လေ့ရှိတာမှာ တနှစ်မှာ အနည်းဆုံး ၂ ကြိမ်ဖြစ်ပေါ်လေ့ရှိပါတယ်။ မနေ့ ဂျွန်လ ၁၅ ရက်မှာ ဖြစ်တာကတော့ ဒီနှစ်အတွက် ပထမဆုံး အကြိမ်ပါ။ ဒုတိယ တကြိမ်ကတော့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ဖြစ်နိုင်သေးတယ်လို့ ပညာရှင်တွေကတွက်ဆပါတယ်။

မနေ့ကဖြစ်တဲ့ အချိန် အကြာမြင့်ဆုံး လအပြည့်ကြတ်တာမျိုးကတော့ ရှားပါးပါတယ်။ လကြတ်ချိန်ဟာ ၅ နာရီနီးပါး ကြာမြင့်ပါတယ်။ လဟာ ကမ္ဘာ့အရိပ်ရဲ့ အလယ်ဗဟိုအထိ ဖြတ်သန်းသွားတဲ့ အခုလို လအပြည့်ကြတ်ခြင်းကို လာမယ့် ၂၀၂၂ မှာမှ နောက်တခေါက် ပြန်ကြုံရမှာပါ။

ဒီလို လကြတ်တာမျိုးဟာ ပြီးခဲ့တဲ့ နှစ် ၁၀၀ အတွင်းမှာ ၃ ကြိမ်ပဲ ရှိခဲ့ပါတယ်။ အခုတကြိမ် မတိုင်ခင် နောက်ဆုံးမြင်တွေ့ခဲ့ရတဲ့ လအပြည့်ကြတ်ခြင်းက ဂျူလိုင် ၁၆၊ ၂၀၀၀ ပြည့်နှစ်တုန်းက ဖြစ်ခဲ့ပြီး လကြတ်ချိန်ဟာ ၁၀၇ မိနစ် ကြာမြင့်တယ်ခဲ့ပါတယ်။



အခုလို လအပြည့်ကြတ်တဲ့အခါ ကမ္ဘာ့အရိပ်က လပေါ်ကျရောက်တဲ့ နေရောင်ချည်တွေကို ကာလိုက်တဲ့အချိန်မှာ လကိုလာတဲ့ နေက ရောင်ခြည်တွေထဲက အနီရောင် ရောင်ခြည်တွေပဲ လဆီကို ရောက်သွားတာကြောင့် လရဲ့အရောင်ဟာ လိမ္မော်ရောင်ကနေ တဖြည်းဖြည်း အနီရောင်ကိုပြောင်းသွားပါတယ်။ ဒါကို Red Blood Moon သွေးနီရောင် လ လို့ ခေါ်ကြပါတယ်။

အိန္ဒိယနိုင်ငံမှာကတော့ လကြတ်တဲ့ညကို လောကရဲ့ အမှောင်မိုက်ဆုံးည၊ လကြတ်တာဟာ ကံဆိုးတယ်၊ မကောင်းတဲ့ လက္ခဏာဖြစ်တယ်၊ လကြတ်တာကို မကြည့်ရဘူး၊ လကြတ်ချိန်မှာ အစားအသောက် မစားမသောက်၊ မချက်မပြုတ်ရဘူးလို့ အယူသည်း ယူဆမှုတွေ ရှိကြပါတယ်။

ဒါကြောင့် လကြတ်ချိန်မှာ ပူဇော်ဝတ်ပြုတာတွေ၊ ဂင်္ဂါမြစ်၊ ယမုံနာမြစ်စတဲ့ ထူးမြတ်တဲ့ ဒဏ္ဍာရီတွေနဲ့ နာမည်ကျော်ကြားတဲ့ မြစ်တွေ၊ ချောင်းတွေထဲ ရေဆင်းချိုးပြီး မကောင်းတာတွေ ပပျောက်အောင် ၀တ်ပြုဆုတောင်းကြပါတယ်။

အယူသည်းမှုတွေကို တိုက်ဖျက်မယ့် လူငယ်တွေကလည်း လူကြီးတွေ နည်းမျိုးစုံနဲ့ တားမြစ်ပေမယ့် ထူးခြားတဲ့ လကြတ်မှုကို ကိုယ်တိုင်မျက်မြင် မြင်ရအောင်လို့ ကြိုးပမ်းကြတာပါပဲ။

ဆက်ဖတ်ရန် ....

Tuesday, February 22, 2011

ကမ္ဘာ့အကြီးဆုံး မိသားစု

ကမ္ဘာ့အကြီးဆုံး မိသားစုလို့ Daily Mail သတင်းစာက သတ်မှတ်လိုက်တဲ့ မိသားစုကတော့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ Baktwang ရွာကလေးက Ziona Chana ရဲ့ မိသားစုပါ။

ဘာကြောင့်လဲဆိုတော့ အိမ်ထောင်ဦးစီး Ziona Chana မှာ ဇနီး ၃၉ ယောက်၊ သားသမီး ၉၄ ယောက်နဲ့ မြေး ၃၃ ယောက်၊ သားမက်နဲ့ ချွေးမတွေပါ ပါရင် စုစုပေါင်း မိသားစုဝင် ၁၈၁ ယောက် တအိမ်တည်း အတူနေနေကြလို့ပါတဲ့။

အိမ်ငယ်လေးတွေနဲ့ ပြည့်နေတဲ့ Baktwang ရွာလေးက တခုတည်းသော အခန်း ၁၀၀ ပါတဲ့ လေးထပ်တိုက်အိမ်ကြီးမှာ သူတို့ မိသားစု နေကြပါတယ်။

သူဟာ ဘုရားသခင်ရဲ့ ကောင်းချီးတွေ အများဆုံး ခံစားရတဲ့သူပါလို့ ပြောတဲ့ Ziona Chana နဲ့ သူ့မိသားစု ၁၈၁ ယောက်



ဟိုတယ်ကြီးအလား ကြီးမားလှတဲ့ သူတို့ရဲ့ တိုက်အိမ်ကြီး။ လူတွေများတော့ လှမ်းထားတဲ့ အ၀တ်တွေကလည်း ပလုံစီလို့၊ တရွာလုံးမှာ တိုက်အိမ်ကြီးဆိုလို့ သူတို့ တအိမ်တည်း ရှိပါတယ်။..

Ziona Chana က ဒီလို မိသားစုကြီးကို ပိုင်ဆိုင်ရတဲ့အတွက် ဒီလိုလူတွေကို ကျွေးမွေးနိုင်တဲ့အတွက် သူဟာ ထူးခြားတဲ့ ကောင်းချီးမင်္ဂလာတွေ ခံစားရတဲ့လူထူး၊ ဇနီး ၃၉ ယောက် ရယူနိုင်လို့ အင်မတန် ကံကောင်းတဲ့သူပါ လို့ The Sun သတင်းစာကို ပြောခဲ့ပါတယ်။

ကြီးမားလှတဲ့ သူ့မိသားစုကြီးကို စီမံခန့်ခွဲတာဟာ စစ်တပ်တခုလိုပဲလို့ သူကပြောပါတယ်။ သူ့ရဲ့ ပထမဆုံး ဇနီးဖြစ်တဲ့ Zathiangi က ကျန်တဲ့ ဇနီးတွေကို အုပ်ချုပ်ပြီး အိမ်ထောင်တခုလုံးရဲ့ စားသောက်ဖွယ်ရာ စီမံတာ၊ သန့်ရှင်းရေး၊ အ၀တ်လျှော်ဖွတ်တာ စတဲ့ အိမ်မှုကိစ္စ အ၀၀ ကို စနစ်တကျ စီမံပါသတဲ့။

ဒီမိသားစုကြီးရဲ့ တနပ်စာ စားသောက်ဖို့အတွက် ကြက် အကောင် ၃၀၊ အာလူး ၁၃၂ ပေါင် နဲ့ ဆန် ပေါင်ချိန် ၂၂၀ ကို ချက်ပြုတ်ရပါတယ်။

Ziona Chana ရဲ့ လူမျိုးစု ဘာသာရေးဂိုဏ်းဆိုင်ရာဓလေ့မှာ အမျိုးသားတယောက်ဟာ သူကျွေးမွေးစောင့်ရှောက်နိုင်မယ်ဆိုရင် သူကြိုက်သလောက် မိန်းမတွေကို အကန့်အသတ်မရှိ လက်ထပ်လို့ ရတယ်လို့ဆိုပါတယ်။ ဒါကြောင့်လည်း သူ့မှာဇနီးမယားတွေ အဲ့လောက်တောင် များတာဖြစ်ပါတယ်။

တနပ်စာ ချက်ပြုတ်တဲ့ အစားအသောက်တွေကို ပြနေတဲ့ Chana မိသားစုကြီးရဲ့ စီနီယာ အမျိုးသမီးကြီးတွေ

သူဟာ တနှစ်ထဲမှာ ဇနီး ၁၀ ယောက်ကို ဆက်တိုက် လက်ထပ်ခဲ့တာ ရှိခဲ့တယ်လို့ ဆိုပါတယ်။ သူ့ဇနီး ၃၉ ယောက်ကတော့ အလှည့်ကျစနစ်နဲ့ သူ့ရဲ့ အိပ်ခန်းကို လာရပါသတဲ့။ ဇနီးအငယ်ဆုံးကို သူ့အခန်းနဲ့ အနီးဆုံးအခန်းမှာထားပြီး ကျန်တဲ့ဇနီးတွေရဲ့အခန်းကိုတော့ အစဉ်လိုက် သူ့အခန်းနဲ့ အနီးမှာပဲ ၀န်းရံဖွဲ့စည်းထားပါသတဲ့။

Ziona Chana နဲ့ သူ့ဇနီး ၃၉ ယောက်

သူ့ဇနီးတယောက်ဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ် Rinkmini က “သူဟာ ကျမတို့ အားလုံးအတွက် အရေးအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်လို့ သူ့အနီးနားမှာပဲ ၀န်းရံပြီးနေကြတယ်။ သူဟာ တရွာလုံးမှာ အချောဆုံး ယောင်္ကျားတယောက်ပဲ” လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၈ နှစ်တုန်းက သူဈေးဝယ်ထွက်တုန်း Mr. Chana က သူ့ကို မျက်စိကျခဲ့ပြီး သူနဲ့ လက်ထပ်ဖို့ စာရေး ကမ်းလှမ်းခဲ့တာလို့ သူကပြောပြပါတယ်။

အခန်း ၁၀၀ တိုက်အိမ်ကြီးထဲက မိသားစုဝင်တချို့ စုပေါင်းနေကြတဲ့ အခန်းတခန်း။

အခြားဇနီးတယောက်ဖြစ်တဲ့ Huntharnghanki က မိသားစုကြီး တခုလုံးဟာ အချင်းချင်း အပြန်အလှန် ချစ်ခြင်း၊ လေးစားခြင်းတို့နဲ့ ဖွဲ့စည်းထားတယ်လို့ ပြောပါတယ်။

Mr. Chana ကတော့ ဇနီးအသစ်တွေ ထပ်ရှာအုံးမယ်လို့ ဆိုပါတယ်။ သူ့ရဲ့ လူမျိုးစု ဘာသာရေးဂိုဏ်းအဖွဲ့ဝင်က ၄၀၀ လောက် ရှိပါသတဲ့။

သူက “ကျနော့ရဲ့ ဂိုဏ်းကို ချဲ့ထွင်ဖို့အတွက် အမေရိကအထိကိုတောင်သွားပြီး ဇနီးမယားတွေ ရှာဖွေလက်ထပ်ချင်ပါတယ်” လို့ ပြောပါတယ်။

သူ့ရဲ့ သားတယောက်က သူ့အဖေဟာ ရွာထဲက ဆင်းရဲတဲ့ အမျိုးသမီးတွေကို လက်ထပ်ပေါင်းသင်းခဲ့ပြီး ဒါဟာ သူတို့ကို ကြည့်ရှုစောင့်ရှောက်နိုင်ဖို့အတွက် လက်ထပ်တာလို့ ပြောပြပါတယ်။

မူရင်းသတင်းကို ဒီမှာ ကြည့်နိုင်ပါတယ်။

ဆက်ဖတ်ရန် ....

Thursday, March 18, 2010

သန်းချီတန်တဲ့ ပန်းကုံး

ဒီနေ့ထုတ် အိန္ဒိယ သတင်းစာတွေမှာပါလာတဲ့ သတင်းတပုဒ်

ထူးထူးခြားခြားလေး ဖြစ်နေလို့ မျှလိုက်တယ်ဗျို့ …

အိန္ဒိယနိုင်ငံ ဥတ္တရာ ပရာဒေ့ရှ် ပြည်နယ်ဝန်ကြီးလည်းဖြစ်၊ နိုင်ငံရေးပါတီတခုဖြစ်တဲ့ BSP ရဲ့ခေါင်းဆောင်လည်းဖြစ်တဲ့ မာယာဝတီကို သူ့ရဲ့ ပါတီဝင်တွေက ငွေစက္ကူပန်းကုံးနဲ့ ကြိုဆိုကြတယ်ဆိုတဲ့သတင်း။

ငွေစက္ကူပန်းကုံးဆိုလို့ နှယ်နှယ်ရရ မမှတ်လိုက်နဲ့ဗျ။ အဲ့ဒီပန်းကုံးမှာပါတဲ့ ငွေတန်ဖိုးက ရူပီး ၁၀ သိန်းအထက်မှာဗျ။


သူပထမဆုံးရလိုက်တဲ့ ပန်းကုံးမှာက ရူပီး တထောင်တန်တွေနဲ့ချည်း လုပ်ထားတာ။ ရူပီး သိန်း ၅၀၀ တန်တယ်တဲ့ဗျာ။ အဲ့ဒါ အမေရိကန် ဒေါ်လာ ၁၁ သန်း တန်တယ်ဗျာ။ အဲ့ဒီပန်းကုံး လက်ခံရကောင်းလားဆိုပြီး ၀ိုင်းဆန့်ကျင်သူတွေလည်း ရှိတယ်တဲ့။



အခု ပုံမှာမြင်ရတာကတော့ ဒုတိယမြောက်ပန်းကုံး။ ရူပီး ၁၈ သိန်းတန်တယ်။ အမေရိကန်ဒေါ်လာ ၄ ထောင်ပေါ့ဗျာ။

ဒီငွေစက္ကူတွေနဲ့ပတ်သက်ပြီး ၀င်ငွေခွန် ကြီးကြပ်စိစစ်ရေး ဌာနက စုံစမ်းတဲ့အခါမှာ သိရတာကတော့ … မာယာဝတီကို ထောက်ခံတဲ့သူတွေ လေးစားတဲ့သူတွေကနေ ပေးတဲ့ ငွေစက္ကူတွေကို အဲ့လို ပန်းကုံးလုပ်လိုက်တာပါတဲ့ …



နောင်ဆိုလည်း မာယာဝတီသွားတဲ့နေရာတိုင်းမှာ လူတွေက ပန်းတွေနဲ့လုပ်ထားတဲ့ ပန်းကုံးအစား ငွေစက္ကူနဲ့လုပ်ထားတဲ့ ပန်းကုံးကို ပေးလာကြမယ့်သဘောရှိတယ်လို့ ပြောတဲ့သူတွေလည်း ရှိတယ်။

အဲ့ဒီငွေတွေကို မာယာဝတီက ဘယ်လိုသုံးမယ်ဆိုတာတော့ မသိဘူးပေါ့ဗျာ ....

ဒီအကြောင်းကို စစ်အဆိုးရ အုပ်စု သိသွားပြီး အတုလိုက်ခိုးနေမှဖြင့် …း)

စကားမစပ် သတင်းတခုကတော့ …

၂၀၀၉ ခုနှစ်အတွက် ကမ္ဘာ့အချမ်းသာဆုံးလူ ၁၀ ဦး စာရင်းမှာ အိန္ဒိယက လုပ်ငန်းရှင် ၂ ယောက်လည်း ပါသတဲ့။ အဲ့ဒီ လုပ်ငန်းရှင်ကြီးတွေရဲ့ ပိုင်ဆိုင်မှု ဓနဂုဏ်ဟာ အမေရိကန်ဒေါ်လာ ၂၉ ဘီလီလျံနဲ့ နောက်တယောက်ကတော့ ၂၈.၇ ဘီလီယိံပါတဲ့။

ဆင်းရဲလိုက်တာလည်း တာတေလန်နေလို့ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများ စာရင်းမှာလည်း ပါနေတဲ့ အိန္ဒိယမှာ ဒီလို သန်းကြွယ် သူဌေးကြီးတွေလည်း ရှိနေတယ်ပေါ့ဗျာ ...

ဆင်းရဲလွန်လွန်းတဲ့ သူတွေများကျတော့လည်း တနေ့တနေ့ ၁၀ ရူပီးတောင် မရနိုင်ကြဘူးဗျ ... (၁၀ ရူပီးဆိုတာ ၀.၂၂ ဒေါ်လာ) အိန္ဒိယရဲ့ ဆင်းရဲချမ်းသာ ချိန်ခွင်မညီမျှမှုကတော့ ရက်စက်လှပါပေ့ ...

(ပုံတွေကိုတော့ The Asian Age နဲ့ The Hindustan Times သတင်းစာတွေကနေ ယူထားပါတယ်)

အညာနွေတမာမြေ

ဆက်ဖတ်ရန် ....