-->

Tuesday, June 23, 2009

၂၀၁၀ ရွေးကောက်ပွဲကို ဒီလိုမြင်တတ်ဘို့ အရေးကြီးသည်

၁၉၉၀ ရွေးကောက်ပွဲကို အသိအမှတ်တောင် မပြုသေးတာမို့ ယခုလည်းဝင်စရာမလိုဟု ပြောသံများ၊ စသည်ဖြင့် စသည်ဖြင့် ပြောကြ ရေးကြ အင်တာဗျူးပြောကြတာတွေကို ကြားနေရသည်၊ နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးခြင်း၊ရွေးကောက်ပွဲဥပဒေ မထုတ်ပြန်သေးခြင်း၊ နောက်ဆုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကို မတရား ဖမ်းဆီးထားလိုက်ခြင်းကြောင့် ရွေးကောက်ပွဲ လုံးဝဖျက်ဆီးရေးအထိ ပြောဆိုလာဖြစ်ကြသည်၊
ယင်းမှာပြည်ပက အတိုက်အခံ အင်အားစုများ၏ အသံဖြစ်သည်၊ ရွှေဂုံတိုင် ကြေငြာချက်ကမှု တောင်းဆိုချက်တွေ ရမည်ဆိုလျှင် ရွေးကောက်ပွဲဝင်မည်ဟု ကြေငြာထားသည်၊ ပြည်ပနှင့်ပြည်တွင်း နိုင်ငံရေးအယူအဆ သဘောထား အတွေး အမြင် အားလုံးတို့မှာ ကွဲပြားနေသည်။


ENC ဆိုသော အဖွဲ့တဖွဲ့ကလည်း ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထားမှုအပေါ် လွှတ်ပေးရေး တောင်းဆိုနေကြစဉ် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ထအော်လာသည်။ ကမ္ဘာကြီးက ဘာတွေ တောင်းဆိုနေမှန်းမသိ၊ တရေးနိုး ထယောင်ပြီး အော်လာတာက ရုပ်ပျက်လှသည်။
သည်တော့ တခုခုကိုဖြင့် တညီတညွတ်တည်း ပြောသင့်ဆိုသင့်သည်မှာ လိုလာပြီဖြစ်သည်။
တိတိကျကျ ပြောရလျှင် တိတိကျကျ တညီတညွတ် ပြောချင်စေလွန်းသည်မို့ သည်စားကို ရေးလိုက်ရခြင်းဖြစ်သည်၊
၂၀၁၀ ရွေးကောက်ပွဲ ကို မည်သို့ဖြတ်သန်းမည်နည်း။
ဖြတ်သန်းနည်းမှာ လွယ်ကူလှသည်။ သည်အကြောင်းကို ရေဒီယို မှဆောင်းပါးရေးပြီးအသံ လွှင့်ခဲ့ပြီးဖြစ်သည်။ DVB ရခိုင်အသံမှမို့ တခြားလူမျိုးတွေ နားမလည်။ ထို့ကြောင့် ချုပ်ပြီးရေးလိုက်ရခြင်းဟု ဆိုလျှင်လည်းမမှားချေ။
၂၀၁၀ ရွေးးကောက်ပွဲကို ဖြတ်သန်းနည်းမှာ ၀င်ရုံသာဖြစ်သည်ဟု ဖြေဆိုရုံဘဲဖြစ်သည်။
သည်လိုဆိုလျှင် စစ်အစိုးရ၏ ရွေးကောက်ပွဲကို အသိအမှတ်ပြုခြင်းလားဟု စောဒကတက်စရာရှိသည်။
မည်သို့ပင်ဆိုစေ ဆက်စပ်မှု ရှိသည်ဟု ဆိုခြင်းထက် ရွေးကောက်ပွဲကို အနိုင်ရရှိရေး တနည်းအားဖြင့် ရွေးကောက်ပွဲ ရပ်ဆိုင်းရေး၊ ဖျက်သိမ်းရေး၊ ဖျက်ဆီးရေး၊ အသိအမှတ် မပြုရေး၊ တရားမ၀င်ရေး၊ တို့မှာ ဒီနည်းမှအပ အခြား မရှိ။
သေသေချာချာ စဉ်းစာပြီး တွက်ဆပြီး လေ့လာကြည့်ရန်လိုသည်။
ယင်းနည်းကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ရွှေဂုံတိုင် ကြေညာချက်မှာ ဖေါ်ပြထားသည်။
စစ်အစိုးရကို ယုံကြည်ရန် တစက်မှ မရှိဟု ထင်ထားသူများအဖို့ ဒီနည်းလမ်းကိုဘဲ ပြောကြဆိုကြ လိမ့်မည်။
အဘယ့်ကြောင့်ဆိုသော် စစ်အစိုးရမှာ ရွေးကောက်ပွဲကို လုံးဝဖျက်ဆီးပစ်ချင်သည့် လူတန်းစားထဲမှာ ရှေ့ဆုံးက ပါဝင်နေသည့် လူတန်းစားမျိုးဖြစ်နေသောကြောင့်ပင်။
၂၀၁၀ ရွေးကောက်ပွဲကို စစ်အစိုးရက ဖျက်ဆီးချင်သည်ဟု ဆိုခြင်းကို ကြား၍ မယုံကြည်နိုင်သူများ အနေဖြင့် လက်ခံချင်မှ လက်ခံဝံ့ပေလိမ့်မည်။
သူတို့က ကြေညာထားသူမို့ ရွေးကောက်ပွဲ အဖျက်ဆီးခံပေမည်လားဟု စဉ်းစားလျှင် အချက်နှစ်ချက် ရှိသည်။
ပထမ အချက်မှာ ရွေးကောက်ပွဲကို မ၀င်ဟုဆိုလျှင် သူတို့လုပ်သွားမည်။
ဒုတိယ အချက်မှာ ၀င်မည်ဟုဆိုလျှင် ရွေးကောက်ပွဲ ဖျက်ပစ်မည်။
သည်အချက် နှစ်ချက်မှာ ဒုတိယ အချက်က ဒီမိုကရေစီအင်အားစု တနည်းအားဖြင့် ရွှေဂုံတိုင် ကြေညာချက်နှုင့် ဆိုင်သည်။
သည်တော့ မ၀င်ဟုဆိုလျှင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ လုပ်သွားမည့်လမ်းနှင့် ရွေးကောက်ပွဲ ပျက်ပြယ်သွားမည့် လမ်းနှစ်သွယ်ကို စဉ်းစားစရာဖြစ်သည်။
ကောင်းပြီ။
ဝင်မည်ဟု ဆိုသည်နှင့် ပျက်ပြယ်သွားမည်ဟု ဆိုသောနည်းကို စမ်းသပ်ကြည့်ကြပါစို့။
(၁) နိုင်ငံရေး အကျဉ်းသားများ ကိစ္စ၊
(၂) ၂၀၀၈ အခြေခံဥပဒေကိစ္စ၊
(၃) နိုင်ငံတကာစောင့်ကြည့်လေ့လာရေးကိစ္စ၊
ယခု နောက်ဆုံးအခြေအနေ အရ
ဒေါ်အောင်ဆန်းစုကြည် ကို ချွင်းချက်မရှိ လွှတ်ပေးရေး ကိစ္စ၊
အထက်ပါအချက်များကို စစ်အစိုးရမှ မည်သည့်နည်းနှင့်မျှလက်မခံ၊
အကြောင်းပြချက်။
ရွေးကောက်ပွဲပြုလုပ်မည်ဆိုလျှင် မှတ်ပုံတင်ခွင့် ရရှိသည်။ သို့သော် မဲဆွယ်စည်းရုံးပိုင်ခွင့် မရရှိ၊ တောင်းဆိုချက်များ မရရှိ၊ နိုင်ငံတကာ ရွေးကောက်ပွဲဥပဒေ စံချိန်စံညွှန်းများနှင့် မကိုက်ညီ။
ထို့ကြောင့် ရွေးကောက်ပွဲကို ၀င်ရောက် မယှဉ်ပြိုင်တော့ဟု အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်က ကြေညာခြင်း၊ အခြားတိုင်းရင်းသားလူမျိုးများကကြေညာခြင်းနှင့် နိုင်ငံတကာမှလည်း ယင်းအချက်ကို ထောက်ပြပြီး အသိအမှတ်မပြုနိုင်။
အထက်ပါအချက်များမှာ ရွှေဂုံတိုင် ကြေညာချက်၏ နောက်ဆုံး တိုက်ကွက်ဖြစ်သည်။
သည်တော့ ကျွန်တော်တို့က ပြည်တွင်းမှ နိုင်ငံရေး အခြေအနေအပေါ် အဓိက ကျားကန်ပေးရေးဖြစ်သည်။ ရွေးကောက်ပွဲပျက်ပြယ်သွားသည့် နည်းလမ်းများမှာ အထက်ပါ အချက်မှ အပ အခြားနည်းလမ်း မရှိချေ။
ထို့ကြောင့် စစ်အစိုးရ၏ ထောင်ချောက်ထဲ မကျရောက်မိဖို့ အရေးကြီးသည်။ ဆန္ဒတွေကို စောစောမထုတ်ဖေါ်မိဖို့ လိုနေသည်။ မည်သို့ပင်ဆိုစေ စစ်အစိုးရက ရွေးကောက်ပွဲ လုပ်ခြင်း၊ မလုပ်ခြင်းမှာ ပြသနာမဟုတ်။ သူတို့ပြုတ်ကျရေးအတွက်သာ အရေးကြီးသည်။
စစ်အစိုးရ၏ တောင့်တင်းခိုင်မာနေမှုကို နားလည်ဖို့လိုသည်။ သူတို့ တနည်းအားဖြင့် တပ်မတော်ပြိုကွဲဖို့ ကိုသာ တစိုက်မတ်မတ် ပြလုပ်မှသာ အားအင်ချိနဲ့သွားမည်ဖြစ်သည်။
သူတို့၏မညီညွတ်မှုကို ရွေးကောက်ပွဲပျက်စီးသွားခြင်းနှင့် ဆွဲခေါ်သွားဖို့သာလိုသည်။
သို့အတွက်ကြောင့် စစ်အစိုးရကို ထောင်ချောက်ထဲထည့်ဖို့ တောင်းဆိုချက်များကို သေသေချာချာ တောင်းဆိုကြရတော့မည်မှာ အဓိက။
ယင်းသို့ တောင်းဆိုချက်များကြောင့် ရွေးကောက်ပွဲဝင်မည်ဟုပြောသည့် မည်သူမဆို ရွေးကောက်ပွဲသို့ ၀င်မည်မဟုတ်၊၊
ယင်းသို့ တောင်းဆိုချက်များကြောင့် ရွေးကောက်ပွဲ လုပ်မည်ဟုပြောသည့် စစ်အစိုးရကလည်း ရွေးကောက်ပွဲလုပ်မည်မဟုတ်။
ယင်းသို့ တောင်းဆိုချက်များကြောင့် ရွေးကောက်ပွဲ ပျက်ပြယ်သွားမည်ဟုဆိုလျှင် ကျွန်တော်တို့မှာလုပ်စရာ တခုသာရှိသည်။
တသံတည်းထွက်ဖို့သာ လိုသည်ဟုဆိုလျှင် လွန်အံ့မထင်။

ခိုင်အောင်ကျော် (စစ်တွေ)





အညာနွေတမာမြေ

No comments: