-->

Wednesday, January 13, 2010

ငရဲခန်းမှ အားမာန်များ

တရွှမ်းရွှမ်းနဲ့ ကြိမ်ချက်တွေ
ငါ့ခန္ဓာပေါ်ကို ကျရောက်လာတဲ့အခါ၊
ငါ့အသားတွေ ကွဲအက်သွားပေမယ့်၊
ငါ့ရင်ထဲက ယုံကြည်ချက်မှာတော့
အက်ကြောင်းတောင် မထင်ဘူးဟေ့။

စူးရှတဲ့ ကျောက်စရစ်ခဲတွေ
ငါ့ဒူးခေါင်းထဲကို စိုက်ဝင်နေတဲ့အခါ၊
အသည်းခိုက်အောင် နာကျင်လှပေမယ့်၊
ငါ့အသည်းထဲက ကမ္ပည်းစာတွေကတော့
ထင်ရှားစွာ ပေါ်လွင်ဆဲပဲဟေ့။

ထက်ရှတဲ့ လက်ထိပ်သားတွေ
ငါ့လက်ထဲကို နစ်ဝင်နေချိန်မှာ၊
လက်အစုံကို မလှုပ်နိုင်ပေမယ့်၊
အတွေးထဲကနေ ဆုပ်ကိုင်ထားတဲ့
လက်သီးဆုပ်မှာတော့ အားမာန်တွေ
ရှိနေဆဲပဲဟေ့။

နေကုန်ရက်ဆက် ညလဲ မနား
မတ်တပ်ရပ်ရင်း စစ်ဆေးခံနေရချိန်မှာ၊
ငါ့ခြေထောက်တွေ ယိမ်းယိုင်နေပေမယ့်
ငါ့ရင်ထဲက ရပ်တည်ချက်ကတော့
မယိုင်မလဲ ခိုင်မာဆဲပဲဟေ့။

ဝဲပျံနေတဲ့ မျဉ်းလုံးတွေနဲ့
ရိုက်နှက်နှိပ်စက်ကြချိန်မှာ၊
ငါ့အရိုးတွေ ကြေမွသွားပေမယ့်၊
အရိုးထဲအထိ မြှုပ်ဝင်နေတဲ့
သူပုန်စိတ်တွေကတော့
မကြေမမွ မပျက်စီးဘူးဟေ့။

ချွန်မြတဲ့ လှံစွပ်ဖျားက
ငါ့နှလုံးသားထဲကို
စိုက်ဝင်သွားချိန်မှာ၊
နှလုံးသွေးတွေ တပွက်ပွက်
ထွက်ပေါ်လာပေမယ့်၊
သွေးထဲမှာ စီးဆင်းနေတဲ့
တော်လှန်ရေးစိတ်တွေက
ရဲရဲနီနေဆဲပဲဟေ့။

စစ်ကြောရေးဆိုတဲ့
ငရဲခန်းတွေနဲ့
တော်လှန်ရေးကို အရောင်ဆိုး၊
ဖျက်ဆီးဖို့ ကြိုးပမ်းကြချိန်မှာ၊
ငါတို့ရဲ့ ကိုယ်ခန္ဓာတွေ
နွမ်းကြေနေပေမယ့်၊
ငါတို့ရဲ့ စိတ်ဓာတ်တွေက
ခိုင်မာဆဲပဲဟေ့။

ခင်မမမျိုး (၁၂၊ ၁၊ ၂၀၀၉)

(စစ်အာဏာရှင်တို့၏ စစ်ကြောရေး ငရဲခန်းများတွင် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ကြရသော ဦးနန္ဒ၀ံသ၊ ကိုရဲခေါင်၊ ကိုမျိုးဟန်၊ ကိုဝေဖြိုး၊ ကိုသန်းထိုက်အောင်၊ ကိုလင်းအောင်သက်၊ ဒေါက်တာဝင့်သူ၊ မချိုချိုသန်း၊ ဦးဇော်ဇော်တို့ အပါအ၀င် စစ်ကြောရေး ငရဲခန်းများကို ဖြတ်သန်းခဲ့ရသော တော်လှန်ရေးသမားများနှင့် ရွာလုံးကျွတ် စစ်ကြောရေးများ ၀င်ခဲ့ကြရသော တော်လှန်ရေးနယ်မြေမှ ပြည်သူများ အားလုံးကို ဤကဗျာဖြင့် ဦးညွှတ်ဂါဝရ ပြုအပ်ပါသည်။)

No comments: