-->

Saturday, August 8, 2009

ရှစ်လေးလုံး ၂၁ နှစ်ပြည့် အိန္ဒိယတွင် ကျင်းပ

ရဟန်းရှင်လူ ကျောင်းသား ပြည်သူများ သွေးမြေကျခဲ့ရတဲ့ ရှစ်လေးလုံး ၂၁ နှစ်မြောက် အထိမ်းအမှတ် ဆန္ဒပြပွဲကို အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေကို သာသနာဥသျှောင် အိန္ဒိယ ဌာနခွဲက ဦးဆောင်ပြီး အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ဂျန်တားမန်တားပန်းခြံတွင် စုစည်းကျင်းပခဲ့ပါတယ်။

“ကျနော်တို့ အိန္ဒိယရောက် ဒီမိုကရေစီ အင်အားစုများအားလုံးဟာ ရှစ်လေးလုံး စိတ်ဓာတ်ကိုခိုင်ခိုင်မြဲမြဲ ဆက်လက်ပြီးတော့ ဆွဲကိုင်ပြီးတော့ ကြိုးစားကြပါ” ဟု ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ ပြန်ကြားရေးဝန်ကြီး ဒေါက်တာတင့်ဆွေက တိုက်တွန်းပြောဆိုပါတယ်။

လွန်ခဲ့တဲ့ နှစ်ဆယ့်တစ်နှစ်၊ ၈.၈.၁၉၈၈ ခုနှစ်က ကျောင်းသားပြည်သူလူထုတရပ်လုံးက ဆန္ဒဖော်ထုတ်ရာမှ ရလာတဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက ဥပက္ခာပြုပြီး အကောင်အထည်မပေါ်နိုင်အောင် လုပ်ထားတဲ့အတွက် ရှစ်လေးလုံး စိတ်ဓာတ်နဲ့ ပြည်သူ့ဆန္ဒ ပြန်ရယူရမယ်လို့ ဒေါက်တာတင့်ဆွေက ပြောသွားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် ဥက္ကဌ ဦးကျော်သန်းကလည်း “၈၈ ဆိုတာက စစ်အုပ်စုက အဓမ္မအတင်းအကြပ်ဖိနှိပ်ထားတဲ့ကမှ တိုင်းပြည်အတွက် လူမျိုးအတွက် အသက်ပေးစရာရှိရင်ပေးမယ်လို့ ဆုံးဖြတ်ထားတဲ့ ပြတ်သားတဲ့ ကျောင်းသားထု သူရဲကောင်းတွေရဲ့ စိတ်ဓာတ်ကြောင့် ပေါ်ထွက်ခဲ့ရတယ်၊ ဒီနေ့ဆို ၂၁ နှစ်ရှိပြီ၊ လူထုမျှော်မှန်းတဲ့လမ်းကို မရောက်နိုင်သေးဘူး၊ ရောက်အောင်သွားဖို့က လူတိုင်းမှာ တာဝန်ရှိတယ်” ပြောသွားပါတယ်။

ဆန္ဒပြပွဲကို တက်ရောက်လာကြတဲ့ ရှစ်လေးလုံးမျိုးဆက်တွေကလည်း လွန်ခဲ့တဲ့ နှစ်ဆယ့်တစ်နှစ်က သူတို့ကိုယ်တိုင်ပါဝင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို မျိုးဆက်သစ်များအား ပြန်ပြောင်းပြောပြကြပါတယ်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် အမှတ် (၁) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိန်ကလည်း “ကျနော်တို့တွေက သွေးကွဲနေကြတဲ့အတွက် ကျနော်တို့နိုင်ငံက စစ်အာဏာရှင်ဟာ ဖိနှိပ်ချုပ်ချယ်ပြီးတော့ အခုလို အနိုင်ကျင့်ဗိုလ်ကျနေတာဖြစ်တယ်၊ ဒါကြောင့် ကျနော်တို့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ကြပါလို့ ကျနော်ပြောချင်ပါတယ်။ စည်းလုံးညီညွတ်ခြင်းနဲ့ ဒီစစ်အစိုးရကို စစ်အာဏာရှင်ကို တော်လှန်ကြပါလို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်” လို့ပြောပါတယ်။

အိန္ဒိယ- မြန်မာနယ်စပ် မီဇိုရမ် ပြည်နယ်၊ လုံးလည်မြို့က ရှစ်လေးလုံးနေ့အထိမ်းအမှတ် ဆန္ဒပြပွဲတရပ်မှာတော့ မီဇိုရမ်ဒေသခံ ကျောင်းသားတွေဟာ မြန်မာအင်အားစုတွေနဲ့ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ဆိုပါတယ်။

အဲဒီဆန္ဒပြပွဲကို ဦးဆောင်တဲ့ ပြည်ထောင်စု အမျိုးသားကောင်စီ ဥက္ကဌ ဦးအောင်ကျော်ဆန်းက “တိုင်းရင်းသားတွေ ပြည်သူတွေသာ အချင်းချင်းသွေးစည်းပြီး အတူတူလက်တွဲတိုက်ပွဲဝင်သွားရင် ဒီမိုကရေစီ ဆိုတာ ရမှာ မလွဲပါဘူး” လို့ အညာနွေကို ပြောသွားပါတယ်။


Rest of your post
အညာနွေတမာမြေ

No comments: