-->

Thursday, May 28, 2009

ဆန္ဒဖော်ထုတ်တဲ့ စစ်မှုထမ်းဟောင်းကို စစ်ခွေးတွေ ဆွဲသွားပြီ

အင်းစိန်ထောင်ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တကိုယ်တော် ဆန္ဒပြသူ တဦးကို စစ်အစိုးရ လက်မရွံတွေက ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။

သူကတော့ စစ်မှုထမ်းဟောင်းတဦးဖြစ်တဲ့ ဗိုလ်ကြီး ဇော်ညွန့် (၅၆ နှစ်) ဖြစ်ပါတယ်။

မိုးတွေ သည်းထန်နေတဲ့ ဒီနေ့ နေ့လည် ၁ နာရီနဲ့ ၂၅ မိနစ်လောက်မှာ ဗိုလ်ကြီးဇော်ညွန့်ဟာ 'အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေး' လို့ အော်ပြီး လက်ထဲမှာလည်း 'အမေစုလွတ်မြောက်ခြင်းသည် မြန်မာပြည် လွတ်မြောက်ခြင်းဖြစ်သည်' 'Freedom Suu is Freedom Burma' လို့ ရေးထားတဲ့ဆိုင်းဘုတ်တခုကို ကိုင်ထားတယ်လို့ အင်းစိန်ဈေးရှေ့က မျက်မြင်တွေက အညာမြေ တမာနွေကို ပြောပြပါတယ်။

"သူ့ကို အရပ်ဝတ်နဲ့ ရဲတွေ၊ စွမ်းအားရှင် နဲ့ ကြံ့ဖွတ်တွေလို့ ထင်ရတဲ့ သူတွေက အတင်းတွန်းဆွဲပြီး အင်းစိန်ဈေး အပေါ်ထပ်ကို ခေါ်သွားတယ်။ လူကွဲတဲ့ အချိန်ကျရင်တော့ တခြားကို ရွှေ့မလား မသိဘူး" လို့ မျက်မြင်တယောက်က ပြောပြပါတယ်။

မြောက်ဥက္ကလာနဲ့ သင်္ကန်းကျွန်းမြို့နယ်တွေမှာ နေတဲ့ ဗိုလ်ကြီးဇော်ညွန့်ဟာ ၈၈ လှုပ်ရှားမှုတုန်းက ပါဝင်ခဲ့တာကြောင့် ရာထူးနဲ့ အလုပ်က ပြုတ်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃ လှုပ်ရှားမှုတုန်းကလည်း အဖမ်းခံခဲ့ရဖူးပြီး အခုတခါ ဒုတိယအကြိမ်မြောက် အဖမ်းခံရတာဖြစ်တယ်လို့ သိရပါတယ်။

အင်းစိန်ဈေးရှေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရတာကို လာရောက် စောင့်ကြည့်နေကြတဲ့ လူ ၃၀၀ လောက်ဟာ မိုးရွာထဲမှာ အခြေအနေကို စောင့်နေကြတုန်းပဲလို့ အင်းစိန်ဈေးရှေ့ရောက် ပြည်သူတယောက်က ပြောပြသွားပါတယ်။


Rest of your post
အညာနွေတမာမြေ

No comments: