-->

Monday, August 24, 2009

ကြေငြာချက်များ၊ပြောခွင့်ရှိသူတို့ပြောစကားများမှသိရှိရသောNLD ၏ နိုင်ငံရေးလမ်းစဉ်

ယနေ့ထက်တိုင်အောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တွေ့ဆုံဆွေးနွေး ရေး ကို အစဉ်တစိုက် ဆုပ်ကိုင်တောင်းဆိုဆဲဖြစ်သည်။

ညွှန်း-၂၀၀၉ ခုနှစ် ဧပြီလ (၂၈-၂၉) ရက်နေ့များတွင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင် အဖွဲ့နှင့် ပြည်နယ်နှင့်တိုင်းစည်းရုံးရေးအဖွဲ့များမှကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များ၊ တွေ့ဆုံညှိနှိုင်းအစည်းအဝေးပွဲသို့တင်သွင်းသည် နိုင်ငံရေးအစီရင်ခံစာ

အနှစ်ချုပ်-

အဆုံးအဖြတ်ပေးနိုင်မည့်သက်ဆိုင်သူများပါဝင်သောကြိုတင်စည်းကမ်းသတ်မှတ်မထားသည့်တွေ့ဆုံဆွေးနွေးပွဲကိုအပြန်အလှန်ယုံကြည်လေးစားမှုနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးကိုအခြေခံ၍အမြန်ဆုံးကျင်းပရန်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်စပ်လျဉ်း၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သဘောထားကို အောက်ပါအတိုင်းတွေ့ရှိရသည်။

ညွှန်း-၂၀၀၉ ခုနှစ် ဧပြီလ (၂၈-၂၉) ရက်နေ့များတွင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင် အဖွဲ့နှင့် ပြည်နယ်နှင့်တိုင်းစည်းရုံးရေးအဖွဲ့များမှကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များ၊ တွေ့ဆုံညှိနှိုင်းအစည်းအဝေးပွဲသို့တင်သွင်းသည့် နိုင်ငံရေးအစီရင်ခံစာ

အနှစ်ချုပ်-

အာဏာပိုင်တို့က ၄င်းတို့ကိုယ်တိုင် အတည်ပြုပြဌာန်းထားသည့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ-၃ နှင့်အညီ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့သော အနိုင် ရပါတီများမှ လွတ်တော်ကိုယ်စားလှယ်များဖြင့် ပြည်သူ့လွှတ်တော်ကို အမြန်ဆုံးခေါ်ယူဖွဲ့စည်းပေးရန်။

ယင်း ပြည်သူ့ လွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ရေးကော်မတီကို ၁၉၉၀ ပြည့် နှစ် ရွေးကောက်ပွဲ အနိုင်ရပါတီများမှ ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊အပစ်အခတ် ရပ်စဲထားသော လက်နက်ကိုင်အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာကျွမ်းကျင်သူပညာရှင်များဖြင့် ဖွဲ့စည်းပေးရန်။

ယင်းသို့အတည်ပြုပြီးသော သဘောတူညီချက်များမှ ထွက်ပေါ်လာမည့် အနာဂတ်လမ်းကြောင်းအ တိုင်း၊ သက်ဆိုင်သူများသည် ပြည်သူလူထုနှင့်လက်တွဲလျောက်လှမ်းကြရန်။

၂၀၁၀ ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်၏ သဘောထားကိုအောက်ပါ အ တိုင်း တွေ့ရှိရသည်။

ညွှန်း- ၂၀၀၉ ခုနှစ် ဧပြီလ (၂၉) ရက်နေ့ ရွှေဂုံတိုင်ကြေငြာစာတမ်း

အနှစ်ချုပ်-

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက နောင်ဖြစ်ပေါ်လာနိုင်မည့် ရွေးကောက်ပွဲကို မိမိအစီအစဉ်ဖြင့်တဖက်သတ်ကျင်းပမည်ဆိုပါက-

အဖွဲ့ချုပ်ခေါင်းဆောင်များအပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိပြန်လွှတ်ပေး မည်ဆိုလျှင်-

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံဥပဒေမှ ဒီမိုကရေစီ နှုန်းစံများနှင့်မကိုက်ညီသည့် အချက်များကိုပြင်ဆင်ပေး လျှင်-

အားလုံးလွှမ်းခြုံပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာစောင့် ကြပ်လေ့လာမှုကို ခွင့်ပြုလျက် ကျင်းပမည်ဆိုလျှင်-

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်သူတရပ်လုံး၏ အကျိုးစီးပွားကိုသယ်ဆောင် နိုင်ရေး ရည်မျှော်၍ ပေါ်ပေါက်လာမည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ရွေးကောက်ပွဲဥပဒေတို့ကိုလေ့လာပြီး အထူးကိစ္စ တစ်ရပ်အနေဖြင့် အလေးထားစဉ်းစား၍ ရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်ကြောင်း။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေမှ ဒီမိုကရေစီ နှုန်းစံများနှင့် မကိုက်ညီသည့် အချက်များ အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ အောက်ပါအတိုင်း ထုတ်ဖေါ်ကြေငြာထားသည်ကိုတွေ့ရှိရသည်။

ညွှန်း- ၂၀၀၉ ခုနှစ် ဧပြီလ (၂၈-၂၉) ရက်နေ့များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အ မှုဆောင်အဖွဲ့နှင့် ပြည်နယ်တိုင်းစည်းရုံးရေးအဖွဲ့များမှ ကိုယ်စားလှယ်များ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့တင်သွင်းသည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သတ်၍ အဖွဲ့ချုပ်မှထုတ်ပြန် ခဲ့ပြီးသောအချက်များကို ပြန်လည်သုံးသပ်တင်ပြခြင်း။

အနှစ်ချုပ်-ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဒီမိုကရေစီ နှုန်းစံများနှင့် ညီညွတ်ခြင်းမရှိဘဲ ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေအားပြန်လည်ဖျက်ဆီးမည့် မျိုးဥများမပါရှိစေရပါ။

အခြေခံဥပဒေသစ်သည်တိုင်းရင်းသားလူမျိုးအားလုံး သွေးစည်းညီညွတ်ရေး၊ တန်းတူရည် တူအခွင့်အရေးများခံစားရရှိရေး၊အပြန်အလှန်ရိုင်းပင်းကူညီပူးပေါင်းရေး၊ စိတ်ဓာတ်တို့ဖြင့် ဒီမိုကရေစီပြည် ထောင်စုကြီး အဓွန့်ရှည်ကြာစွာ တည်တံခိုင်မြဲရေးအတွက် တိုင်းရင်းသားလူမျိုးအားလုံး၏တသွေးတသံတစိတ် တ၀မ်း၊လက်တွဲမဖြုတ်စတမ်း ပူးပေါင်းရပ်တည်နိုင်ရေးကို အာမခံနိုင်စေရမည်။

(၁)နိုင်ငံတော်၏ အခြေခံမူများ၌ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍ တွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး တို့ကိုအစဉ်တစိုက် ဦးတည်သည်ဟု ချမှတ်ထားခြင်း ကို အစဉ်တစိုက် ကန့်ကွက်ခဲ့ပါသည်။

(၂)နိုင်ငံတော်သမ္မ တနှင့် ဒု သမ္မတ အရည်အချင်းများတွင်စစ်ရေးအမြင် ရှိရမည် ဟူသော အချက်ကို ထည့်သွင်းထားခြင်း--- မှာ သမ္မတရွေးချယ်ရေးအတွက် ကန့်သတ်ဘောင်ကျဉ်းသွားစေပါသည်။ နိုင်ငံတော်သမ္မတ နှင့် ဒုသမ္မတ အတွက်ချမှတ်ထားသည့် လိုအပ်သောအရည်အချင်း များနှင့်ပြည့်စုံပါလျှင်- ကျား/မ မရွေး ရွေးချယ်ခံပိုင်ခွင့် ရှိကြရပါမည်။

(၃)ဥပဒေပြုရေးနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းမည့် တပ်မတော် သား(၂၅%) ပါဝင်နေခြင်း- စပ်လျဉ်း၍ ပထမဦးစွာ ပြည်သူများက ၄င်းတို့ကိုယ်တိုင်ရွေးကောက်တင်မြောက် တာဝန် အပ်နှင်းလိုက်သော ပြည်သူ့ကိုယ်စားလှယ်များဖြင့်သာ ဖွဲ့စည်းသင့်သည်ဟု ခံယူသည်။သို့သော် လက်ရှိအခြေအနေတွင် ကုလသမဂ ၏ တောင်းဆိုချက်ဖြစ်သော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲ ရေးလုပ်ငန်းစဉ်များနှင့် မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များတွင် သက်ဆိုင်သူအားလုံးပါဝင်ခွင့် ရှိ ရမည်ဟူသောအချက်နှင့်အညီ လွှတ်တော်အသီးသီး၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အမည်စာရင်းတင် သွင်းမည့် တပ်မတော်သား(၂၅%) ကိစ္စကို တွေ့ဆုံဆွေးနွေး၍နိုင်ငံရေးအဖြေရရှိရန် သက်ဆိုင်သူအားလုံးအ ပေါ်၌ တာဝန်ကျရောက်နေပါသည်။

(၄)လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ၀န်ကြီးအဖြစ် တာ ၀န်ပေးအပ်ခြင်းခံရပါက လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ပြီးဖြစ်သည်ဟု သတ်မှတ်ထားပြီး၊ ပြည်ထဲရေး၊ ကာကွယ်ရေး နယ်စပ်ရေးရာဝန်ကြီးများအတွက် ခန့်အပ်ထားသောတပ်မတော်သားကိုယ်စား လှယ်များကိုမူ နှုတ်ထွက်ရန်မလိုဟု သတ်မှတ်ထားခြင်း-မှာ တရားနည်းလမ်းမကျပါ။ ပါတီစုံဒီမိုကရေစီစနစ် တွင် အစိုးရအဖွဲ့သည် ပြည်သူ့ကိုယ်စားလှယ်များသာဖြစ်ရပါမည်။

(၅)ကာကွယ်ရေး၊ပြည်ထဲရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျော်သည့်တပ်မတော်သားများ၏ အမည်စာရင်းကို နိုင်ငံတော်သမ္မတ ကလက်ခံ ရယူခြင်း၊---နှင့်စပ်လျဉ်း၍ပြည်သူတို့၏သဘောဆန္ဒသည်သာ အစိုးရအာဏာ၏ အခြေခံဖြစ်ရမည် ဆိုသည့် မူ နှင့်အညီ အစိုးရအဖွဲ့ဖွဲ့စည်းရာတွင် လူထုရွေးကောက်တင်မြှောက်လိုက်သည့် လွှတ်တော်ကိုယ်စားလှယ်များ နှင့်သာ ဖွဲ့စည်းရမည်ဖြစ်ပါသည်။

(၆)ရာထူးမှနှုတ်ထွက်ရမည့် အထက်ပါ တပ်မတော်သားဝန်ကြီးနှင့် ဒုတိယ၀န်ကြီး တို့နှင့် ပတ်သတ်လျှင် နိုင်ငံတော်သမ္မတသည် ကာကွယ်ရေးဦးစီးချုပ်နှင့်ညှိနှိုင်းဆောင်ရွက်ရမည်။--- မှာ မူအနေဖြင့် ဆိုလျှင်ဝန်ကြီး ဒုတိယ၀န်ကြီးတို့သည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသာ ဖြစ်ရပါမည်။သမ္မတက ၄င်း တို့အားနှုတ်ထွက်စေလိုလျှင် မည်သူနှင့်မျှ ညှိနှိုင်းဆောင်ရွက် ရန်မလိုအပ်ပါ။

(၇) အုပ်ချုပ်ရေးနှင့်စပ်လျဉ်း၍ ပြည်ထောင်စုတိုင်းဒေသကြီးပြည်နယ် ပြည်ထောင်စုနယ်မြေ နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတို့တွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ညှိနှိုင်းဆောင်ရွက်ရမည် ဖြစ်ခြင်း--- မှာ ပြည်ထောင်စုတိုင်းဒေသကြီး ပြည်နယ် ပြည်ထောင်စုနယ်မြေ နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင် စုတို့တွင်လည်း ပြည်သူများက တိုက်ရိုက်ရွေးကောက်တင်မြောက်လိုက်သော ကိုယ်စားလှယ်များသာပါဝင် ရမည်ဖြစ်သည်။

(၈)အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို(၁၁) ဦးဖြင်ဖွဲ့စည်းထားရာ ဒုတိယ သမ္မတ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး စုစုပေါင်း (၆)ဦးတို့ဖြင့် အများစုမဲကို တပါတည်း ရယူထားခြင်း၊---

မှာ နိုင်ငံတော်၏ အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်သော လွှတ်တော်၏ ကြီးကြပ်ကွပ်ကဲမှုအောက်မှ ကင်း လွတ်၍ သီးခြားရပ်တည်သော အခြားနိုင်ငံတော်အဖွဲ့အစည်းများ၊ ယန္တရားများမရှိစေရပါ။

(၉)တပ်မတော်သည်တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကိုလွတ်လပ်စွာစီမံခန့်ခွဲစီရင် ဆောင်ရွက်ပိုင်ခွင့် ရှိ ခြင်း--မှာ တပ်မတော်သည် ပြည်ထောင်စု လွှတ်တော်ကပြဌာန်းသော ဥပဒေများ၊ နည်း ဥပဒေများ၊ ဆုံးဖြတ်ချက်များနှင့် အညီဆောင်ရွက်ရမည်ဖြစ်ပါသည်။

(၁၀)တပ်မတော်နှင့်စပ်လျဉ်း၍ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့ အစည်းအားလုံး သည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိရမည်ဟု ထည့်သွင်းထားခြင်း-- မှာ ပြည်ထောင်စုလွှတ်တော် သည် နိုင်ငံတော်၏အချုပ်အခြာအာဏာကိုခံယူကျင့်သုံးသော အမြင့်ဆုံးအာဏာပိုင်အဖွဲ့ဖြစ်သောကြောင့် လက်နက်ကိုင်အဖွဲ့အစည်းများအပါအ၀င် ၀န်ထမ်းအဖွဲ့အစည်းများဖွဲ့စည်းရေးကို ပြည်ထောင်စုလွှတ်တော် ၏ ဥပဒေပြဌာန်းချက်အရသာ ဆောင်ရွက်စေသင့်ပါသည်။

(၁၁)အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံ တော်အာဏာကိုဤ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းချက်များနှင့်အညီ ရယူသုံးစွဲခွင့်ရှိခြင်း--မှာ ပြည်ထောင်စုလွှတ်တော်ကသာ စစ်ကြေငြာခြင်း၊ စစ်ပြေငြိမ်းခြင်း၊စစ်စည်းရုံးခြင်း၊နိုင်ငံတော်၏ တစိတ်တဒေသ ကိုလည်းကောင်း၊ နိုင်ငံတော်တ၀ှမ်းလုံးကိုလည်းကောင်းအရေးပေါ်အခြေအနေကြေငြာခြင်း၊စစ်အုပ်ချုပ်ရေး အာဏာလွှဲအပ်ခြင်းတို့ကိုဆုံးဖြတ်ခွင့်နှင့် တာဝန်ပေးပိုင်ခွင့်ရှိရမည်။ထို့ပြင်အရေးပေါ်အခြေအနေကို အ ကြောင်းပြုပြီး မည်သည့်ပုဂိုလ်အဖွဲ့အစည်းကမှ ပြည်ထောင်စုလွှတ်တော်နှင့် သက်ဆိုင်ရာလွှတ်တော်များ၊ ယင်းလွှတ်တော်များကတာဝန်ပေးအပ်ထားသော အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဦးစီးအဖွဲ့အစည်းများကို ရပ် ဆိုင်းထားခွင့်မရှိပါ။

(၁၂)ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စား လှယ်များအားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်း ပမည် ဟု မည်သို့မျှပြင်ဆင်ခွင့်မရအောင်သတ်မှတ်ထားခြင်းဖြစ်သည်။

အထက်ဖေါ်ပြပါအချက်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် စပ်လျဉ်းသော သဘောထားရပ်တည်ချက်၊ ၂၀၁၀ ရွေးကောက်ပွဲနှင့် စပ်လျဉ်းသောသဘောထားရပ် တည်ချက်များကို ထင်ထင်ရှားရှားတွေ့ရမည်ဖြစ်သည်။ မြန်မာ့ဒီမိုကရေစီတော်လှန်ရေးဖြစ်စဉ်ထဲတွင် နိုင်ငံရေး အင်အားစုအားလုံးကြီးမားကျယ်ပြန့်စွာ ပူးပေါင်းပါဝင်နိုင်သည့်၊ ၀န်းရံရပ်တည်နိုင်သည့် အမြော်အမြင်ကြီးမား လှသော ဘုံလုပ်ငန်းစဉ်ကြီးဖြစ်သည်ဟုလည်းငြင်းဆန်နိုင်ရန်ခဲယဉ်းပေလိမ့်မည်။

ထို့ပြင် အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်၏ Interaction အပေါ် အမြင်နှင့် စပ်လျဉ်း ၍လည်းကောင်း၊ Sanction အပေါ်အမြင် နှင့် စပ်လျဉ်း၍လည်းကောင်း၊ (၁၈.၈.၂၀၀၉) ပြောခွင့်ရ ဦးဥာဏ်ဝင်း ၏ VOA သတင်းဌာန သို့ပြောကြားချက်မှာ -

ပထမအချက်က Interaction လုပ်ဖို့ဆိုတာ အဲဒါပြည်တွင်းမှာ အရင်လုပ်ရမှာ။ တခြားနိုင်ငံနဲ့အရင်လုပ်ရမှာ မဟုတ်ဘူး။ပြည်တွင်းမှာ Interaction မလုပ်ဘဲနဲ့ တခြားနိုင်ငံနဲ့လုပ်လို့ဘာမှအကျိုးမရှိဘူး ဆိုတာ ဒေါ်အောင်ဆန်းစုကြည် ရှင်းပြကြောင်း ဦးဥာဏ်ဝင်း က VOA သတင်းဌာနသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ် သည်။

ဒေါ်အောင်ဆန်းစုကြည် ပထမရှင်းပြတာကတော့ တွေ့ဆုံဆွေးနွေးရေး (ဒိုင်ယာလောခ့်) အရေးကြီးတယ် ဆိုတဲ့အကြောင်း၊ ဒိုင်ယာလော့ခ်ကမှ ကိစ္စရပ်တွေအားလုံးကို ဖြေရှင်းနိုင်မယ်ဆိုတဲ့အကြောင်း၊ တကယ် လုပ်ကြည့်မှ ဒီဥစ္စာအကျိုးရှိတယ် ဆိုတာကို သိမယ့်အကြောင်း၊ အဲဒီလိုပြောပါတယ်။ နောက်တခုက ဆီးနိတ်တာက ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ မ၀င်ဖို့ ကိစ္စကိုမေးပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် က ဒါဟာ ပါတီဝင်တွေနဲ့ အကျေအလည်ညှိနှိုင်း ဆုံးဖြတ်ရမယ့် ကိစ္စ။ တကယ်လို့ ဆုံးဖြတ်ခဲ့ရင် လည်း ပထမဆုံးအသိပေးရမှာ အာဏာပိုင်တွေကိုပဲဆိုတာ သူပြောပြခဲ့တယ် ဟု အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာဂျင်မ် ၀ပ် နှင့်တွေ့ဆုံဆွေး နွေးမှု ၌ဒေါ်အောင်ဆန်းစုကြည် ပြော ဆိုခဲ့သည်များကို ဦးဥာဏ်ဝင်း က သတင်းဌာန များသို့ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ပါတီဝင်များ၏ သဘောထားသည်လည်း ရွှေဂုံတိုင်ကြေငြာချက်တွင် ရှင်းရှင်းလင်းလင်း ဖေါ်ပြထားပြီးဖြစ်သည်။

န.အ.ဖ အစိုးရ နှင့် ပတ်သတ်သော သတင်းများလည်းအမျိုးမျိုးထွက်ပေါ်လျက်ရှိသည်။ အထူးသဖြင့် ကြားဖြတ်အစိုးရဖွဲ့ စည်းမည်။ လွတ်ငြိမ်းချမ်းသာခွင့်ပေးမည် စသည်အားဖြင့် သတင်းများထွက်ပေါ်လာပြီဖြစ် သည်။

လာရီဂျေဂင် ၏ ဆောင်းပါးတွင်

အဆုံးတွင်မတော့ စစ်အစိုးရက သူတို့၏ စည်းကမ်းရှိသည့် ဒီမိုကရေစီဆိုသော စီစဉ်ထားသည့် လမ်းကြောင်း အတိုင်း နိုင်ငံတကာ အသိုင်းအဝိုင်းက ဘယ်လိုထင်ထင် ဆက်သွားမည်သာဖြစ်သည်။ သို့သော် ဝက်ဘ်၏ ခရီးစဉ်က ပြသခဲ့သည်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဤဖြစ်စဉ်ကို ရှေ့ဆက်လှမ်းရန် အဆင်သင့် ဖြစ်နေသည်ဆိုသည့် အချက်ပင်ဖြစ်သည်။ အကြီးတန်း မြန်မာစစ်အရာရှိများ သတင်းရပ်ကွက်အဆိုအရ နောက်တဆင့်ခြေလှမ်းမှာ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးဖြစ်သည်။ ယင်းကို မကြာမီ ကြေညာရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြင်ဆင်ထားပြီး စက်တင်ဘာလလောက်မှစ၍ တနှစ်ကြာမျှ အစိုးရလုပ်ငန်းများကို ထိန်းချုပ် လုပ်ကိုင် သွားမည်ဟု မြန်မာအရာရှိတဦးက မဇ္ဈိမကို ပြောသည်။ မကြာမီအတွင်း အစိုးရသစ်တရပ် ပေါ်ထွန်း လာမည်ဖြစ်ကြောင်းနှင့် သူလည်း ဝန်ကြီးဖြစ်တော့မည်မဟုတ်ကြောင်း မကြာသေးမီက ဗိုလ်ချုပ်မှူးကြီး၏ လူယုံ တပည့်ရင်းနှင့် ဝန်ကြီးဖြစ်သူ ဦးအောင်သောင်းက သူ့လက်အောက် ဝန်ထမ်းများကို ပြောကြားခဲ့သည်။ အခြား ဝန်ကြီး အများအပြားကလည်း ယခုနှစ်ကုန်ပိုင်းတွင် သူတို့ ဤရာထူးများတွင် ရှိတော့မည် မဟုတ်ကြောင်း သူတို့ဝန်ထမ်းများကို ပြောကြားခဲ့ကြသည်။

ဟုဖေါ်ပြထားပေသည်။ အထက်ပါ သတင်းများထွက်ပေါ်လာခြင်းသည်ပင် နိုင်ငံရေးအင်အားစုများ အတွက် ရှေး ကထက်ပင်ပိုမို စိုးရိမ်ဖွယ်ကောင်းသော အခြေအနေ များ ဖြစ်ပေါ်လာနိုင်ကြောင်းသတိပေးသကဲ့သို့ဖြစ် နေသည်။ အထူး သဖြင့် အမြင်အမျိုးမျိုး အတွေးအခေါ်အယူ အဆ အသီးသီးဖြင့် အစိတ်စိတ်အမွာမွာကွဲပြား သွားနိုင်မည့် အခြေအနေများပင်ဖြစ်သည်။

ကြားဖြတ်အစိုးရဖွဲ့စည်းရေးနှင့်လည်းကောင်း၊ ၂၀၁၀ ရွေးကောက်ပွဲဝင်ရေးမ၀င်ရေးနှင့်လည်း ကောင်း အတွေးအခေါ်အယူအဆများ ကွဲပြား၍ နိုင်ငံရေးအင်အားစုများ ယခုတကြိမ်ပြိုကွဲမည်ဆိုပါ မြန် မာ့ဒီမိုကရေစီအရေးသည် လုံးဝ အဖတ်ဆည်၍ ရနိုင်တော့မည် ဟူ၍ ကံသေကံမ တွက်ဆနိုင်ကြတော့မည် မဟုတ်ပါ။

ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ကြားဖြတ်အစိုးရ ဖွဲ့စည်းပါမည်ဟု ထွက်ပေါ်လျက်ရှိသော သတင်းများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေး စသည်တို့နှင့် စပ်လျဉ်း၍လည်းကောင်း အထက်တွင်ဖေါ်ပြခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ကြေငြာ ချက်များ၊ ပြောခွင့်ရှိသူတို့ပြောကြားခဲ့သော သဘောထားများ မှရရှိသည့် နိုင်ငံရေး လမ်းစဉ် သည် မြန်မာ့ ဒီမို ကရေစီ ရေး တွင် ခိုင်မာတောင့်တင်းသည့် ရပ်တည်ချက် လမ်းစဉ်များ ဟုတ်၏ မဟုတ်၏ ဆိုသည်ကို မြန်မာ့ ဒီမိုကရေစီရေး ကို အမှန်တကယ်လိုလား လုပ်ဆောင်နေကြပါသည်ဆိုသည့် မိမိတို့ကိုယ်တိုင်သာ စဉ်းစားဆုံး ဖြတ်ကြရမည်ဖြစ်ပေတော့သည်။

(စောကျော်ကျော်မင်း)

No comments: