-->

Saturday, June 20, 2009

အိန္ဒိယ မလေးရှား ဘင်္ဂလားဒေရှ် ရောက် မြန်မာတွေ လူထုခေါင်းဆောင်ရဲ့မွေးနေ့ လှုပ်ရှားမှုများ

၆၄ နှစ်မြောက်မွေးနေ့ရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၃၁ နှစ်မြောက်မွေးနေ့ရှင် သံဃတပ်ပေါင်းစုခေါင်းဆောင်ဆရာတော် အရှင်ဂမ္ဘီရတို့ အတွက် မွေးနေ့ဆုတောင်းပွဲကို ကနေ့မနက်မှာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့အနောက်ပိုင်းရှိ မြန်မာ့ရိပ်သာခမ်းမမှာ အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ ကကြီးမှူးပြီး ဘာသာပေါင်းစုံ ဆုတောင်းပွဲကျင်းပခဲ့တာပါ။ ဒီအခမ်းအနားမှာ သာသာနဥသျှောင် အိန္ဒိယ ဌာနခွဲရဲ့ ဥက္ကဌ ဆရာတော် အရှင်ပညာဇောတ မိန့်ကြားသွားတာကတော့

မြန်မာပြည်ရဲ့ တရားမျှတမှု လူအချင်းချင်းလေးစားမှုတွေကို ဖေါ်ဆောင်ပေးနိုင်သူဖြစ်တဲ့ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်ကို အသက်ရာကျော်ရှည်စေဖို့ ကျမ္မာရေးတွေကောင်းဖို့ ထို့အတူပဲ ဒီနေ့ဟာ ဆရာတော်ဦးဂမရရဲ့မွေးနေ့ ဖြစ်တဲ့အတွက် ဆရာတော် ဦးဂမ္ဘီရကိုလည်းပဲ အသက်ရာကျော်ရှည်ဖို့ ကျမ္မာရေးတွေကောင်းဖို့ နေရာတိုင်းနေရာတိုင်းမှာ ဦးဇင်းတို့လိုပဲ လုပ်ဆောင်ကြပါလို့ ဦးဇင်းအနေနဲ့ တိုက်တွန်းခြင်ပါတယ်။

ဒီအခမ်းအနားမှာ မြန်မာစာသင်သားရဟန်းတော်တွေ ခရစ်ယာန်ဘာသာဝင်တွေတက်ရောက်ပြီး နယူးဒေလီတက္ကသိုလ် ဗုဒ္ဓြွစာပေ သင်ကြားရေးဌာနက ပါမောက္ခ တဦးကလည်း တက်ရောက် ဆုတောင်းခဲ့ကြပါတယ်။ အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံကတော့ နယူးဒေလီရှိ ဂျန်တားမန်တား ပန်းခြံမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးရေး တောင်းဆိုဆန္ဒပြ ခဲ့ကြပါတယ်။ အမျိုးသမီးအဖွဲ့ချုပ်မြန်မာနိုင်ငံ သဘာပတိ အဖွဲ့ဝင် မသင်းသင်းအောင် ကတော့


ဒီလိုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် နိုင်ငံတကာမှာရောက်နေတဲ့ ကျမတို့လိုလူတွေဟာ မြန်မာပြည်ထဲမှာ လွတ်လွတ်လပ်လပ် ဆန္ဒပြခွင့်မရတဲ့သူတွေကိုယ်စား ပြည်ပမှာအခုလိုမျိုး ဆန္ဒပြဖို့လိုတယ်။ ဘာပြုလို့လဲဆိုတော့ ကျမတို့တိုင်းပြည်မှာ ဒီမိုကရေစီမရှိလို့ လူ့အခွင့်အရေးတွေ ချိုးဖေါက်ခံရလို့ ခုလိုပြည်ပ အိန္ဒိယ ပြည်ကိုရောက်လာကြတာဖြစ်ပါတယ်။ အကျဉ်းစခန်းတွေမှာနေနေရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးရဲ့ ဒုက္ခတွေ ဒီဒုက္ခတွေနေစာရင် ကျမတို့ခံနေရတာ မပြေပလောက်ပါဘူး ဒါကြောင့်မို့ နိုင်ငံရေးအကျဉ်းသား ၂၁ဝဝ ကျော်လွတ်မြောက်ရေးအတွက်ကို အားလုံးရဲ့တာဝန်ဝတ္တရားဖြစ်တယ်ဆိုတာကို ကျမပြောချင်ပါတယ်။

ဒီဆန္ဒပြပွဲမှာ ဒီမိုကရေစီအင်အားစု ၇ဝ ကျော်က ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံတွေ တောင်းဆိုချက်တွေ ကိုင်ဆောင်ပြီးဆန္ဒပြခဲ့ပါတယ်။ကန့်သတ်နယ်မြေဖြစ်တဲ့ မြန်မာသံရုံး ရှေ့ကို သွားရောက်ကာ မွေးနေ့သီချင်းသွားဆိုခဲ့တဲ့ လူငယ် ၃ဝ ကိုတော့ အိန္ဒိယရဲက ဖမ်းဆီးခဲ့ပါတယ်။ သတင်းထုတ်လွင့်ချိန်ထိ ပြန်လွတ်မပေးသေးပါဘူး။ အလာတူ ဆန္ဒပြပွဲမျိုး အိန္ဒိယမြန်မာနယ်စပ်က မိုရေးမြို့မှာ နယ်စပ်ရှိ ဒီမိုကရေစီရေး အင်အားစုတွေက ပြုလုပ်ဖို့စီစဉ်ပြီး ခွင့်ပြုပြီးကာမှာ ဆန္ဒပြကာနီးမှာ ခွင့်ပြုမိန့်ရုပ်သိမ်းခံခဲ့ရပါတယ်။ ခွင့်ပြုမိန့်ရုပ်သိမ်းခံရတဲ့အကြောင်းကို မိုရေးမြို့ရှိ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံက သဘာပတိ တဦးဖြစ်သူ မငိုင်ငိုင်း ကပြောပြပါတယ်။

အကုန်လုံး သွားဖို့ရာအစဉ်သင့်ဖြစ်ပြီးကာမှ သူတို့က မသွားရဘူးတဲ့ အဓိက ဘာကြောင့်မသွားရဘူးလဲဆိုတော့ တမူးမြို့မှာ အခြေစိုက်တဲ့ မြန်မာပြည်အာဏာပိုင်တွေကနေတဆင့် ကသည်း သူပုန်တွေကို ပရက်ရှာ ပေးခိုင်းတာပေါ့နော် ဒီက ပူလစ်စတေးရှင်ကနေတဆင့် အဲဒီကနေမြင့်သွားလိုက်တာ ချိမီနီစတာ အင်ဖားထိရောက်သွားတာ အကြီးဆုံးဒီမိုကရေစီနိုင်ငံဖြစ်နေရက်သားနဲ့ ဒီကနေ့ ဆန္ဒထုတ်ဖေါ်ခွင့်ပေါ့နော် မရှိဘူးဆိုတာသိရတဲ့အခါကြတော့ အခုဆိုရင် ကျမတို့က ဆန္ဒပြပွဲကိုလုံးဝကို စာတောင်တင်ပေးတဲ့အဆင့်ထိလုပ်ရတယ်။

မိုရေးမြို့ထဲကို လှည့်လည်ဆန္ဒပြခွင့်မရတဲ့ ဒီမိုကရေစီရေး အင်အားစုတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ပွဲကို ဒေါင်းပျိုးခင်း မြန်မာစာသင်ကျောင်းမှာ ပြုလုပ်ခဲ့ကြပါတယ်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာတော့ အမျိုသား ဒီမိုကရေစီအဖွဲ့ချုပ်လွတ်မြောက်နယ်မြေက ဦးစီးပြီး တရုပ်တန်းခမ်းမမှာ မွေးနေ့ပွဲကျင်းပခဲ့ပါတယ်။ အန်အယ်ဒီအယ်အေ မလေးရှား ဌာနခွဲ ဥက္ကဌ ကိုကျော်ကျော် က မွေးနေ့ပွဲအခမ်းအနားကနေ တိုင်းရင်းသားပြည်သူတရပ်လုံး ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ဖို့ ဝိုင်းဝန်းကူညီပေးကြပါလို့တိုက်တွန်းပြောကြားသွားတာကတော့

သူရဲ့မွေးနေ့မှာ သူကအကျဉ်းချခံနေရတယ် သူရဲ့မွေးနေ့ကို သူမရှိပဲလုပ်လိုက်ရတဲ့အတွက် လုံးဝစိတ်မကောင်းဘူး နောက်တခုက သူဟာ မြန်မာပြည်သူပြည်သားတွေ တိုင်းရင်းသားပြည်သူတွေ လွတ်မြောက်ဖို့ စွန့်လွတ်အနစ်နာခံပြီး ကြိုးစားနေတာကို ကျနော်တို့မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေအားလုံးကလည်း ဒါကိုနားလည်စာနာပြီးတော့ သူမလွတ်မြောက်ဖို့အတွက် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြပါလို့ ပြောကြားချင်ပါတယ်ခင်များ

ဒီအခမ်းအနားကို မြန်မာဒီမိုကရေစီအင်အားစုတွေ မလေးရှားကအစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ ချက်၊ ဆွီဒင်နဲ့ ဗြိတိသျှ သံမှုးတွေ တက်ရောက်ခဲ့ကြတယ်လို့ပြောပါတယ်။ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ ဖရီး တီရှပ်အဖြူရောင်တွေ ဝတ်ဆင်ခဲ့ကြပြီး အခမ်းအနား တက်ရောက်သူ ၂ဝဝ နီးပါးက လက်မှတ်ရေးထိုးပြီး ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ဖို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်းက အကူအညီပေးပါရန်တောင်းခံတဲ့ တယ်လို့သိရပါတယ်။

အလားတူ ဘင်္ဂလားဒေရှ်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေကတော့ နှစ်စဉ်လုပ်နေကြ ဒက္ကားမြို့မှာမလုပ်ပဲ မြန်မာပြည်က ပြည်သူတွေ ပါဝင်နိုင်အောင် ဘင်္ဂလားဒေရှ်မြန်မာ နယ်စပ်ရှိ ကော့ဘဇားမြို့ ပင်လယ်ကမ်းခြေတခုက ဟော်တယ်တခုမှာ အမျိုးသမီးအဖွဲ့ချုပ် မြန်မာနိုင်ငံ ကဦးဆောင်ပြီး မွေးနေ့ပွဲကျင်းပခဲ့ကြပါတယ်၊ ဘင်္ဂလားဒေ့ရှ် အခြေစိုက်အမျိုးသမီးအဖွဲ့ချုပ် မြန်မာနိုင်ငံ ရဲ့သဘာပတိတဦးဖြစ်သူ ဒေါ်စောမြရာဇာလင်းပြောပြတာကတော့

ပြည်သူတခုလုံး ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ကြ ဒေါ်အောင်ဆန်းစုကြည်အတွက် တိုက်ပွဲဝင်ကြဆိုတဲ့ စာတမ်းတွေကို ပြည်သူလက်ထဲကိုရောက်နိုင်တဲ့နည်းတွေနဲ့ ဒီနေ့ဆိုရင်နယ်စပ်ဒေသမှာ အားသွန်ခွန်စိုက် ကျမတို့လုပ်နေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ပါစေ ဒေါ်အောင်ဆန်းစုကြည် သက်တော်ရာကျော်ရှည်ပါစေ ကျမတို့တိုင်းပြည် အေးချမ်းသာယာပါစေ တိုင်းရင်းသူ တိုင်းရင်းသားအားလုံးကိုယ့်ကြမ္မာကို ဖန်တီးနိုင်တဲ့ နိုင်ငံတော်ကြီးကို ထူထောင်နိုင်ခွင့် ရပါစေဆိုပြီး ကျမဆုတောင်းပါတယ်

အခမ်းအနားကို ဘင်္ဂလားဒေရှ်နိုင်ငံ ဥပဒေပညာရှင်များအသင်း ဥက္ကဌ၊ သတင်းစာ ဆရာများအသင်းအကြီးအကဲ၊ တက္ကသိုလ်တွေက ပါမောက္ခချုပ်တွေနဲ့ ရခိုင်ဒီမိုကရေစီအင်အားစုတွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်

အညာနွေတမာမြေ

No comments: