-->

Monday, June 1, 2009

ဒီပဲယင်းနှစ်ပတ်လည် မေ၃၀က ပြိုကျခဲ့သော ဒလမြို့နယ်က ဓနုတ်ဘုရားကြီးသမိုင်း

ရှေးဟောင်း သမိုင်းဝင် ဆံတော်ရှင် ဓနုတ် ဆုတောင်းပြည့် စေတီတော်ကြီးဟာ ရန်ကုန်တိုင်း၊ ဒလ မြို့နယ်မှာ တည်ရှိတာ ဖြစ်ပါတယ်။ ဓနုတ် စေတီတော်ကြီးက(၂၇၊၆၊၂ဝဝ၆) ရက်၊ မနက် (ဝ၃း၁၅) နာရီမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့ သဘာဝ ရာသီဥတု ဒဏ်ကြောင့် တနင်္လာထောင့်မှ စပြီး ထီးတော်၊ ငှက်ပျော်ဖူးနဲ့ တကွ စေတီတော်ကြီးဟာ ထက်ခြမ်းကွဲပြီး ပြိုကျ မြေခ ခဲ့ရပါတယ်။

သီတင်းကျွတ် လပြည့်နေ့ (၁၄၊၁ဝ၊၂ဝဝ၈) ရက်က စတင်ပြီး မူလ စေတီ ဘုရား ငုတ်တိုကို ငုံကာ (၉)လနဲ့ အပြီးသတ် ပြန်လည် တည်ဆောက်တာ ဖြစ်ပါတယ်။

ဓနုတ် စေတီတော်ကို သာသနာ သက္ကရာဇ် (၂၄ဝ) ပြည့်နှစ်မှာ ဂေါတမ မြတ်စွာဘုရားရဲ့ ဆံတော် (၂)ဆူ ဓာတ်တော် (၂၄)ဆူတို့ကို ဌာပနာထားကာ သထုံမင်း စူဋ္ဌသီရိမာသောကရဲ့ အထောက်အပံ့နဲ့ ရဟန်းတော် အရှင်ဇာတကလေးသည် ရွာမှာ တိုက်စေတီ တည်တာကြောင့် ဒုနဂ္ဂဟစေတီလို့ ဘွဲ့တော် ပေးခဲ့ဖြစ်ပါတယ်။

နောင်အခါ တိုက်စေတီမှ သင်တိုင်းစေတီပုံ ပြင်ဆင်ခဲ့ပြီး ဓနုတ်စေတီလို့ ဘွဲ့တော် အမည် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ ဓနုတ် စေတီတော်ကို မင်းအဆက်ဆက် ပြုပြင်မှုမှာ ကောဇာသက္ကရာဇ် (၇၁၅) ခုနှစ်မှာ ဟံသာဝတီ ဘုရင် ဗညားဦးနဲ့ မိဖုရားတို့က ပြန်လည် ပြုပြင်ကာ ထီးတော် တင်လှူခဲ့ပါတယ်။

သက္ကရာဇ် (၇၅၆)ခုနှစ်မှာ သုတသောမရာဇာဓရာဇ် ဘုရင်ရဲ့အမိန့်တော်အရ ဓနုတ်ကင်း သူကြီး 'ထဗ' ရွှေဘုရား၊ ငွေဘုရား (၄၅)ဆူစီ ဌာပနာထားပြီး အမြင့် (၄၅)တောင်ခန့် စေတီ တည်ထားကာ ထီးတော် တင်လှူခဲ့ပါတယ်။

သက္ကရာဇ် (၉၂၆) ခုနှစ်မှာတော့ ဘုရင့်နောင် မင်းတရားကြီးက အမြင့် အတောင် (၉ဝ)ရှိ စေတီတော် ထပ်မံ တည်ကာ ကြေးထီးတော် တင်လှူပြီး စေတီတော် လုံးတော်ပြည့် ရွှေချခြင်းများ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ဓနုတ် စေတီတော်မြတ်ကြီးကို ဥာဏ်တော် (၁၈၆)ပေ၊ ငှက်ပျောဖူး (၂၃) ပေ၊ ထီးတော်အဝ (၉)လက်မ၊ ထီးတော်အမြင့် (၃၂)ပေ၊ လုံးပတ်တော် (၁၇၄)ပေ (၈)လက်မ၊ ဖိနပ်တော် (၄၉ဝ)ပေ (၄) လက်မ ထားရှိကာ မူလပုံစံအတိုင်း ခိုင်ခန့်သပ္ပာယ်စွာ တည်ထားမှာ ဖြစ်ပြီး စုစုပေါင်း ကုန်ကျငွေမှာ ငွေကျပ် သိန်းပေါင်း (၁၃ဝဝဝ) ကုန်မယ်လို့ သိရပါတယ်။

ဓနုတ် စေတီတော်ကြီးဟာ အခုတစ်ကြိမ် ပြိုကျတာဟာဖြင့် (၄)ကြိမ်မြောက်လည်း ဖြစ်ပါတယ်။ တစ်ခါပြိုကျလိုက် တစ်ခါပြန်ပြင်လိုက်နဲ့ ဥာဏ်တော် နိမ့်နိမ့်ကနေ အမြင့်ကြီး ဖြစ်လာတာ ဖြစ်ပါတယ်။

အခုပြန်တည်မယ့် အမြင့်ဟာဆိုရင် တွံတေး ရွှေဆံတော်မြတ်နဲ့ မတိမ်းမယိမ်း ဖြစ်နေပြီ ဖြစ်ပါတယ်။ စေတီတော်ကြီး ပြန်လည် တည်ထားမှုကို ရွှေသံလွင် ကုမ္မဏီက ဦးဆောင်ပြုလုပ်တယ်လို့လည်း သိရပါတယ်။ ပြန်လည် တည်ထားမယ့် ပုံစံတော်မှာ မူလဒီဇိုင်းအတိုင်း ဆူးလေစေတီတော် ပုံစံကဲ့သို့ ရှစ်ထောင့်ဒီဇိုင်း ဖြစ်တယ်လို့ သိရပါတယ်။

ယခု ဒီနေ့ နေ့ လည် (၃း၀၀) နာရီဝန်းကျင်လောက်က ပြိုကျသွားမှုကြောင့် ဘုရားဖူးလာသူ (၃၀) ကျော်မျှ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရပါတယ်။

(ဓနုတ်စေတီတော်ကြီး၏ သမိုင်းကြောင်းအား လျှပ်တစ်ပြက် သတင်းဂျာနယ်မှ ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါတယ်)။

နစ်နေမန်းဘလော့မှ ထပ်ဆင့်ကူးယူပါသည်။

ဒီဘုရားကြီးထီးကို မကြာခင်က ဒေါ်ကြိုင်ကြိုင် နဲ့ သမီးတော်များမှ ထီးတော်ကို ကြိုးဆွဲပြီး တင်လှူခဲ့တာဖြစ်ပါတယ်။
အညာနွေတမာမြေ

No comments: