အဟိ
လွတ်မြောက်နယ်မြေက အဟိနေတဲ့ မြို့ကလေးမှာ မြန်မာပြည်ကထုတ်တဲ့ စာအုပ်တွေ တော်တော်များများ စု ထားဆောင်းထားတဲ့ စာကြည့်တိုက်လေးတခုရှိတယ်။ မြန်မာစာငတ်လာတဲ့အခါ အဟိက အဲဒီစာကြည့်တိုက် လေးရှိရာကို သွားသွားပြီး အချစ်ဝတ္ထုတွေ၊ ကာတွန်းစာအုပ်တွေ၊ မဂ္ဂဇင်းစာအုပ်တွေ (မော်ဒယ်လ်ဂဲလ် အ ချောအလှလေးတွေကို ငမ်းချင်လို့) ငှားငှားဖတ်တယ်ဆိုပါတော့။ အဲသလို စာကြီးပေကြီးတွေကိုမှ ရွေးရွေးဖတ် တဲ့ အဟိကို ကြာလာတော့ အဲဒီစာကြည့်တိုက်ရဲ့ ဦးစီးဦးဆောင် စာကြည့်တိုက်မှူးကြီးက သတိထားမိလာ တယ်ထင်ပါ့။ အစောပိုင်း စာအုပ်သွားငှားတဲ့အခါ အဟိကို မေးထူးခေါ်ပြောလောက်သာ ဆက်ဆံရာက တ ဖြည်းဖြည်းနဲ့ ပိုရင်းနှီးလာလို့ပဲလားမသိ။ တိုးတိုးဖော်အနေနဲ့ပါ ပြောဆိုဆက်ဆံလာတယ်။
အဲသလိုနဲ့ အဟိလည်း ပျင်းပျင်းရှိတဲ့အခါ အဲဒီစာကြည့်တိုက်ကိုသွားပြီး စာကြည့်တိုက်မှူးကြီးနဲ့ လေပန်းနေ ရော ဆိုပါတော့။ အဲဒီလို အကြောင်းတရားတွေအပြင် စာကြည့်တိုက်ကို အဟိသွားဖြစ်တဲ့ အမှန်ဧကန် အ ကြောင်းတရားလေးတခုလည်း ရှိသေးတယ်ခင်ဗျ။ အဲ … မှန်တာပြော မိန်းမချောချောရပါစေ။ တကယ်တမ်း အဲဒီစာကြည့်တိုက်ကို အဟိတယောက် သွားရောက်ရခြင်း အကြောင်းအရင်းစစ်စစ်က စာအုပ်ငှားပြီး စာကြည့် တိုက်မှူးကြီးနဲ့ လေပန်းဖို့ထက် စာကြည့်တိုက်မှာ စာအုပ်လာလာငှားဖတ်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမ အ ချောအလှလေးတွေကို အေးအေးဆေးဆေး ငေးမောချင်တဲ့စိတ်က အလေးသာနေလို့ပါခင်ဗျ။
မြန်မာပြည်မှာက ‘လုပ်စားတော့ မိုးခေါင်၊ ခိုးစားတော့ ခွေး(နအဖ)ဟောင်’ ဆိုသလို ပြည်သူတွေ အတိဒုက္ခ ရောက်နေတဲ့အခါကျတော့ အဟိတို့ရှိတဲ့ လွတ်မြောက်နယ်မြေဖက်ကို ကူးလာပြီး အလုပ်လာလုပ်ကြတဲ့ မြန် မာပြည်သားတွေက ကြာလေလေ ပိုများလေလေ မဟုတ်လား။ အဲဒီအထဲမှာ ဂေါ်မစွံ အဟိလေးအတွက် ရွေး ချယ်စရာ အပျိုချောတွေလည်း တပုံတပင် ပါလာလေတော့ အားနာနာနဲ့ပဲ ပိုးပန်းနေရတော့တာပေါ့ခင်ဗျာ။
အဲဒီလို ဖူးစာရှင်ကို ရွေးချယ်ဖို့ အခွင့်အလမ်းများတဲ့အထဲမှာ အဲဒီစာကြည့်တိုက်ကလည်း တထောင့်တနေရာ က ပါဝင်နေတော့ အဟိလည်း ၀ိရိယစိုက်ပြီး စာကြည့်တိုက်မှူးကြီးနဲ့ သွားသွားလေပန်းနေရတာပေါ့။ တရက် ကျတော့ သူက ‘ဟေ့ အဟိရေ … မောင်ရင့်ကို ကိုယ့်ချာတိတ်မလေးတွေအကြောင်း ပြောပြရဦးမယ်။ ကိုယ့်ကို စက်ရုံက ခလေးမလေးတွေ ခင်မင်နေကြတာ မောင်ရင်လည်း အသိပဲမဟုတ်လား’ ဆိုပြီး ပြုံးစစနဲ့ စကားစ လိုက်တယ်။ အဟိလည်း အပျိုချောတွေအကြောင်းများ မြန်မြန်ပြောလေမလား ဆိုတဲ့သဘောနဲ့ ‘သိပါ့ ဆရာ သိန်းရာ၊ နို့ … အဲဒါ ဘာများထူးဆန်းလို့လဲ’ လို့ ဆွပေးလိုက်တယ်။
အဲဒီမှာ သူက ပြောရတာအရှိန်ရလာပြီး ‘ခလေးမလေးတွေကဗျာ၊ အဲသလို ခင်မင်နေကြတော့ ကျနော့်ဆီကို ရောက်ရောက်လာပြီး သူတို့အိမ်ကိုရေးတဲ့ စာတွေမှာ စာလုံးပေါင်း သတ်ပုံတွေ မှန်မမှန် လာလာစစ်ခိုင်းတယ် ဗျ။ တရက်ကျတော့ဗျာ၊ ခလေးမလေးတယောက်က သူရေးထားတဲ့စာ ကျနော့်ကို လာပြတယ်။ ဦးရေ ... ဦးရေတဲ့ သမီးရေးထားတဲ့စာကို ဦးဖတ်ပေးပါဦးတဲ့။ စာကတော့ သူ့အဖေအမေနဲ့ အိမ်သားတွေဆီ အလုပ် အကိုင် အဆင်ပြေကြောင်း၊ သာကြောင်းမာကြောင်း ရေးထားတဲ့စာပါ။ ဒါပေမယ့် စာကိုဆက်ဖတ်ရင်း အဆုံး နားရောက်ခါနီးတော့ ဘာတွေ ရေးထားတယ်မှတ်သလဲ။ ဖေဖေနဲ့ မေမေတဲ့ ဒါနဲ့ ဟိုတပ်မတော်ကော အရင် လို နှိပ်စက်တုန်း သောင်းကျန်းတုန်း အော့ကြောလန်ချဉ်ဖတ် ဖြစ်နေတုန်းပဲလားတဲ့။ အဲဒီစာကြောင်းကို ဖတ်ရ တော့ ကျနော်လည်း တော်တော်လန့်သွားတယ်ဗျ’ လို့ နန်းစတော့ပ်ပြောပြီး စကားစကို ခဏဖြတ်လိုက်တယ်။ ပြီးတော့ အဟိကို ပြုံးစိစိကြီး ကြည့်နေလေရဲ့။
အဟိလည်း တပ်မတော်ဆိုတာ ဘာအဓိပ္ပါယ်ပါလိမ့်တွေးပြီး သူဆက်ပြောမယ့် စကားကို နားစွင့်နေမိတယ်။ ခဏကြာမှ သူက ‘အဲဒါနဲ့ ခလေးမလေးလာတော့ မေးရတာပေါ့။ ဟဲ့ ... ဟဲ့ နင့် ဒီစာကြောင်းက ဘာအဓိပ္ပါယ် လဲပေါ့။ ဒီအတိုင်းပို့လိုက်လို့ လမ်းမှာ နအဖကများမိသွားရင် အဖမ်းခံနေရပါဦးမယ်လို့ ကျနော်က ပြောလိုက် တယ်။ အဲဒီမှာ ခလေးမလေးက ဘာပြန်ပြောလဲဆိုတော့ ဦးကလည်းတဲ့၊ အဲဒါ အိမ်က အလတ်ကောင်ကို ရေး ထားတာတဲ့။ သူက အရမ်းဆိုးတယ် ဦးရဲ့တဲ့။ အိမ်ရှိလူကုန်ကို နှိပ်စက်ပြီး ရပ်ကွက်ထဲမှာလည်း ဘယ်သူနဲ့မှ မတည့်လို့ သူ့ကို အိမ်ကလူတွေက တပ်မတော်လို့ နာမည်ပြောင် ပေးထားတာဦးရဲ့တဲ့ဗျာ ဟဲ ဟဲ … ဟဲ ဟဲ …’ ဆိုပြီး အဆက်မပြတ် ရယ်နေပါလေရော။ အဟိလည်း သူနဲ့အတူရယ်မောရင်း နအဖစစ်အုပ်စု ပြောပြောနေတဲ့ ‘အောင်တပ်မတော်’ အစား ‘သြော် … တပ်မတော်’ လို့ပဲ စိတ်ထဲက စုတ်သပ်နေမိတော့ရဲ့။ ။
Saturday, January 17, 2009
သြော် ... တပ်မတော် (ဟာသ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment