မည်သို့ပင်ဆိုစေ အမေရိကကို ရောက်သည်ဆိုတော့ ဘာဘဲလုပ်ရလုပ်ရ လုပ်မည်ဟု စိတ်ထဲထင်လာခဲ့ကြသူများမှာ လက်တွေ့မှာ ပြသနာတွေ တပုံတပင်နှင့် ရင်ဆိုင်ကြရသည်။ သူတို့ကို NGOs တွေက ပြောလွှတ်လိုက်ခြင်း၊ သင်ပေးလိုက်ခြင်းများမှာ တကယ့်ပျော်စရာ။ အလုပ်လုပ်ပြီး ငွေစုပြီးသည်နှင့် အိမ်ဝယ်လို့ရသည်၊ ကားတွေဝယ်လို့ရသည်၊ ခလေးတွေ ကျောင်းတက်လို့ရသည် စသည်ဖြင့်…
မနေ့က မလေးရှားက ရောက်လာသော သူတွေနှင့်ဆုံသည်။ သူတို့က သူတို့နေသောနေရာကိုတောင်မသိ။ မည်သည့်ရထားနံပါတ်ကို စီးလာမှန်းမသိ။ သူတို့အပြန်တွင် NGOs ရုံးမှ မြေပုံတချပ်နှင့်လွှတ်ပေးတော့မည်။
သူတို့ကို ရင်နာစွာဖြင့် ပြောဆိုအသိပေးရတော့သည်။ လမ်းတွင်မည်သို့သွားရသည်၊ ရထားနံပါတ်ကို မှတ်ထားရန်ကအစ၊ ပြီးတော့ အမဲတွေက လုလျှင် သတိထားရန်သင်ပေးရသည်။ နယူးယောက်က လူပေါင်းစုံမို့ လူရမ်းကားတွေက ပေါမှပေါ။
တချို့က အလုပ်မှအပြန် ခပ်တည်တည်တောင်းတာခံရသည်။ မပေးလိုလို့ငြင်းတော့ ရိုက်ပြီးလုသည်။ ခေါင်းကွဲသော မြန်မာလူမျိုးတွေ၊ အလုခံရသည်မှာ လူမျိုးစုံပြီ။ မည်သူမျှ မတတ်နိုင်။ ရဲတိုင်လည်း အလကား။
သည်တော့ မိမိနေသော အိမ်ခန်းဝန်းကျင်က လူမဲတွေများလျှင် ရွှေ့ဖို့သာလုပ်ပေတော့။ အဘယ်ကြောင့်ဆိုသော် ညဖက်အလုပ်ကပြန်လျှင် ကျိန်းသေလုယက်ခံရမည်မှာ တနေ့မဟုတ် တနေ့။ ကြာမည်။ နှေးမည်။ တနေ့နေ့တော့ပြောနိုင်သည်။
တချို့က လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းမှာ လုပ်ခဲ့သူများပီပီ ပြောချင်သည်။ လုပ်ချင်သည်။ သို့သော် သူတို့ကိုယ်တိုင် ဘ၀ကိုအစဖျောက်ထားသူများဖြစ်ရာ မလုပ်ဝံ့။ ရင်မဆိုင်ဝံ့။
ပြန်ပြီးတော့သာ ရိုက်တာကို ပြန်လှန်ခုခံလျှင် သေပွဲတိုးသွားနိုင်သည်။ လူမဲတွေက လက်ရဲဇက်ရဲ။
ပြီးတော့ လက်နက်ကိုင်သမားဖြစ်ခဲ့ ဖြစ်နေဆဲ သူတွေက UNHCR နှင့် IOM က မည်သို့ပင်ပို့ပို့ အမေရိကမှာ ဘယ်လိုအချိုးမျိုးနဲ့မှနေလို့မရ။ သူ၏လှုပ်ရှားနေသော ပါတီအကြောင်း အဖွဲ့အစည်းတွေအကြောင်းကို အမေရိကရဲများက သိသွားပြီဆိုလျှင် လာရာလမ်းကို ပြန်ဖို့ အထုပ်အပိုးပြင်ရုံဘဲရှိသည်။ ပြန်လည်းပြန်သွားကြရသူများရှိသည်၊၊ ထို့ကြောင့်သူတို့မှာ ဘာပြသနာကိုမျှ အတက်မခံကြ။ ခေါင်းငုံ့ခံလိုက်ကြရသည်။
ဆွေမျိုးသားချင်းများ၊ မိတ်ဆွေများ၊ စပွန်စာပေး ပြီးလာခဲ့ရသူများမှာတော့ သွားရေးလာရေးက ပြသနာမတက်ချေ။ အလုပ်အားသူ တယောက်ယောက်က သွားတာလာတာတွေကို သင်ပေးလို့ရသည်။ ခက်နေသည်မှာ NGOs ဘဲဖြစ်သည်။ သူတို့ကို ၆ လ တိတိထောက်ပံ့ပေးမည်ဟု ပြောလွှတ်လိုက်သော်လည်း တချို့မှာ တလကိုမနဲတောင်းယူရသည်။ တချို့က လုံးဝမရ၊ စပွန်စာကို ပေးပြီးခေါ်လိုက်ရခြင်းမှာ ရောက်စေလိုသော ဆန္ဒတွေကြောင့်ဖြစ်သည်။ ရောက်လာတော့ NGOs က မည်သို့မျှ မထောက်ပံ့ကြသောအခါ လုံးချာလည်တော့သည်။
စကားမတတ် စာမတတ်သော သူများအနေနှင့် ဆိုတော့ ပိုပြီးစိတ်ပျက်စရာဖြစ်သည်။ အနိမ့်ဆုံးလစာကိုပင် နယူးယောက်မှာ ရဖို့မလွယ်။ ယခုအချိန်မှာ အလုပ်လက်မဲ့ပြဿနာကရှိနေရာ ဒုက္ခသည်များအဖို့ မလွယ်။ များသောအားဖြင့် ဆူရှီလိပ်သော အလုပ်ကိုလုပ်ကြသည်ကများသည်။
ယင်းအလုပ်က အမေရိကန်စကားပြောတတ်စရာမလို၊ ဂျပန်အစားအစာ ဖြစ်သည်မို့ ဆိုင်ထဲမှာလုပ်နေရုံသာ။ သို့သော်လည်း ယင်းအလုပ်က လူတိုင်းပင်မရချေ။ လူတိုင်းလည်းမလုပ်လိုကြ။
အချို့က ဆူရှီလိပ်ရုံတင်မဟုတ်။ မိမိရှိရာ ငွေလေးနှင့် ပိုင်ရှင်ဂျပန်နှင့်ပေါင်းကာ ငွေရင်းစိုက်ထည့်ကြသည်။ ထိုသို့လုပ်ကြပါက ဆိုင်ထိုင်ရသောကြောင့် ငွေကိစ္စ၊ ပစ္စည်းဝယ်ရန်ကအစ နေမကောင်းလျှင်ပင် ဆိုင်သို့သွားနေရသည်ဖြစ်သောကြောင့် ဆိုင်ထိုင်ရန်မကောင်းချေ။
ဆိုင်ကဖေါက်သည်ကောင်းလာပြီ ရောင်းကောင်းလာပြီဆိုမှဖြင့် ပိုင်ရှင် ကိုရွှေဂျပန်က အခြားသူများကို ပြန်ပြီးတဆင့်ရောင်းလိုပြီ။ အကြောင်းမရှိအကြောင်းရှာကာ ဆိုင်ကိုသိမ်းလိုက်တော့သည်။ ထို့ကြောင့် ဆူချီဆိုင်ထိုင်လုပ်ရန် စိတ်ကူးထဲတောင် မထည့်သင့်။ ရှိစုမဲ့စု ရင်းလာသောသူတွေ သည်လိုကြောင့် ဘ၀ပျက်သွားကြသည်ကိုမြင်ဖူးသည်။ ပြီးတော့ လူမှုရေးဆုံးခံရမှုက မလွယ်။ တပါတ်လုံးလိုလို မနက်သွားလိုက် ညနေပြန်လိုက်နှင့် ဆိုင်ဘဲသွားရသည်။ နိုင်ငံရေး ဆန္ဒပြပွဲတွေက မသွားနိုင်ကြသည်ထက် ဘာကိုမျှ မသိတော့၊ အားလုံးဘ၀မှာ အဆက်အသွယ်ပြတ်ကုန်သည်၊၊
စာသင်ရန်မဆိုထားနှင့် တီဗွီကြည့်ရန်တောင်မျှ အချိန်မရှိ။ နေမကောင်း၊ လဲလို့မသေသေးသမျှ ဆိုင်ကိုသွားပြီး အလုပ်လုပ်နေရသည်၊ မိမိရင်းထားသောငွေက ရှိနေရာ မသွားနိုင်ဆိုလျှင် ချက်ချင်းပြသနာတက်သွားနိုင်သည်။ ဆိုင်ကို သူများလက်ထဲ ထိုးပေးသကဲ့သို့ ဖြစ်သွားနိုင်သည်။
အလုပ်သမားဆိုလျှင်ကောင်းသည်။ ၁၂၀၀ မှ ၁၈၀၀ ထိ ရတတ်သောကြောင့် ဆူရှီလိပ်သော အလုပ်သမားလုပ်ရန် အကောင်းဆုံးဖြစ်သည်။
ဆူရှီအလုပ်သမားဆိုသည်ကလည်း လုပ်လိုသည်ဟုပြောကတည်းက လာခဲ့ပါဟု ခေါ်လိုက်သည်နှင့် စား ပြီးသောက်ပြီး ယင်းလစာကို ရသည်။ လုပ်ယင်းပင် သင်ပေးလိုက်သောကြောင့် ၁၅ ရက်အတွင်း တတ်မြောက်သည့်အလုပ်ဖြစ်သည်။ ယင်းအလုပ်ကို မရလျှင် အခြားအလုပ်တွေ လုပ်ရန် ရှာရတော့မည်ဖြစ်သည်။
ထိုင်းက လာသော သူတွေ၊ အိန္ဒိယက လာသောသူတွေ၊ မလေးက လာသောသူတွေ နယူးယောက်ကိုရောက်သည်နှင့် ၁ လ ဆိုလျှင်သူတို့ အခက်အခဲကို ဖြေရှင်းရန် ပြည်နယ် ပြောင်းကြရသည်။
NGOs က ၁ လ လောက်ထောက်ပံ့ဖို့အရေး ပြောသော်လည်း မရသောအခါ မည်သို့နေနိုင်ပါမည်နည်း။
ထို့ကြောင့် အပေါင်းအသင်းများရှိရာသို့ ပြောင်းရွှေ့သွားကြရသည်။ အသားစက်ရုံများတွင် လုပ်ကိုင်ကြသော အခြားပြည်နယ်မှ သူတို့မိတ်ဆွေများမှာ ကိုယ်ပိုင်ကားနှင့် လာခေါ်သွားကြရသည်။ တော်ပါသေးသည်။
သို့သော်လည်း ချက်ချင်း မသွားသင့်။ အစားအသောက်ဝယ်ရန်ကဒ်၊ အလုပ်လုပ်ခွင့်ကဒ်၊ ပြည်နယ်သားကဒ်၊ လူမှုရေးကဒ် စသော ကဒ်လေးမျိုးကိုရမှ ပြောင်းရွှေ့ရမည်ဖြစ်သည်။ ယင်းကဒ်များရမှ သွားလျှင် အလုပ်လုပ်ကိုင်ရန် လွယ်မည်။ သည်တော့ ၁ လ လောက်ကို သည်းညည်းခံပြီးနေပေတော့။
မြို့ကြီးပြကြီးမှာ ရောက်လာသော်လည်း ဘ၀ကံတရားကလိုနေသေးရာ ပျော်ရာမှာမနေရ တော်ရာမှာနေရသည်ဟု ဆိုရိုးရှိသည့်အတိုင်း သွားကြရသည်မှာ ဓမ္မတာ။ သို့ပေမင့် NGOs က လက်လွတ်စပယ် လုပ်သည်ကတော့ လုံးဝမကောင်းပေ။ တိရိစ္ဆာန်ဖြစ်သော ခွေးတကောင်ကို သောင်ပြင်မှာ လွှတ်လိုက်လျှင်ပင် သူ့ခမျာ အစာရှာလို့ရသည်။
ဒုက္ခသည်တယောက်ကို အမေရိကန်နိုင်ငံသိုသွားပေတော့ ဆိုပြီးလွှတ်လိုက်သောအခါ သူ့မှာ ပညာလည်းနတ္တိ၊ ဒေါ်လာလည်း မရှိ၊ တည်းခိုစရာလည်း မရှိပါဘဲ အကူအညီ လမ်းပြပေးမည့်သူ ရုံးကိုပြပေးမည်သူလည်းမရှိပါပဲ မည်သို့ ရပ်တည်နေရပါမည်နည်း။ ယင်းမှာ စဉ်းစားစရာ၊ တွေးစရာ၊ မေးစရာဖြစ်သည်။
လမ်းဆိုတာကလည်း တခါပြလို့ မမှတ်မိ။ မမှတ်မိတိုင်းလိုက်ပြနေလျှင်လည်း တဖက်လူမှာငွေလည်းကုန် စိတ်လည်းညစ်ရသေးသည်။ ထို့ကြောင့် တခါလိုက်ပြသည်နှင့် လုံးဝမှတ်မိရန် စာရွက်စာတမ်း ဖြင့် မှတ်သားရန်လိုသည်။ နိုင်ငံခြားသားတိုင်း မြေပုံကားချပ်နှင့် ခဲတံနှင့် ဘောပင်နှင့် သွားနေကြရာ ရှက်စရာမလို။
ကုန်ခဲ့သည့်လက ဘုန်းကြီးနှစ်ပါး အမေရိကသို့ရောက်သည်။ တဦးမှာ မည်သို့မျှ ထောက်ပံ့ ကြေးမရ။ မည်သို့ရုံးကိုမျှလည်း လိုက်မပို့။ တော်သေးသည်။ ယင်းအထဲကတယောက်မှာ စကားပြောတတ် ဆိုတတ်သောကြောင့် အဆင်ပြေသွားသည်။ သူ့ဖါသာ သူသွားပြီး ထောက်ပံ့ကြေးရအောင် လျှောက်ခဲ့သည်ကိုပင် ဘာရပြီလဲ ညာရပြီလဲ ရုံးသို့ လာပြပေးရမည်ဟု အဆိုပါ NGOs ကဆိုသောကြောင့် သူ့မှာဒေါသ ဆွေ့ဆွေ့ခုန်နေသည်။ ဒေါသ ထွက်လည်းထွက်ချင်စရာ။ မကူညီသည့်အပြင် မိမိဖါသာ သွားလျှောက်ခဲ့ရသည်ကို သွားပြရမည်ဆိုတော့ လွန်လွန်းနေသည်။
ထို့ကြောင့် သွားပြီး မပြတော့။ လူတိုင်းလိုလို ကျန်းမာရေးဆေးစစ်ရန်ကိုပင် NGOs ရုံးမှ လုပ်မပေးရာ သူ့အဖို့မှာလည်း အကြီးအကျယ်ပြသနာဖြစ်နေရသည်။
ကျွန်တော့ဆီရောက်လာသော သူတဦးကျပြန်တော့ ၁ လ သာထောက်ပံ့ ကြေးရသည်။ နောက်ပိုင်း ဘယ်လိုမှမထောက်ပံ့တော့။ အလုပ်တခု ရသည်ဆိုပြီး တပါတ်မျှလုပ်နေရသည်။ ယင်းအလုပ်မှာလည်း ပြည်နယ်တခုသို့ပြောင်းရမည်မို့ အလုပ်မလုပ်ရတော့ဆိုတော့ ရှေ့ဆက်မည်သို့ အလုပ်ရှာရမည်ကို တွေးပူနေသည်။ သူ့ကိုတော့ ကျန်းမာရေးဆေးစစ်ရန် ရုံးမှ လုပ်ပေးသည်။ ကျန်းမာရေးစစ်ဆေးရန် လုပ်ပေးမှ မိမိတို့အတွက် ကျန်းမာရေးကိစ္စသိနိုင်သည်။ ဒါးကလေးတချက်ရှမိသည်နှင့် ၀မ်းသွားမိသည်နှင့် ဆေးရုံဆေးခန်း ပြရလျှင် ငွေကအရမ်းကိုကုန်သည်။ ထို့ကြောင့် ကျန်းမာရေးကဒ် ရထားဖို့လိုသည်။ မရလျှင် အထူးပြဿနာဖြစ်သည်။
ကျန်းမာရေးကဒ်ရပြီဆိုလျှင် အူမချေးခါးမကျန် စစ်ဆေးရသည်။ ခေါင်းခါးခြေလက် လူ့တကိုယ်လုံး မိမိတို့စစ်ဆေးချင်စရာများကို မိသားစုဆရာဝန်အားပြောလိုက်ရုံဘဲလိုသည်။ ပြည်နယ်တိုင်းမြို့တိုင်းမှာ ဘာသာပြန်များရှိရာ ပြဿနာမရှိချေ။ ထို့ကြောင့် ကျန်းမာရေးကဒ်ကို လူတိုင်းရရှိထားဖို့လိုသည်။
သို့သော်လည်း အလုပ်လုပ်ပြီး လစာငွေ ၁၀၀၀ ကျော်ခဲ့ပြီဆိုမှဖြင့် ကျန်းမာရေးကဒ်လည်း အလိုအလျှောက်ပျက်ပြယ်သွားသည်။ အလုပ်ဌာနကသာ ကျန်းမာရေးအတွက် ကျခံခဲ့ခြင်းကြောင့်ပင်။
ထို့အတူ အစားအသောက်ဝယ်ရန်ကဒ်မှာလည်း လစာငွေ ၁၀၀၀ ကျော်ရှိလျှင် မရတော့။ မိမိလစာနှင့် သာဝယ်စားလေတော့။ သဘောမှာ အလုပ်မရခင်စပ်ကြား အစိုးရမှ နေရေး စားရေးအတွက် အထောက်ပံ့ ပေးထားခြင်းသာဖြစ်သည်။ ဤသည်မှာလည်း ၆ လတာကာလအတွက်သာဖြစ်သည်။ ၆ လတာလွန်မြောက်သည်နှင့် အလုပ်ရသည်ဖြစ်စေ မရသည်ဖြစ်စေ အဆိုပါ ထောက်ပံ့ကြေး ပေးတော့မည် မဟုတ်ပေ။
ခလေးငယ်များ ကျောင်းသွားရန်အတွက်မှာမူ အခြေအနေကောင်းများကရှိသည်။ ၁၁ တန်းအောင်သည်အထိ အစိုးရမှ ကလေးအတွက် ကျောင်းစရိတ်ထောက်ပံ့ပေးသည်။ ၁၁တန်းအောင် ကျောင်းသားများအဖို့ ကျောင်းနေလိုလျှင် စကောလားရှစ်ယူပြီး တသက်လုံးကျောင်းတက်။ အလုပ်မလုပ်ဘဲ စကောလားရှစ်၊ အစိုးရထောက်ပံ့ကြေးများ ယူပြီးကျောင်းတက်နေသူများကိုလည်း တွေ့နေရသည်။
အထူးသဖြင့် အလုပ်ကို ဘာဘဲရရလုပ်မည်ဟု စိတ်ကူးနှင့် လာခဲ့သူများမှာ NGOs မှ မည်သို့မျှ အကူအညီမျိုးကို မရသောအခါ အထူးစိတ်ပျက်မှာသေချာသည်။ သူတို့လိမ်တိုင်း ကျလာခဲ့ကြရာ နောင်ကို သတိထားရတော့မည်ဖြစ်သည်။
မရောက်လာကြသေးသော သူများမှာလည်း NGOs တို့၏ ညစ်ပါတ်မှုကို UNHCR နှင့် ညှိနိုင်းရန်လိုသည်၊ IOM နှင့်ညှိနှိုင်းရန်လိုသည်။ မည်သည့်ဂတိကို ပေးနေပေးနေ တည်ရန် လုပ်ယူရန် အရေးကြီးသည်။ ဂတိကို ပါးစပ်ပြောမဟုတ်ဘဲ လက်မှတ်ထိုးပြီး ယူလာရတော့မည့်ပုံ ဖြစ်နေသည်။
အရေးကြီးသည်မှာ မိသားစုဝင်၊ ဆွေမျိုးရှိသူများကို မိသားစုဝင်များရှိရာ နေရာသို့မပို့ဘဲ အခြားဝေးလံသော အရပ်များသို့ ပို့ဆောင်ပေးနေမှုမှာ လူမဆန်မှုဖြစ်သည်။ လူ့အခွင့်အရေးချိုးဖေါက်မှုဖြစ်သည်။
အိန္ဒိယမှ ရောက်လာသော မိသားစုတစုမှာ သူတို့၏ဆွေမျိုးများရှိရာသို့မပို့ဘဲ ပြည်နယ်တခုသို့ ပို့ခြင်းခံရသည်။ ယခုမူ သူတို့မှာ ဆွေမျိုးမျိုးများရှိရာသို့ ကဒ်များစုံသည်နှင့်သွားကြရပြီ။ မလေးမှာလာသောသူတို့မှာ လွန်ခဲ့သောအပါတ်ကပင် ပြောင်းသွားကြပြီ။ အခြားသောသူများလည်း ယင်းအတိုင်းပင်ဖြစ်သည်။ နှစ်ခါ အလုပ်ရှုပ်သည်နှင့် တူနေသည်လည်းဖြစ်သည်။ သည်တော့ သူတို့သည် ဒုက္ခသည်များကို အလိုလိုနှိပ်စက်နေခြင်းဖြစ်သည်။
ကူညီနေကြသူများမဟုတ်။ ဒုက္ခသည်များမှာလည်း မိမိတို့မှာအမေရိကသို့သွားရတော့မည်မို့ မည်သို့မျှ စောဒကမတက်ဝံ့။ သူတို့ပို့သည့်နေရာကိုဘဲ သွားရတော့သည်။
မည်သို့ပင်ဆိုစေ စပွန်ဆာပေးသူများမှာလည်း အလုပ်မရှုပ်ရအောင် မိမိတို့မိတ်ဆွေမျိုးများရှိရာသို့ ပို့ပေးနိုင်အောင် UNHCR နှင့် IOM တို့ကိုသေသေချာချာ ပြောနိုင်ရန်လိုသည်။
ကမ္ဘ့ာနိုင်ငံကြီးတခုဖြစ်သော အမေရိကနိုင်ငံသို့ ဒုက္ခသည်များ လာရောက်ခြင်းသည် သောင်ပြင်မှာလွှတ်သော ခွေးတကောင်ကဲ့သို့ ဖြစ်နေရာ ယင်းမှာUNHCR နှင့် IOM တို့၏ လူ့အခွင့်အရေးတခုကို ချိုးဖေါက်နေမှုပင်ဖြစ်သည်။ အကူအညီများကို ပေးနိုင်သောသူများ ရှိနေပါလျှက် ရောက်အောင်မပို့ဆောင်ခြင်းမှာ လွန်စွာမှ အရုပ်ဆိုးနေသည်။ တချို့ကမပြောရဲဘဲ နေလိုက်ရသောကြောင့် ကံဆိုးမိုးမှောင်ကျကာ ဒုက္ခမျိုးစုံ ခံရင်းနေနေကြရသည်။
ယခုပြောသံကြားနေရသည်။ လေယာဉ်ထွက်မည့်ဆဲဆဲမှာမှ မိမိတို့ သွားရမည့်မြို့ကို သိရသည်ဟု ဆိုခြင်းမှာ မည်သို့မျှ လက်ခံနိုင်စရာမရှိပေ။ နိုင်ငံကြီးတနိုင်ငံသို့လာရောက်မည့် ခရီးစဉ်ကို ကြိုတင်မပြောမဆို ပြုမူနေခြင်းသည် ဒုက္ခသည်များကို လူမဆန်စွာဆက်ဆံနေခြင်းဖြစ်သည်။ မည်သူမဆို ခရီးသွားပြီဆိုလျှင် ကြိုတင်ပြင်ဆင်မှုများ ရှိကြသည်။ ခုတော့ ပေါက်လွတ်ပဲစားလုပ်သလိုမျိုး။
ယင်းကပြုလုပ်လွှတ်လိုက်သော အခြေအနေတို့သည် သည်မှာဘက်မှာ ရိုက်ခတ်စေခဲ့ခြင်း ဖြစ်သည်။
ဘယ်နေရာမှာတည်းခိုသလဲ ဆိုခြင်းကို မဖြေတတ်။
ဘယ်မြို့မှာ နေသလဲ ဆိုခြင်းကို မသိ။
မည်သည့်ရထား စီးလာသနည်း ဆိုခြင်းကို မပြောတတ်။
သို့သော် … သူတို့သည် အဖွဲ့အစည်းများတွင် လုပ်ကိုင်ဖူးသူများဖြစ်သည်။
သူတို့သည် ဘာသာစကားတတ်သူများဖြစ်သည်ဟု ကျွန်တော်ယုံသည်။
သူတို့သည် မိမိတို့ နေသော တည်းသော စီးလာသောရထားနံပါတ်ကို ပြောတတ်ပေလိမ့်မည်ဟု ယုံကြည်သည်။
သူတို့ ယခုလို နှုတ်ဆိတ်နေခြင်း ဆွံ့အနေခြင်းမှာ NGOs နှင့် UNHCR တွေက အလွန်တရာ နှိမ့်ချဆက်ဆံ ပြုမူလိုက်ကြခြင်းဟု ထင်သည်။ မိမိတို့ အနာဂါတ်တွင်နေနေရမည့် ရင်ဆိုင်ရမည့်အခြေအနေမျိုးကို ရှင်းရှင်းလင်း သိရှိနိုင်စေရေးအတွက် ကြိုတင်သိရှိရေးကို တောင်းဆိုတင်ပြရန် အရေးကြီးသည်။
အမေရိကန် နိုင်ငံသို့ လာကြမည့် ဒုက္ခသည်များအဖို့ မည်သူ့ကိုမှ အားကိုးမရ ဆိုခြင်း၊ မည်သူမျှ ရုံးတွေသို့ လိုက်မပို့ဟုဆိုခြင်းကို နားလည်ထားရန်လိုသည်။ ယင်းသို့သိထား၍ မိမိကိုယ်ကို မိမိအားကိုးရာ မှတ်ယူ ကြိုးစားရန် လိုပေသည်။
ခိုင်အောင်ကျော် (စစ်တွေ)
Sunday, October 18, 2009
ဒုက္ခသည်များ ထင်တလုံးနဲ့ မမှားကြစေဖို့ (အပိုင်း ၂)
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment