-->

Monday, July 27, 2009

ဒေါ်စု အတွက် အနယ်နယ်အရပ်ရပ်က လွတ်မြောက်ရေး ဆုတောင်းပွဲများ

ဒီကနေ့ ဇူလိုင် ၂၇ ရက်နေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှု နောက်ဆုံးလျှောက်လွဲချက်ပေးရမဲ့နေ့ဖြစ်တာကြောင့် ပေးတဲ့နေ့မှာ ညောင်ဦး ၊မိတ္ထီလာ ၊ မန္တလေး၊ မြင်းခြံ ရေနံချောင်း စတဲ့ နယ်မြို့တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားတဲ့ ပြည်သူတွေဟာ မိမိတို့ဒေသမှာရှိတဲ့ ဘုရားတွေမှာ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ဝတ်ပြုဆုတောင်းပွဲတွေလုပ်ခဲ့ကြပါတယ်။

မန္တလေးတိုင်း ညောင်ဦးမြို့က အန်အယ်လ်ဒီအဖွဲ့ဝင်တွေနဲ့ ပြည်သူတွေကတော့ ရွှေစည်းခုံဘုရားကို ဆုတောင်းဖို့သွားရောက်ခဲ့ပေမဲ့ အရပ်ဝတ်လုံခြုံရေးတွေချထားတာ များတဲ့အတွက် လူစုခွဲပြီး ငှက်ပြစ်တောင်က ဘုရားတဆူမှာ သွားရောက်ဆုတောင်းပွဲလုပ်ခဲ့ပါတယ်။

မကွေးတိုင်း ရေနံချောင်းမြို့က အန်အယ်ဒီအဖွဲ့ဝင် ၉ ဦးကိုတော့ ဆုံတိုက်၊ မြို့မမြောက်နဲ့ သစ်တပွေ ရပ်ကွက်က ရယက ဥက္ကဌတွေက မနက် ၇ နာရီကတည်းက ခေါ်ယူဆွေးနွေးခဲ့ပြီး ၁၁နာရီ ၁၅ မိနစ်မှာမှ ပြန်လွတ်လိုက်ပါတယ်။


`ရေနံချောင်းက လှုပ်ရှားမှုတွေ စိပ်လာတဲ့အခါကျတော့ စိုးရိမ်လာတယ်ဆိုတာ သူတို့ပြောတယ်။ နောက်တခါ မလိုလားအပ်တဲ့ပေါ့နော်၊ မလိုလားအပ်တယ်ဆိုတာ သူတို့ဖက်ကပါ၊ အဲလို ပြဿနာလေးတွေ၊ ဆန္ဒပြမှုတွေ စီတန်းလှည့်လည်မှာတို့ အဲဒါမျိုးတွေ ဖြစ်မှာစိုးရိမ်ပါတယ်တဲ့ အဲလိုပြောတယ်၊ အဓိကကတော့ သူတို့က ယဉ်ယဉ်ကျေးကျေးပါပဲ တောင်းပန်တဲ့ သဘောမျိုးလို့ ယူဆရတယ်၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဝတ်ပြုဆုတောင်းပွဲဆိုတာ ကျနော်တို့ အနိမ့်ဆုံးလုပ်ပေးနိုင်တဲ့အလုပ်ပဲ၊ ဒီအလုပ်ကလေးကိုတော့ ကျနော်တို့ ဆက်လုပ်သွားမှာပါ။ နောက်တခါ ဒေါ်အောင်ဆန်းစုကြည် ကလည်း အကြိမ်ကြိမ် အခါခါ ပြောတယ်။ သူက လူထုရဲ့ မေတ္တာနဲ့ ရပ်တည်နေတာပါဆိုတာ၊ ပြည်သူလူထုကလည်း အခုချိန်ထိ ဒေါ်အောင်ဆန်းစုကြည်ကို မေတ္တာရှိပါတယ်၊ ကျနော်တို့ကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကျနော်တို့ တတ်နိုင်တဲ့နည်းလမ်းလေးတွေနဲ့ ဆောင်ရွက်ပေးရမှာပေါ့ဗျာ´ လို့ ပြန်လွတ်လာတဲ့သူတယောက်က ပြောပြပါတယ်။

ရေနံချောင်းမြို့ပေါ်က အဖွဲ့ဝင်တွေဟာ ရယက ကခေါ်ယူဆွေးနွေးမှုတွေကြောင့် ဆုတောင်းပွဲ မလုပ်ဖြစ်ခဲ့ပေမဲ့ ရွာတွေက အန်အယ်လ်ဒီအဖွဲ့ဝင်တွေကတော့ ဥသျှစ်ကုန်းရွာ ပုဂံမျှော် ဘုရားမှာ ဆုတောင်းပွဲလုပ်ခဲ့ကြတယ်လို့သိရပါတယ်။

မန္တလေးမြို့မှာတော့ ရပ်ကွက်တခုကို လုံထိမ်းရဲတွေ အပြည့်ပါတဲ့ ဒိုင်နာကား ၂စီး ဆိုင်ကယ် ၁ဝ စီးလောက် အမြဲတမ်းပတ်နေတယ်လို့ မြို့နယ်စည်းအဖွဲ့ဝင်တွေက ပြောပါတယ်။ မဟာမြတ်မုနိဘုရားမှာ ဂေါပက အယောင်ဆောင် ထောက်လှမ်းရေးတွေ အများအပြားချထားပြီး ဝတ်စုံပြည့် ရဲတွေချထားတဲ့ကြားက အန်အယ်လ်ဒီလူငယ် ၃ဝ လောက်ဟာ ၁ဝ ယောက်ကို ဝတ်ပြုဆုတောင်းစေပြီး ကျန် ၂ဝ လောက်က ဝိုင်းဝန်းစောင့်ရှောက်ခဲ့ပါတယ်။ ၂၄ ရက်သောကြာနေ့က ဝတ်ပြုဆုတောင်းပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်လို့ယူဆရသူ ၂ ဦးက ဝိုင်းဝန်းထိုးနှက်ခဲ့မှုကြောင့် နံရိုးအောင့် ဖူးယောင်နေတဲ့ကြားက သွားရောက် ဝတ်ပြုဆုတောင်းခဲ့သူ အရှေ့တောင်မြို့နယ် စည်းအဖွဲ့ဝင် ကိုတိုးကြီးကလည်း ဘယ်လိုအတားအစီးတွေရှိပါစေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပြပါတယ်။

`ကျနော်တို့က သူတို့ကို ရန်ပြုဖို့ သွားတာလည်း မဟုတ်ဘူးဗျာ၊ ကျနော်တို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက်ကို ကျနော်တို့က သွားပြီးတော့ ဘုရားသွားတယ်၊ ပန်းကပ်တယ် ဝတ်ပြုပြီးတာနဲ့ ကျနော်တို့ ပြန်လာတယ်၊ သူတို့အခု ရန်ရှာလည်း ကျနော်တို့က အေးအေးဆေးဆေးပဲနေမှာ၊ ရိုက်တာရှိလည်း ကျနော်တို့က ခံမှာ´ လို့ ကိုတိုးကြီးက ဆိုပါတယ်။

မင်းဘူးမြို့နယ် အန်အယ်လ်ဒီ အဖွဲ့ဝင်တွေကတော့ မင်းဘူးက ရှင်မင်းဘူး ဘုရား၊
မိတ္ထိလာမြို့က အဖွဲ့ဝင်တွေနဲ့ ပြည်သူတချို့ကတော့ မြို့အဝင်က ရွှေမြင်တင် ဘုရား၊ သာစည်မြို့က အန်အယ်လ်ဒီအဖွဲ့ဝင်တွေကတော့ ၉တောင်ပြည့် ရန်အောင်မာန် စေတီ၊ ရမည်းသင်းအဖွဲ့ဝင်တွေကတော့ ရန်အောင်မြင်ဘုရား၊ မန္တလေးတိုင်း မေမြို့က အန်အယ်လ်ဒီအဖွဲ့ဝင်တွေကလည်း မဟာအံထူးကံသာ ဘုရားကြီးနဲ့ မြင်းခြံမြို့မှာတော့ တောင်သာနဲ့ မြင်းခြံ အန်အယ်လ်ဒီတွေ ပူးပေါင်းပြီး ဆန္ဒတော်ပြည့် ဘုရားတို့မှာ ၀တ်ပြုဆုတောင်းပွဲတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။ အလားတူ မိုးကုတ်၊ ဝမ်းတွင်း၊ ပျော်ဖွယ်၊ မလှိုင် နဲ့ကျောက်ပန်းတောင်း မြို့တွေနဲ့ ရန်ကုန်တိုင်း ရွှေပြည်သာ၊ တွံတေး ၊မှော်ဘီ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ ၊ပဲခူး နဲ့ ကော့မှူးမြို့နယ်တွေမှာလည်း ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

အညာနွေတမာမြေ

No comments: