တီတီတီ မြည်နေတဲ့ နှိုးစက်အသံကြောင့် နိုးလာချိန်မှာတော့ မနက် ၄ နာရီ ထိုးနေပါပြီ။ ဝေလီဝေလင်း မိုးတဖွဲဖွဲ ကြားမှာ ဗုဒ္ဓမွေးဖွားတဲ့ လုမ္ဗိနီကိုသွားဖို့ ခရီးဆက်ခဲ့ပါတယ်။
လုမ္ဗိနီဟာ နီပေါ နိုင်ငံထဲမှာ ရှိတာမို့ အိန္ဒိယ-နီပေါ နယ်စပ်မြို့ဖြစ်တဲ့ ဆိုနောလီ ကိုရောက်ချိန်မှာတော့ မိုးသည်းသည်းမည်းမည်းရွာနေပါပြီ။ နယ်စပ်ဂိတ်ကို ဦးတည်နေတဲ့ နှစ်လမ်းသွား မရှိတရှိ လမ်းကျဉ်းလေးမှာ ကုန်တင်ကားဆိုဒ်စုံ တန်းစီနေတာကို တွေ့ရပါတယ်။
လမ်းတဖက်တချက်မှာ တန်းစီနေတဲ့ ကုန်ကားကြီးတွေကြား တိုးဝှေ့၊ ရှေ့က ပိတ်နေတဲ့ ကားကြီးတွေ လမ်းပွင့်တဲ့အထိစောင့်၊ မိုးသည်းထဲမှာ ရန်ဖြစ်နေတဲ့ ကုလားကြီးတွေရဲ့ အော်သံတွေ၊ စိတ်မရှည်တဲ့ ကားတွေရဲ့ တပွမ်ပွမ် ဟွန်းသံတွေကို ကျော်လာရင်း ကျမတို့ကားလေး နယ်စပ်ဂိတ်ရောက်ပြီလို့ ကားသမားက ပြောတော့ ကျမ အရမ်းအံ့သြသွားမိပါတယ်။
ကျမစိတ်ကူးထဲ ပုံဖော်ကြည့်မိခဲ့တဲ့ နယ်စပ်ဂိတ်ဟာ အဝေးပြေးလမ်းအကျယ်ကြီးတွေမှာ အကောက်ခွန်စစ်ဆေးရေးဂိတ်၊ လူဝင်မှုကြီးကြပ်ရေးဂိတ်၊ ကားရပ်နားစခန်းတွေ၊ ဈေးဆိုင်ခန်းတွေ လုံခြုံရေး အစောင့်တွေနဲ့ စည်စည်ကားကားပေါ့။ ကျမအတွေးနဲ့ မြင်ရတဲ့မြင်ကွင်းက တခြားစီဖြစ်နေပါတယ်။
၁၅ ပေသာသာ လမ်းကျဉ်းလေး တဖက်တချက်က ဆာရီဆိုင်တွေ၊ နီပေါဖက်က လာတဲ့ အထည်နဲ့ အိန္ဒိယထွက် အထည်ဆိုင်တွေ၊ အခြားအသုံးအဆောင်တွေရောင်းတဲ့ ဆိုင်ခန်းလေးတွေ ကြားမှာတော့ အကောက်ခွန်ဌာန ရုံးခန်းပိစိလေးရယ်၊ လူဝင်မှုကြီးကြပ်ရေး ရုံးခန်းသေးသေးလေးရယ် ရှိပါတယ်။ စားစရာကတော့ ပူရီဆိုင်လေး ၃ ဆိုင်လောက်ပဲ မြင်ခဲ့ပါတယ်။ နီပေါရောက်မှ ဒေသအစားအစာ တ၀ကြီး စားလိုက်မယ်လို့ အားခဲလိုက်ပါသေးတယ်။ မိုးရေကြောင့် ဗွက်ပေါက်နေတဲ့ လမ်းတလျှောက်မှာတော့ အကောက်ခွန်စစ်ဆေးခံဖို့ တန်းစီနေတဲ့ ကုန်ကားကြီးတွေ ပြည့်ညပ်နေပါတယ်။
အိန္ဒိယ ရဲအချို့ စောင့်နေတဲ့ Indian Borders End လို့ ရေးထားတဲ့ မုခ်ဦးကို ကျော်သွားချိန်မှာတော့ ကျမတို့လို ဘုရားဖူးကားတွေ Welcome to Nepal လို့ရေးထားတဲ့ ဆိုင်းဘုတ်ပြာပြာလေးကို တွေ့လိုက်ရပါတယ်။ ကျမ ၀မ်းသာအားရနဲ့ ဟေး ငါတို့ နီပေါကို ရောက်ပြီကွဆိုပြီး အော်မိပါတယ်။ အဲဒီဆိုင်းဘုတ်လေးကို မကျော်ခင် နီပေါနယ်ခြားစောင့်ရဲရုံးလေး ဘေးမှာတော့ ကျမတို့လို ဘုရားဖူးကားတွေ Register လုပ်ရင် နားဖို့ နေရာလေး ရှိပါတယ်။
အဲဒီနေရာလေး ရှေ့က ၀ါးတဲလေးတွေထဲထိုင်နေတဲ့ သူတွေဆီမှာ ကားကို မှတ်ပုံတင်ရပါတယ်။ ကျမတို့က လုမ္ဗိနီအထိပဲ သွားမှာရယ်၊ နေ့ချင်းပြန် ခရီးပဲ သွားမှာဖြစ်တာရယ်ကြောင့် မှတ်ပုံတင်ကြေး ပေးစရာ မလိုပါဘူး။ ကားဖြတ်ကူးခပဲ ပေးရတာပါ။ အကယ်လို ကပ္ပိလ၀တ်နဲ့ ခတ္တမန္ဒူအထိ သွားခဲ့မယ်ဆိုရင်တော့ အဲဒီ နေရာမှာပဲ ဗီဇာ လျှောက်ထားရပါတယ်။ ဗီဇာကြေးက ရူပီး ၂၀၀ ပါ။ အဲဒီလိုသွားမယ်ဆိုရင် အိန္ဒိယ ဗီဇာကိုလာတဲ့ ဗီဇာက Multi Visa ဖြစ်ဖို့ လိုပါတယ်။
နာရီဝက်ကျော်ကျော် စောင့်ပြီးလို့ စာရွက်စာတမ်း ပြည့်စုံချိန်မှာတော့ ကျမတို့ကားလေး နီပေါမြေကို နင်းခွင့်ရပါပြီ။ နယ်ခြားဂိတ်လေးကို ကျော်သွားချိန်မှာတော့ ကားလမ်းက ကျယ်လာပါတယ်။ နီပေါဖက်မှာလည်း ကုန်ကားတန်းကြီး ရှိနေပေမယ့် လမ်းပိတ်နေတာတော့ မရှိပါဘူး။ လမ်းဘေးဖက်မှာလည်း ကုန်ပစ္စည်းရောင်းဆိုင် တချို့တလေနဲ့ စားသောက်ဆိုင်တချို့ ရှိပါတယ်။
လုမ္ဗိနီဥယျာဉ်ဝင်းရှေ့မှာ ကျမတို့ကားကို ရပ်ထားခဲ့ရပါတယ်။ အထဲကို ကားနဲ့ဝင်လို့ မရပါဘူး။ အိန္ဒိယက ကားမို့လို့ပါတဲ့။ ရစ်ရှောလို့ခေါ်တဲ့ ဆိုက်ကားနဲ့ ၀င်ရမှာပါတဲ့။ အကယ်လို့ကားပေါ်မှာ လမ်းမလျှောက်နိုင်တဲ့ သက်ကြီးရွယ်အို ပါခဲ့မယ်ဆိုရင်တော့ ခွင့်တောင်းပြီး ၀င်လို့ရပါတယ်။
ဆိုက်ကားခက တစီးကို ရူပီး ၂၀ ပါတဲ့။ နီပေါငွေနဲ့ဆိုရင် ၃၀ လောက်ကျပါတယ်။ နှစ်ယောက်ပဲ စီးလို့ရပါတယ်။ အထဲကို လှမ်းကြည့်တော့ သိပ်လျှောက်ရမယ့်ပုံ မပေါ်တာနဲ့ လမ်းလျှောက်ပဲ ၀င်ဖြစ်ပါတယ်။ မိုးတဖွဲဖွဲမှာ ထီးကမပါ။ ဦးထုပ်၊ ပ၀ါတွေနဲ့ပဲ ခေါင်းကိုအုပ်လို့ လျှောက်ကြတာ အမှတ်တရ ပစ္စည်းရောင်းတဲ့ ဆိုင်လေးတွေကို ကျော်လာချိန်မှာတော့ ဗုဒ္ဓဖွားတော်မူတဲ့ နေရာပရ၀ုဏ်ကို ရောက်ပါတော့တယ်။ (ဒီနေရာကိုရောက်ဖို့က ၅ မိနစ်ကျော်ကျော်လောက်ပဲ လျှောက်ရတာပါ။)
လုမ္ဗိနီ သာမော အင်ကြင်းတော … မီးရှူးသန့်စင် ဖွားမြင်မူသည် … အစရှိတဲ့ ကဗျာလေးထဲက အင်ကြင်းတောကြီးကတော့ မရှိတော့ပါဘူး။
မိုးရေဖွေးဖွေး မြက်ခင်းစိမ်းတွေကြားက ဟိန္ဒီ ဘာသာနဲ့ ရေးထားတဲ့ ရောင်စုံဆုတောင်းစာတွေ ချိတ်ဆွဲထားတဲ့ ညောင်ပင်တွေနဲ့ ကျောင်းဆောင်ဟောင်း နီကျင်ကျင်တွေ အလယ်မှာတော့ ဗုဒ္ဓမွေးဖွားခဲ့ရာနေရာကို အသောကမင်းကြီး အမှတ်အသားပြု ချထားခဲ့တဲ့ ကျောက်ပြားရှိရာ အဆောက်အဦး ဖြူလွှလွှကသာ ဘုရားဖူးတွေကို လှမ်းမျှော်ကြည့်နေပါတယ်။
ဒီဝင်းကြီးထဲမှာတော့ အခြားရောက်ခဲ့ပြီးတဲ့ နေရာတွေလို မြက်ခင်းတွေပေါ် ကျော်ဖြတ်နင်းလို့ မရပါဘူး။ အုတ်နီခင်းလမ်းလေးအတိုင်း စည်းကမ်းရှိရှိ လက်ယာရစ်လှည့်ပြီး သွားရပါတယ်။ ဒီဝင်းထဲက ညောင်ရွက်ညောင်ကိုင်း၊ မြက်ပင်၊ ပန်းပင်တွေကို ခူးမယူသွားဖို့ တားမြစ်ထားတာကိုလည်း တွေ့ရပါတယ်။
လမ်းကလေးအတိုင်း ၀င်လာလို့ အထဲတော်တော် ရောက်လာတယ်ဆိုရင်တော့ ဗုဒ္ဓကိုဖွားသန့်စင်တုန်းက အချင်းဆေးခဲ့တဲ့ရေကန်ကို တွေ့ရပါတယ်။ အဲဒီရေကန်လေးကနေ ကျော်လာတော့ ကျောက်ပြား အထိမ်းအမှတ် အဆောက်အဦးအနောက်ကို ရောက်ပါတယ်။ အဲဒီအနောက်နေရာ တည့်တည့်မှာ အသောကမင်းကြီး ကျောက်စာတိုင်ကို တွေ့ရပါတယ်။ ကျောက်စာတိုင် ၀င်းလေးထဲမှာတော့ ဘုရားဖူးတွေ ပူဇော်လှူဒါန်းထားတဲ့ အကြွေစေ့တွေ၊ ပန်းခြောက်တွေ၊ ရောင်စုံပိတ်စတွေ ဆံပင်ချည်တွေ ပြန့်ကျဲလို့နေပါတယ်။
၁၈၉၆၊ နီပေါလူမျိုး ရှေးဟောင်းသုတေသန ပညာရှင်တွေဟာ ဒီကျောက်စာတိုင်ကို စတင်တွေ့ရှိ တူးဖော်တဲ့အချိန်တုန်းက မြေပေါ်မှာပေါ်နေတာ လေးမီတာကျော် ရှိတယ်၊ မြေထဲမှာ ၃ မီတာလောက် ကျန်နေသေးတယ် လို့ မှတ်တမ်းမှတ်ရာတွေက ဆိုပါတယ်။ ကျောက်စာတိုင်ပေါ်မှာတော့ `ဗုဒ္ဓသကျမုနိ မွေးဖွားသောနေရာ´ လို့ ရေးထိုးထားပါတယ်။
အဲဒီစာနဲ့အတူ `ဥုံ မနိ ပါဒမေ ဟုမ်´ဆိုတဲ့ တိဗက် မန္တာန်လည်း ပါနေတာကြောင့် ဒီနေရာကို စတင်တွေ့တုန်းက ကျောက်စာကိုရော၊ ဗုဒ္ဓမွေးဖွားတဲ့နေရာကိုပါ သံသယ ၀င်ခဲ့ကြပါတယ်။ ဒါတင်မကပါဘူး။ နီပေါ နိုင်ငံမှာ ဟိန္ဒူဝါဒ လွှမ်းမိုးခဲ့တဲ့နောက် မာယာဒေ၀ီရုပ်တုကို နတ်မိမယ်တပါးလို ပူဇော်ပသတာတွေ ရှိခဲ့တာကြောင့် သံသယ ပိုများခဲ့ကြပါတယ်။ ၁၉၉၇ ခုနှစ် လုမ္ဗိနီ ဖွံ့ဖြိုးရေးအသင်းက မာယာဒေ၀ီ ရုပ်တုနေရာ အဆောက်အဦးကို ဖြိုချလိုက်ပြီး တူးဖော်ကြည့်တဲ့အခါမှာတော့ မြေထဲ အနက် ၁၄ ပေမှာ အသောကမင်းကြီးရဲ့ ကျောက်စာ ကျောက်ပြားကို တွေ့လိုက်ရတဲ့ အချိန်မှာတော့ ဒီသံသယတွေ ရှင်းသွားပြီး ဗုဒ္ဓဒီနေရာမှာ ဖွားမြင်ခဲ့တယ်ဆိုတာ ခိုင်ခိုင်မာမာ အသိအမှတ် ပြုနိုင်ခဲ့ပါတယ်။
ဦးသန့်ဟာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်လာတဲ့နောက်မှာ လုမ္ဗိနီဥယျာဉ်ကို သုတေသန လုပ်ဖို့ စီမံကိန်း ချမှတ်ခဲ့ပါတယ်။ အဲဒီစီမံကိန်းရဲ့ အကျိုးအမြတ်တွေအဖြစ် အခုအချိန်အထိ နီပေါ လုမ္ဗိနီ ဥယျာဉ်ဟာ UNDP လက်အောက်မှာ ရှေးမူမပျက် သပ်သပ်ရပ်ရပ် ကာကွယ်စောင့်ရှောက်ထားခြင်းခံရတဲ့ ဘာသာရေးအထွဋ်အမြတ်နေရာ၊ ကမ္ဘာ့ရှေးဟောင်းသမိုင်းဝင်နေရာ တခုဖြစ်နေပါပြီ။ ၁၉၉၇ မှာတော့ UNESCO ရဲ့ World Heritage Site စာရင်းမှာ လုမ္ဗိနီဥယျာဉ်ကို ထည့်သွင်းခဲ့ပါတယ်။
ဖွားတော်မူနေရာဝင်းကနေ ပြန်ထွက်လာခဲ့ရင်တော့ အမှတ်တရပစ္စည်း ဆိုင်ခန်းတွေနားမှာ ၁၉၅၆ က ဆောက်လုပ်ခဲ့တဲ့ ဦးသန့်ဓမ္မာရုံ ရှိပါတယ်။ အခြားသော နိုင်ငံတကာက ထေရ၀ါဒနဲ့ မဟာယန ဘုန်းတော်ကြီးကျောင်းဆောင်တွေလည်း ဒီလုမ္ဗိနီ ဥယျာဉ်ထဲမှာရှိကြပါတယ်။
ဥယျာဉ်ဝင်းကြီးအပြင်ဘက် ကားပါကင်နေရာက ဆိတ်ငြိမ်နေတဲ့ ထမင်းဆိုင်လေးတွေကတော့ မိုးအေးအေး ဘုရားဖူး ပါးပါးနဲ့မို့ အလုပ်ဖြစ်ကြဟန် မတူပါဘူး။ နီပေါ-အိန္ဒိယ နယ်စပ်ကို ရောက်လာချိန်မှာတော့ တဖက်ကမ်း မကူးခင် နီပေါရိုးရာအစား တခုခုစားဖို့ စားသောက်ဆိုင်တခုကိုဝင်ပါတယ်။ အဲဒီဆိုင် menu ထဲက နီပေါအစားအသောက်ဆိုတာ ကုလားအစားအသောက်လိုပဲ မထူးတာမို့ ထမင်းကြော်ပဲ မှာစားဖြစ်တော့ ကုလားပြည်မှာ မစားရတာ ကြာပြီဖြစ်တဲ့ အရသာရှိရှိ တရုတ်စတိုင် ထမင်းကြော်ပူပူနွေးနွေးကို နာရီဝက်မက စောင့်ရတာတန်အောင် စားလိုက်ရပါတယ်။ (Tourist ပါးတဲ့အချိန်ဖြစ်တာမို့ တော်တော်စောင့်လိုက်ရပါတယ်။ ဈေးကတော့ ဒေလီမှာ စားရတာထက်စာရင် ပိုတော်ပါတယ်။ ဒေလီက ထမင်းကြော်ဆိုတာ ထမင်းကလည်း မာမာ၊ ထည့်သမျှ ဟင်းသီးဟင်းရွက်နဲ့ အသားတွေကို ခြောက်ကပ်နေအောင် ဒယ်ပူတိုက်ပြီး ကြော်ထားတဲ့ ထမင်းကြော် မာကျွတ်ကျွတ်ရယ်ဆိုတော့ ဒီထမင်းကြော်က အတော်စားကောင်းနေပါတယ်။)း)
အိန္ဒိယဖက်ခြမ်းကို ပြန်ကူးချိန်မှာတော့ စောင့်စရာ မလိုတော့ပါဘူး။ ကားဖြတ်ခွင့် စာရွက်လေးကို ပေးလိုက်ရုံပါပဲ။
နီပေါကနေ ဇေတ၀န်ကျောင်းတော်ရှိတဲ့ သာဝတ္ထိကို လာတဲ့ လမ်းတလျှောက်မှာ မိုးတွေက သည်းသည်းမည်းမည်း ရွာလို့နေပါတယ်။
သာဝတ္ထိက အနာထပိဏ်သူဌေးက ဗုဒ္ဓ သီတင်းသုံးဖို့ လှူဒါန်းခဲ့တဲ့ ဇေတ၀န်ကျောင်းတော်ဝင်းကို ရောက်ချိန်မှာတော့ ပိတ်ခါနီး ညနေ ၆ နာရီမထိုးခင်လေးတင်မှာပေါ့။
ကျောင်းဝင်းထဲ ၀င်ပေါက်ဘယ်ဖက်မှာတော့ ကျောင်းဆောင် ၃ ခုရှိပါတယ်။ ကျောင်းဆောင် အကြီးတခုကတော့ ကောသလမင်းက လှူဒါန်းခဲ့တဲ့ သလာလဂါရ ကျောင်းဆောင်ဖြစ်ပါတယ်။ ကျောင်းဆောင်နားမှာ ရဟန္တာများ စေတီ ရှစ်ဆူရှိပါတယ်။
ဒီနေရာကနေမှ ကျောင်းဝင်းအလယ်ကို ရောက်လာခဲ့ရင်တော့ ညာဖက်မှာ အာနန္ဒာဗောဓိပင်ကို တွေ့ရမှာပါ။
ဗုဒ္ဓကို ဖူးမျှော်ချင်လို့လာတဲ့သူတွေဟာ ဗုဒ္ဓခရီးသွားနေချိန်နဲ့ ကြုံခဲ့ရင် လှူဖွယ်ဝတ္တုတွေကို ကျောင်းဆောင်ရှေ့မှာပဲ ၀မ်းနည်းစွာထားခဲ့ပြီး ပြန်သွားရတာကို တွေ့ရတဲ့ အရှင် အာနန္ဒာက ဗုဒ္ဓကိုယ်စား ဘယ်အရာကို ပူဇော်ရမလဲလို့ မေးတော့ ဗောဓိပင်ကို ညွှန်ပြခဲ့တာကြောင့် အရှင်အာနန္ဒာက ဗုဒ္ဓဂါယာက မျိုးစေ့ကို ယူဆောင်စိုက်ပျိုးစေခဲ့တဲ့ ဗောဓိပင်ဖြစ်ပါတယ်။
ဗောဓိပင်ကနေ ဆက်သွားမယ်ဆိုရင်တော့ ကျောင်းဆောင် ၃ ခု တွေ့ရပါတယ်။ အလယ်က ကျောင်းဆောင်မှာတော့ ရွှေချထားတဲ့ စေတီငယ်လေး ရှိပါတယ်။ အဲဒီ စေတီငယ်လေး ဘေးကနေ အပေါ်ကို ဆက်တက်သွားရင် ဘုရားခန်း တခုနဲ့ ဗုဒ္ဓအမြဲတစေ သတင်းသုံးနေထိုင်တဲ့ အ၀ိဗဟိတဌာနလို့ ဆိုတဲ့ ဂန္ဓကုဋိတိုက်ရှိပါတယ်။ ဒီဂန္ဓကုဋိကို အနာထပိဏ်သူဌေးက ဆောက်လုပ်လှူဒါန်းခဲ့တာပါ။
ဗုဒ္ဓဟာ ဒီနေရာမှာ သန်းခေါင်ယံအချိန်ဆိုရင် နတ်တွေကို တရားဟောခဲ့တယ်လို့ ဆိုပါတယ်။ ဘုရားဖူးတွေဟာ ဒီနေရာမှာ မေတ္တာသုတ်၊ ဓဇဂ္ဂသုတ်တွေ ရွတ်ဖတ်ပူဇော်လေ့ရှိပါတယ်။
ဒီဂန္ဓကုဋိ ရှေ့က ရေတွင်းငယ်ကတော့ ဗုဒ္ဓဆွမ်းခံပြန်လာချိန်တိုင်းမှာ ခြေကို ရေဆေးကြောတဲ့နေရာဖြစ်ပါတယ်။
လမ်းလေးအတိုင်းဆက်သွားမယ်ဆိုရင်တော့ ရဟန်းတော်တွေ သီတင်းသုံးတဲ့ ကရေရိကုဋိရယ် အုတ်ခုံပလ္လင်တခုရှိတဲ့ ဓမ္မာရုံရှိပါတယ်။ ဒီဓမ္မာရုံမှာ ဗုဒ္ဓဟာ ညနေချိန်မှာ လူတွေကိုရယ်၊ ညဥ့်ဦးယံ အချိန်တွေမှာ ရဟန်းတွေရယ်ကို နေ့တိုင်းတရားဟောခဲ့ပါတယ်။
ဇေတ၀န်ကျောင်းဝင်းအပြင် ပတ်လည်မှာတော့ ထိုင်းကျောင်း၊ တရုတ်ကျောင်း၊ သီရိလင်္ကာကျောင်းနဲ့ မြန်မာကျောင်း အဟောင်း ရှိပါတယ်။
ဇေတ၀န်ကျောင်းတော်ဝင်းထဲက ထွက်လာချိန် မှောင်ရီပျိုးစမှာတော့ ကျောင်းဝင်းမြောက်ဖက် ၁ ကီလိုမီတာလောက်မှာရှိတဲ့ သာဝတ္တိမြို့ဟောင်းနေရာကို ရောက်ခဲ့ပါတယ်။ မြို့ဟောင်းအ၀င်မှာတော့ ခြုံနွယ်တွေကြားက မြေစေးမြို့ရိုးဟောင်းကို တွေ့ရပါတယ်။ ရှေးဟောင်းသုတေသနဌာက ဒီမြို့ဟောင်းနဲ့ တမိုင်ပတ်လည်ကို လူနေအိမ်တွေ မဆောက်လုပ်စေပဲ စောင့်ရှောက်ထားတဲ့အတွက် ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ တောကြီးဖြစ်နေတာကို တွေ့ရပါတယ်။
ဒီမြို့ဟောင်းနေရာ အထဲထဲမှာတော့ ကောသလမင်းကြီးရဲ့ နန်းတော်ဆောင်ဟောင်းနေရာ၊ ဘိက္ခုနီတွေ သီတင်းသုံးတဲ့ကျောင်းဆောင်နေရာ၊ အနာထပိဏ်သူဌေး လှူဒါန်းထားတဲ့ သုဒတ္တစေတီ၊ အင်္ဂုလိမာလစေတီတို့ ရှိပါတယ်။
ညအိပ်နားနေမယ့် သာဝတ္တိ မြန်မာဘုန်းတော်ကြီးကျောင်းကို ရောက်ချိန်မှာတော့ မိုးချုပ်နေပါပြီ။
ကျောင်းထိုင်ဆရာတော်ကြီးက ခရီးထွက်နေချိန်ဖြစ်တာမို့ ကျောင်းကိုကြည့်ရှုစောင့်ရှောက်တဲ့ အန်တီကြီးကပဲ ခရီးဦးကြိုပြုပြီး နေစရာ စားစရာတွေ စီစဉ်ပေးပါတယ်။ ညစာစားပြီးတော့ ခင်ဖို့ ကောင်းတဲ့ အဲဒီအန်တီကြီးကို ကျမ သိပ်သိချင်နေတဲ့ ဒေ၀ဒတ်နဲ့ ဇိဉ္ဇမာန မြေမြိုတဲ့ နေရာ ဘယ်နားလဲ အန်တီသိလားလို့ မေးမိပါတယ်။
အန်တီကြီးက ရီပြီးတော့ အန်တီလည်း သေချာတော့ မသိဘူး။ ရီစရာလို့ပဲ မှတ်ရင်လည်း မှတ်သမီးရေ။ အန်တီ တခုပြောပြမယ်။ အခု သမီးမေးတဲ့နေရာတွေကို ထိုင်းက လူတွေလာတော့ ထိုင်းဘုန်းကြီးကို မေးသတဲ့။ အဲဒီတော့ ထိုင်းဘုန်းကြီးက သူတို့ကျောင်းပေါ်က လှမ်းမြင်နေရတဲ့ မြေနေရာ ချိုင့်ချိုင့်လေးကို ပြတော့ အော် ဒီနေရာလားဆိုပြီး ထိုင်းတွေက လက်အုပ်လေးတွေ ချီပြီး ကြည့်ကြ … ဟော တရုတ်တွေ အလှည့်ကျပြန်တော့ တရုတ်ဘုန်းတော်ကြီးတွေက ဟိုနားဟဲ့ဆိုပြီး ပြလေတော့ တရုတ်ကြီးတွေက လက်အုပ်လေးတွေချီပြီး ကြည့်ကြပြန်ရော .. ဟော ဒို့ဗမာတွေ မေးပြန်တော့ ဒို့ဗမာ ဘုန်းဘုန်းတွေက ဟောဟိုနေရာပဲကွယ့် ဆိုတော့ အော် ဟုတ်လားဆိုပြီး လက်အုပ်လေးတွေ ချီကြည့်ကြနဲ့ ဟုတ်နေတာပဲ။ အဲဒီတော့ နေရာပေါင်းက စုံနေလေတော့ အန်တီ သေချာ မပြောတတ်ဘူးကွယ် ဆိုပြီး အမူအရာနဲ့ လုပ်ပြလေတော့ ကျမတို့မှာ တ၀ါးဝါးနဲ့ ပွဲကျနေတော့တာပါပဲ။
အမှန်တကယ်လည်းပဲ နှစ်တွေ ကြာလွန်းလှတာရယ် ရှေးယခင်က အဲဒီနေရာတွေကို အထိမ်းအမှတ် သင်္ကေတ ပြုထားခဲ့ဟန် မတူတာတွေရယ်ကြောင့် နေရာအတိအကျတွေကို မပြောနိုင်မသိနိုင်တော့ပါဘူး။
အခုအချိန်မှာ မြန်မာဘုရားဖူး အများစု သိမှတ်ထားကြတဲ့ ဒေ၀ဒတ် မြေမြိုခံရတယ်ဆိုတဲ့နေရာဟာ သာဝတ္တိကနေ ပြန်အထွက် သရက်ဖြူကုန်းဆိုတဲ့ စေတီပျက် အနီးနား တံတားလေးရှိတဲ့နေရာက ရေအိုင်နေရာပဲဖြစ်ပါတယ်။
ဗုဒ္ဓဟာ သူနဲ့ ဖောက်လွဲဖောက်ပြန်ဖြစ်နေပါတယ်လို့ ကိုယ်ဝန်အတုနဲ့ လီဆယ်ခဲ့တဲ့ ဇိဉ္ဇမာန ကတော့ ဇေတ၀န်ကျောင်းက ပြန်အထွက်မှာ မြေမြိုခံရတယ်လို့ ဆိုထားတာကြောင့် အဲဒီ နေရာဟာ ဇေတ၀န်ကျောင်းဝန်းကျင်မှာပဲ ရှိနိုင်မှာပါ။ ဒီနေရာတွေကိုတော့ ဘယ်သူကမှ အတိအကျ အတည်ပြုထားတာ မရှိသေးပါဘူး။
ဒီလိုပါပဲ … ပုဗ္ဗာရုံ ကျောင်းနေရာဟာလည်းပဲ တူးဖော်တွေ့ရှိထားတဲ့ ဇေတ၀န်ကျောင်းနေရာနဲ့ သာဝတ္တိမြို့ဟောင်းနေရာတို့ကနေ မှန်းဆပြီးတော့ပဲ ဘယ်နေရာလောက်မှာတော့ ဖြစ်နိုင်တယ် ဆိုတာမျိုးပဲ မျက်မှန်းနဲ့ ပြောနိုင်သေးတာပဲ ရှိပါတယ်။ တူးဖော်တွေ့ရှိတာတွေ မရှိသေးပါဘူး။
ကျမတို့မှာ ဇေတ၀န်ကျောင်းနေရာနဲ့ သာဝတ္တိမြို့ဟောင်းနေရာမြေပုံကို ကြည့်လိုက် မျက်စိထဲမှာလည်း အင်း .. မြို့ဟောင်းမြောက်ဖက်မှာတော့ အစိရ၀တီမြစ်ရှိတယ်၊ ဒီအရှေ့ဖက်မှာကတော့ ပုဗ္ဗာရုံကျောင်းရှိမှာပဲ၊ ဒီနေရာတော့ ဇေတ၀န်ကျောင်းရှိတယ်ဆိုတော့ ဒီနေရာလောက်မှာတော့ တိတ္တာရာမကျောင်းရှိမှာပဲ။ မြို့အနောက်ဖက်မှာတော့ အန္ဓ၀နတော ရှိတယ်ဆိုတော့ ဒီနေရာလား မသိဘူးနော် ဆိုပြီးတော့ပဲ မှန်းမျှော်ကြည့်ရပါတော့တယ်။
မနက်လင်းလို့ သာဝတ္တိကနေ ပြန်အထွက်မှာတော့ နတ်ပြည်ကို အဘိဓမ္မာတရား ဟောကြားဖို့ ဗုဒ္ဓ ကောင်းကင်ပေါ်ကိုတက်တဲ့နေရာ အထိမ်းအမှတ်စေတီကုန်း (သရက်ဖြူကုန်း စေတီပျက်လို့ ကျမ ပြောခဲ့ဖူးတဲ့နေရာ) ပေါ် တက်ခဲ့ကြပါတယ်။
ဗုဒ္ဓလက်ထက်တုန်းက တိတ္ထိတွေဟာ ရဟန်းတော်တွေကို တွေ့တိုင်း တန်ခိုးပြိုင်မလားဆိုပြီး ရန်စလေ့ ရှိပါတယ်။ ဗုဒ္ဓက ရဟန်းတွေကို တန်ခိုးမပြရဘူးလို့ တားမြစ်ထားပါတယ်။ နတ်ပြည်ကို အဘိဓမ္မာတရား ဟောကြားဖို့ သွားမယ့်အချိန် ၀ါဆိုလပြည့်နေ့မှာတော့ တိတ္ထိတွေက တန်ခိုးပြိုင်မလားလို့ ရဟန်းတွေကို ဆိုပြန်ပါတယ်။ အဲဒီအခါ ဗုဒ္ဓက ရဟန်းတောတွေ မပြိုင်နဲ့ ငါကိုယ်တော်တိုင် စီမံမယ်လို့ မိန့်ဆိုလိုက်ပါသတဲ့။
ဒီအချိန်မှာပဲ ကဏ္ဍ လို့ ခေါ်တဲ့ ဥယျာဉ်မှူးတယောက်က ဗုဒ္ဓကို သရက်ဖြူသီးတလုံး လာလှူပါတယ်။ အဲဒီ သရက်သီးကို ဘုန်းပေးပြီးတဲ့နောက် မြေမှာ ချလိုက်တာမှာ တန်ခိုးတော်ကြောင့် သရက်စေ့ကနေ ချက်ခြင်း သရက်ပင်ကြီး ပေါက်လာပါတယ်။ မကြာခင်မှာပဲ လေပြင်းတွေ တိုက်လာချိန်မှာတော့ တိတ္ထိတွေ ဆောက်ထားတဲ့ မဏ္ဍပ်တွေဟာ လေတွေနဲ့ လွင့်ပါသွားပြီး ဗုဒ္ဓကတော့ သရက်ပင်အောက်မှာ ထိုင်မြဲထိုင်နေပါတယ်။ တိတ္ထိတွေကတော့ တန်ခိုး တစုံတရာ မပြနိုင်လို့ အရှက်ရပြီးတော့ ဝေးရာထွက်သွားရပါတယ်။ အဲဒီနောက်မှာတော့ ဗုဒ္ဓဟာ သရက်ဖြူပင် ထိပ်ဖျားမှာ ရပ်နေပြီးတော့ ခန္ဓာကိုယ်က ရေစုံမီးစုံ ရောင်ခြည်တွေ လွှတ်ပြီးတော့ နတ်ပြည်ကို တက်သွားပါတယ်။ ဒီနေရာကို အသောကမင်းကြီးက စေတီတည်ထားခဲ့တာမှာ ခေတ်တွေပြောင်း နှစ်တွေကြာတော့ စေတီပျက်ဆီးပြီးတော့ ကုန်းမို့မို့သာ ရှိတော့လို့ ဒီကုန်းကြီးကို ဒေသခံတွေက သရက်ဖြူကုန်းရယ်လို့ ခေါ်ကြတာလို့ သိရပါတယ်။
သရက်ဖြူကုန်းကနေ ပြန်ဆင်းလာချိန်မှာတော့ မိုးက သည်းသည်းမည်းမည်း ရွာချလိုက်ပါတော့တယ်။ ကားပေါ်မှာတော့ ညတုန်းက တော်တော်နဲ့ မအိပ်ပဲ စကားဖောင်ဖွဲ့တာများခဲ့တဲ့ ကျမ မိုးတအေးအေးနဲ့မို့ မဟန်နိုင်အောင် အိပ်ပျော်သွားပြီး ဗာရာဏသီကို ရောက်မှန်းမသိ ရောက်လာပါတော့တယ်။
(ဆက်ပါအုံးမယ်)
မာန်
Friday, July 17, 2009
ဗုဒ္ဓဂါယာ လေ့လာရေးခရီး (အပိုင်း ၅)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment