-->

Monday, May 18, 2009

ဒီမိုကရေစီအတွက် ကန့်သတ်နေရာ မရှိ


ဒီနေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်မှာ ရုံးတင်စစ်ဆေးတဲ့နေ့ဖြစ်ပါတယ်။ ဒီနေ့ မှာ နိုင်ငံတကာက မြန်မာ့ဒီမိုကရေစီရေး လိုလားသူတွေဟာ မြန်မာသံရုံးတွေ ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ဆန္ဒပြပွဲတွေလုပ်နေကြပါတယ်။

အိန္ဒိယနိုင်ငံက နယူးဒေလီမြို့မှာရှိတဲ့ မြန်မာသံရုံးရှေ့မှာလည်း မြန်မာ့ဒီမိုကရေစီရေး အတွက် ရဲရင့်တက်ကြွတဲ့ လူငယ်တစုက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် သွားရောက် ဆန္ဒ ပြခဲ့ကြပါတယ်။

'အောင်ပွဲဝင်ဖို့ ထောင်ထဲဝင်စို့' ဆိုတဲ့ အကျီဆင်တူဝတ်ထားတဲ့ အဲဒီ လူငယ်တွေဟာ မြန်မာသံရုံးရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ ပိုစတာတွေကို ကပ်ပြီး Free Aung San Su Kyi ဆိုတဲ့ စာသားတွေကို သံရုံးနံရံတွေပေါ်မှာ ဆေးနီတွေနဲ့ ရေးခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်ဆိုတဲ့ ကြွေးကြော်သံတွေကိုလည်း ကြွေးကြော်ခဲ့ကြပါတယ်။

အိန္ဒိယ နိုင်ငံ မြန်မာသံရုံုးနေရာဟာ တခြားနိုင်ငံတွေလို လွတ်လပ်စွာ ဆန္ဒပြလို့ ရတဲ့ နေရာ မဟုတ်ပါဘူး။ အဲဒီနေရာ ၀န်းကျင်ဟာ မာရှယ်လော ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ ကန့်သတ်နယ်မြေပါ။


နယူးဒေလီမှာက ဆန္ဒပြမယ်ဆိုရင် ဂျန်တားမန်တား ပန်းခြံတနေရာမှာပဲ လုပ်ခွင့်ရှိပါတယ်။ အခြားနေရာတွေမှာ ဆန္ဒပြတာတွေ လုပ်မယ်ဆိုရင် ဖမ်းဆီးတာ ခံရမှာဖြစ်ပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည် ကို မတရား အမှုဆင်ပြီး ထောင်ချမယ့် အရေး ဖြစ်လာချိန်မှာ နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်ပေးဖို့ ၀ိုင်းဝန်း လှုံ့ဆော်နေကြချိန်မှာ ဒီမိုကရေစီ ရှိပါတယ်ဆိုတဲ့ အိန္ဒိယ အစိုးရဟာ နှုတ်ပိတ်နေတဲ့အတွက် ကန့်သတ်နယ်မြေ သတ်မှတ်ထားတဲ့ မြန်မာသံရုံးရှေ့ကို အရဲစွန့်ပြီး ဆန္ဒလာပြရတာ ဖြစ်တယ်လို့ လူငယ်လေးတဦးက အညာမြေ တမာနွေကို ပြောပြသွားပါတယ်။

အိန္ဒိယ နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေရဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ထုတ်ပြန်ကြေငြာစာကိုလည်း မြန်မာသံအမတ်ကြီးဆီကို လိပ်မူပြီး ပေးခဲ့တယ်။ ဆန္ဒပြတဲ့ အချိန်မှာ သံရုံးရှေ့မှာ လုံခြုံရေး အစောင့် ထူးထူးခြားခြား ချမထားခဲ့တဲ့အတွက် အောင်အောင်မြင်မြင် ဆန္ဒပြနိုင်ခဲ့တယ်လို့ သူက ပြောပြပါတယ်။

No comments: