နအဖစစ်အစိုးရက တဘက်သတ်ရေးဆွဲထားသော ရွေးကောက်ပွဲဥပဒေမှာ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဖြစ်သည်။ ၄င်းကို ဒေါ်အောင်ဆန်းစုကြည်က သိသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တိုင်းလည်း သိသည်။ နိုင်ငံတကာကလည်း သိသည်။ ကုလသမဂ္ဂကလည်း သိသည်။လုံခြုံရေးကောင်စီကလည်းသိသည်။ ထို့ကြောင့်လုံခြုံရေးကောင်စီတွင် ဆွေးနွေးရန်တောင်းဆိုနေကြသည်။ ကျွန်တော်တို့အတွက် အားရစရာ ကောင်းလှပါသည်.။ ထိုနည်းတူ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ စိတ်တူကိုယ်တူ ရှိကြစေရန် အတိုက်အခံကြားမှာ ညီညီညွတ်ညွတ် ဆွေးနွေးပြောဆိုနေကြသည်.။ အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၀န်းရံပေးကြရန်ဖြစ်သည်။
မတရာေးသာအမိန့်အာဏာတွေနှင့် တချိန်လုံး လက်နက်အားကိုးဖြင့် အုပ်ချုပ်လာသော စစ်အစိုးရ၏ လုပ်ရပ်များမှာ ယခုအချိန်တွင် နောက်ဆုံးတိုက်ပွဲကို စိန်ခေါ်လာခဲ့ခြင်းဖြစ်သည်။ သို့သော် စစ်အစိုးရက အင်မတန်ကောက်ကျစ်လွန်းလှပါသည်။ လွယ်လွယ်နှင့် လျှော့တွက်၍ မရ။ ယခုလည်းကြည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မတရားအသင်းကြေညာနိုင်ရန် အကောင်းဆုံးပြုလုပ်လိုက်သည်။ ယင်းကား ၂၀၀၈ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လက်ခံကာကွယ်ပါမည်ဟု လက်မှတ်ရေးထိုးရမည်ဖြစ်သည်၊ သို့သော် မှတ်ပုံတင်မည့်နိုင်ငံရေးပါတီများတွင် နိုင်ငံရေးအကျဉ်းသားများ ထောင်ကျနေလျှင် အဖွဲ့ဝင်အဖြစ်မပါစေရ။ နောက်ဆုံး အယူခံထားသူများပင်မပါစေရ။ ဆိုရလျှင် ယင်းဥပဒေအချက်နှင့် အလွန်ကိုက်ညီနေသူမှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်နေသည်။
ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်မည်လား ဆိုသည်ကို စောင့်ကြည့်နေကြသည်။ အခြားသောစစ်အစိုးရကို ထောက်ခံသူများ၊ ရွေးကောက်ပွဲကိုဝင်မည်ဟု ပြောဆိုနေသောသူများကိုလည်းဒီမိုကရေစီအတိုက်အခံများက ဝေဖန်ပြောဆိုနေကြသည်။ စစ်အစိုးရ၏ ဂတိမတည်မူကို အကြောင်းပြု၍ ယခုရွေးကောက်ပွဲသည်လည်း အာဏာလွှဲပြောင်းပေးမှာ မဟုတ်ကြောင်း ပြောဆိုပြကြသည်။ လွှတ်တော်အထဲမှာပင် စကားတခွန်းကိုမျှ ပြောဆိုပိုင်ခွင့် ရှိမည်မဟုတ်ကြောင်းကိုလည်း ရည်ညွှန်းပြောဆိုကြသည်။ တနည်းအားဖြင့် နိုင်ငံရေးပါတီများ၏ တောင်းဆိုနေသောရွှေဂုံတိုင်ကြေညာစာတမ်းပါ အချက်အလက်များကို ပယ်ချထားသောကြောင့် စစ်အစိုးရ၏ ရွေးကောက်ပွဲကို ၀င်ရောက်ရန်မသင့်ဟု ကြေညာထားကြသည်။
၉၀ ခုနှစ်ရွေးကောက်ပွဲမှာ အနိုင်ရရှီခဲ့သော တိုင်းရင်းသားပါတီများကမူ ပြတ်သားစွာ ကြေညာထားကြပြီးဖြစ်သည်။ ၉၀ခုနှစ်ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ထားမူကြောင့် မှတ်ပုံမတင်ဟု တညီတညွတ်တည်းဆိုသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ မညီမညွတ်သံတွေ ကြားလာရသည်။ နှစ်ခြမ်းကွဲသောအသံတွေ ထွက်လာသည်။ ကျွန်တော်တို့လည်းစိုးရိမ်သည်။ အကယ်၍ မှတ်ပုံတင်မည်ဟု ဆိုလျှင်ဖြင့် ပြည်သူတို့၏တံထွေးခွက်ထဲ ပက်လက်မျောပြီ။ လူတွေရွံရှာသွားကြမည်ဟု ရေးသားတင်ပြကြပြီးပြီ။ သတိပေးကြသည်။ မေတ္တာရပ်ခံကြသည်။ တောင်းဆိုကြသည်။ စင်စစ်ယင်းအကြောင်းအရာများကို ဒေါ်အောင်ဆန်းစုကြည် ကြားသည်။မြင်သည်၊ သိသည်။ နားလည်သည်။ ပြည်သူလူတုများ၏ ရင်တွင်းခံစားချက်များကို စာနာလိမ့်မည်ထင်သည်။
မနေ့က ဦးဥာဏ်ဝင်းနှင့်တွေ့တော့ ဒေါ်အောင်ဆန်းစုကြည်က ရှင်ရှင်းလင်းလင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ စစ်အစိုးရ၏ မတရားအမိန့်ထုတ်ထားသော ရွေးကောက်ပွဲဥပဒေအောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် မည်သည့်အခါမျှ ပါတီမှတ်ပုံတင်မည်မဟုတ်။ ဆန္ဒလည်းမရှိ။ အဖွဲ့ချုပ်အတွင်း အမိန့်ပေးခြင်းလည်း မဟုတ်သလို ညွန်ကြားချက်လည်း မဟုတ်ဟု ပြောဆိုလိုက်ရာ ကျွန်တော်တို့၏ စိတ်ထဲမှာ ကြေနပ်အားရမူ အတိုင်းမသိဖြစ်သွားရသည်။ ဒီမိုကရေစီခေါင်းဆောင် တဦးပီပီ နိုင်ငံရေးအကြမ်းမဖက်ဘဲ စစ်အစိုးရ၏ မတရားသော အမိန့်အာဏာကို တာဝန်အရ ဖီဆန်လိုက်ခြင်းမှာ စစ်အစိုးရအဖို့ အထိနာစေလှပါသည်။ ခဲတလုံးဖြင့်ငှက်နှစ်ကောင် ပစ်သော စစ်အစိုးရသည် ၂၀၀၈ ဖွဲ့စည်းအုပ်ပုံအခြေခံဥပဒေလည်းတည်စေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်လည်း ထွက်သွားစေသဘောမျိုးဖြင့် ပစ်လိုက်သော်လည်း သူတို့ထင်သလို အထိနာသည်ကား ဒေါ်အောင်ဆန်းစုကြည် မဟုတ်။ စစ်အစိုးရဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် လာမည့် ၂၉ ရက်နေ့တွင် မှတ်ပံတင်သင့် မတင်သင့် ဆုံးဖြတ်ချက်ချကြမည်ဖြစ်သည်။ ယခုဒေါ်အောင်ဆန်းစုကြည်က မှတ်ပုံမတင်သင့်ကြောင်း မဲပေးလိုက်ပြီဖြစ်သည်။ အဖွဲ့ချုပ်အတွင်း ဒီမိုကရေစီနည်းအရ မဲပေးကြမည်ဖြစ်ရာ ယခုအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စည်းလုံးညီညွတ်မူများကို တွေ့မြင်ကြရတော့မည်ဖြစ်သည်။ သည်တော့ အဖွဲ့ချုပ်အတွင်းမှာ စည်းရုံးညီညွတ်မှုများ ရှိကြပါသလားဟု တွက်ဆစရာ ရှိလာသည်။ စစ်အစိုးရ၏ မှတ်ပုံတင်ရန် ကြေညာခြင်းကို ဥက္ကဌကြီး ဦးအောင်ရွှေက သေရာမှ ထလာပြီးမှတ်ပုံတင်သင့်ကြောင်း လာရောက်ပြောဆိုသွားကြောင်း ကြားရသည်။ ယင်းအချိန်ကပင် ကွဲသံပြဲသံတွေ ထွက်လာသည်။
ယခုဒေါက်တာသန်းငြိမ်းက မှတ်ပုံတင်သင့်သည်ဟု ဆိုသည်။ ပါတီရပ်တည်သင့်သည်ဟု ဆိုသည်။ ပါတီကို အနှစ်ဆယ်လုံးလုံး ရပ်တည်ထားသောကြောင့် မှတ်ပှံတင်ရန်လိုသည်ဟု ပြောဆိုသည်။ မှတ်ပုံမတင်သင့်ဟု ယုံကြည်သူများက ထွက်ခွါသွား၍ ရသည်ဟု ဆိုသည်။ တနည်းအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မှတ်ပုံတင်၍ နိုင်ငံရေးပါတီအဖြစ် ရပ်တည်မည်ဖြစ်သောကြောင့် ယင်းဆိုင်းဘုတ်၏ အောက်မှာ မနေလိုသူများ ထွက်သွား၍ ရသည်ဟု ဆိုသည်။ သို့ဆိုလျှင် ဒေါက်တာသန်းငြိမ်း၏ အမြင်အရ ဒေါ်အောင်ဆန်းစုကြည်မှာ အဖွဲ့ချုပ်မှ ကင်းကွာသွားရတော့မည်ဟုပြောဆိုသလိုဖြစ်သည်။ သူတို့ကပင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုင်းဘုတ်ကိုရရှိမည်ထင်နေသည်။ ဒေါက်တာသန်းငြိမ်းပြောသောစကားမှာ အလွန်ရယ်စရာကောင်းလှသည်။ နိုင်ငံရေးအတွေးအခေါ်တစက်မျှ မပါ။အောက်တန်းကျလွန်းသည်။
ဤနေရာမှာ တက်တက်စင်လွဲမှားသွားသူမှာ ဒေါကတာသန်းငြိမ်းတို့ အုပ်စုဖြစ်သည်။ ရွေးကောက်ပွဲတွင် မှတ်ပုံတင်ရန်မသင့်ဟု မဲပေးကြသူများက အနိုင်ရရှိခဲ့လျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် စစ်အစိုးရနှင့် ရင်ဆိုင်ရုံဘဲ ရှိသည်။ မှတ်ပုံတင်ရန်သင့်သူသည်ဟု ယုံကြည်သူများက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထွက်ခွါသွားရလိမ့်မည်။ အကယ်၍ မ၀င်သင့်ဟု ဒေါ်အောင်ဆန်းစုကြည်က မဲပေးသကဲ့သို့ မဲပေးသူများက ရှုံးနိမ့်ခဲ့လျှင် ဒီမိုကရေစီနည်းအရ အဆုံးအဖြတ်ခံမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောထားသည်။ အဖွဲ့ချုပ်အတွင်းမှ ထွက်ခွါသွားရန်မလို။ သည်တော့ ရှင်းနေသည်။ သို့သော်တခုတော့ရှိသည်။ ဤနေရာ၌မှတ်ပုံတင်ရန်လိုလားသူများက ရှုံးနိမ့်သွားခဲ့လျှင် အဖွဲ့ချုပ်အတွင်းမျ ထွက်ခွါသွားရန်လိုသည်။ အဘယ်ကြောင့်ဆိုသော် နအဖစစ်အစိုးရသည် မှတ်ပုံတင်သောပါတီစာရင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါလာကြောင်းကို
အရှက်သိက္ခာမဲ့စွာ ကြေညာသည့်အခါတွင်မှာလည်း နိုင်ငံတော်၏ စိတ်ရင်းစေတနာကို သိမြင်နားလည်လာသောကြောင့် နိုင်ငံတော်အား စည်းကမ်းရှိသော ဒီမိုကရေစီနည်းအရ ဖွံ့ဖြိုးတိုးတက်ရန်ရည်သန်ပြီး ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ြ့ပိုင်လာမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား လိုလေသေးမရှိကူညီထောက်ပံ့ ပေးမည်ဖြစ်ကြောင်း ကြေညာသွားမည်ဟု ဒေါက်တာသန်းငြိမ်းတို့ ထင်ချင်ကောင်းထင်နိုင်သည်။ တွေးကောင်းတွေးနေလိမ့်မည်။
ယခုအချိန်လောက်ပင် မှတ်ပုံတင်ရန်ပြောဆိုနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပုဂ္ဂိုလ်များက အခွင့်အရေးများ ရနေကြပြီလားမပြောတတ်။ မည်သို့ပင်ဆိုစေ အဖွဲ့ချုပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွန်မှုအောက်မှာ တစည်းတရုံးတည်း ရှိကြမည်ဟု ထင်သည်။ လက်တဆုပ်စာလောက်က မှတ်ပုံတင်ရန်လိုလားသော သူများသည် ဒေါ်အောင်ဆန်းစုကြည်၏ ထမီစွန်းကိုကိုင်ကာ ခြေဆန့်ခဲ့သူများဖြစ်ရာ သူမနှင့် ကင်းကွာသွားပြီဆိုသည်နှင့် နိုင်ငံရေးရေစုံမျောပြီဖြစ်သည်။ ကနေ့မြန်မာ့နိုင်ငံရေးအခြေအနေသည် ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ တည်နေသည်။ ကမ္ဘာ့စောင့်ကြည့်နေမူသည် ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင်သာ တိုက်ရိုက်ရိုက်ခတ်မူဖြစ်သည်။ အခြားမည်သူနှင့်မျှ မပါတ်သက်ချေ။
ရွှေဂုံတိုင်ကြေညာစာတမ်းကို ကိုင်စွဲထားသော ပုဂ္ဂိုလ်များက ရွှေဂုံတိုင်ဌာနချုပ်က ထွက်ခွါသွားစရာမလို ရှင်းနေသည်။ မှတ်ပုံမတင်သင့်သောကြောင့် မတင်ဟု နေသောသူများကို အတင်းအဓမ္မတင်ပါဟု မည်သူမျှပြော၍ တိုက်တွန်းလို့မရ။ ယင်းပုဂ္ဂိုလ်များကနိုင်ငံရေးသမားများဖြစ်သောကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် နေ့စဉ်ရုံးတက်နေကြ လှုပ်ရှားနေကြမည်ဖြစ်သည်။ မှတ်ပုံတင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တွင် ထောင်ကျနေသာသူနှင့် အယူခံနေသောသူတို့ မလာရောက်သော်လည်း အခြားသောသူတို့မှာ နေ့စဉ်ရုံးသို့ လာရောက်နေလိမ့်မည်ဖြစ်သည်။ သို့သော် ရုံးတက်နေခြင်းသာဖြစ်သည်။ အစာကြေကြလိမ့်မည်တော့ ဘယ်နည်းနှင့်မျှ ဖြစ်လာစရာ အကြောင်းမရှိတော့။ အစာမကြေလျှင် ယင်းအဖွဲ့ချုပ်၏နိုင်ငံရေးမှာ ဇတ်သိမ်းမလှဖြစ်သွားလိမ့်မည်။
ရွေးကောက်ပွဲကို မယုံကြည်သောသူများနှင့် ယုံကြည်သောသူတို့ ပေါင်းစပ်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၉၀ ခုနှစ် ရွေးကောက်ပွဲကဲ့သို့ တနိုင်ငံလုံးကို မလွှမ်းခြုံနိုင်။ မြို့နယ်အနည်းငယ်လောက်တွင် ရရှိနိုင်သော်လည်း သိက္ခာကမူ တပြားတချပ်ရကြမည် မဟုတ်ချေ။ သည်လိုဆိုလျှင် တစညတို့နှင့် ပူးပေါင်းပြီး လုပ်ကိုင်ခြင်းသည်ပင် အကောင်းဆုံးဖြစ်မည်။ အချိန်မကုန် လူမပင်ပမ်း ထောင်မကျသော နိုင်ငံရေးသမားများ ဖြစ်သွားနိုင်သေးသည်။ သို့သော် စစ်အစိုးရသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဤအတိုင်းပေးလွှတ်မည်ဟု မထင်မိ။ အကြောင်းမှာ မြန်မာ့နိုင်ငံရေးလောကတွင် ဤအဖွဲ့ချုပ်ရှိနေ၍ ဒေါ်အောင်ဆန်းစုကြည် ရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည် ရှိနေ၍ ဤအဖွဲ့ချုပ် ရှိနေသည်ကို နားလည်ပြီးသား။
သည်တော့ မှတ်ပုံမတင်သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သူတို့လိုလားနေသည်။ ထို့ကြောင့်လည်း ရွေးကောက်ပွဲဥပဒေကို ထုတ်ထားရာ၌ ဖေါ်ပြထားပြီးဖြစ်သည်။ ကံအားလျှော်စွာ ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ပုံမတင်သင့်ကြောင်း ပြောဆိုသောစကားများကို နအဖစစ်အစိုးရက ကြားပြီးနေပြီ။ စစ်အစိုးရက မည်သို့ဦးတည်လာမည်နည်း။ မှတ်ပုံမတင်လျှင် မတရားအသင်းအဖြစ်ကြေညာတော့မည်ဖြစ်သည်။ ပါတီရုံးမရှိသည်နှင့် နိုင်ငံရေးပါတီမရှိသည်နှင့် ဒေါ်အောင်ဆန်းတို့ နိုင်ငံရေးမှာ သေ၍မသွား ။ ရပ်တန့်မသွား။ ယခုလည်း ထူးခြားသည်ကားမဟုတ်။ ရုံးခမ်းတွေကို ပိတ်ထားသည်မှာ နှစ်လတွေ ကြာလှခဲ့ပြီ။ ရုံးခန်းမရှိဘဲ နိုင်ငံရေးလုပ်နေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ယခုတိုင်အောင် တည်တန့်ရပ်တည်နေသည်မှာ ဒေါ်အောင်ဆန်းစုကြည်မျက်နှာကြောင့်ဖြစ်သည်။
ဆိုရလျှင် စစ်အစိုးရက မတရားအသင်းအဖြစ် ကြေညာ၍ ဖျက်သိမ်းလိုက်က အမျိုးသာဒီမိုကရစီအဖွဲ့ချုပ်မှာ မြန်မာနိုင်ငံတွင် ပျောက်ကွယ်သွားပြီဖြစ်သည်။ အဖွဲ့ချုပ်အတွင်းတွင် မှတ်ပုံတင်သင့်ပါသည်ဟု စစ်အစိုးရအကြိုက်ပြောဆိုခဲ့သော ပုဂ္ဂိုလ်တို့မှာ ယောင်ရမ်းပြီး မှတ်ပုံ့မတင်မိဖို့လိုသည်။ အဘယ့်ကြောင့်ဆိုသော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မတရားအသင်းအဖြစ် ကြေညာထားပြီးဖြစ်သည်။ ဤအချက်ကိုနားလည်ရန်လိုသည်။ ဒေါ်အောင်ဆန်းစုကြည်တို့ကမူ တွက်ချက်ထားပြီးဖြစ်သည်။ မှတ်ပုံမတင် စစ်အစိုးကဖျက်လျှင် ပျက်သွားသောတရားဝင်အဖွဲ့ချုပ်ကို ဆက်လက်ရှင်သန်အောင် လုပ်သွားမည်။ နိုင်ငံရေးလုပ်လိုသော ဆန္ဒရှိရန်သာလိုသည်။ ပါတီရှိရပ်တည်ရန် အရေးမကြီး။ နိုင်ငံရေးလုပ်ငန်းက အရေးကြီးသည်ဟု ကြေညာထားပြီးပြီ။
ခုတော့ စစ်မျက်နှာနှစ်ခုကို တချိန်ထဲ ကြေညာလိုက်နိုင်ပြီဖြစ်သည်။ နဂိုလ်ကတည်းကမှ အားမရလှသော ဒေါ်အောင်ဆန်းစုကြည်မှာ ယခုအချိန်တွင် အဖွဲ့ချုပ်အတွင်းမှ ပုဂ္ဂိုလ်များ၏မျက်နှာကို ခွါချပြနိုင်တော့မည်ဖြစ်သည်။ နှစ်ပေါင်းနှစ်ဆယ်လုံးလုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပေါ်လစီများကို လက်ဝါးကြီးအုပ်ထားသူများ၏ မှားယွင်းစွာကိုင်တွယ်နေမူကြောင့် ပြည်သူတို့ နစ်နာသွားကြရသည်။ သို့ပေမင့်ခွင့်လွှတ်နိုင်ခဲ့ကြသည်။ အကြောင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်မြတ်နိုးကြ၍ဖြစ်သည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံကြရတော့မည်။ စိန်ခေါ်လိုက်သော စစ်အစိုးရကို အေးအေးဆေးဆေး ပြောလိုက်သော စကားမှာ စစ်အစိုးရအဖို့ အရှိုက်ကို ထိစေလွန်းသည်။
နအဖစစ်အစိုးရအနေဖြင့် ရွေးကောက်ပွဲဥပဒေကို ချက်ချင်းပြုပြင် ပြောင်းလဲရုံမှတပါး အခြားမ၇ှိ။ အကြောင်းမှာ မှတ်ပုံမတင်လျှင် အဖွဲ့ကို ဖျက်သိမ်းရန်သတ္တိရှိဖို့ လိုနေသည်။ သူတို့ဆင်ထားသော သတ်ကွင်းကိုမလာသောကြောင့် သူတို့ စစ်မျက်နာ ပြောင်းကြရတော့မည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဒေါ်အောင်ဆန်းစုကြည်တို့က ရှစ်လေးလုံးဒီမိုကရေစီအရေးအခင်းကာလတွင် မွေးဖွားစေခဲ့သည်။ ဤအဖွဲ့ချုပ်ကို သူတို့လက်နှင့် ဖွဲ့စည်းခဲ့သည်မို့ သူတို့လက်နှင့်ပင်ဖျက်လိမ့်မည်မဟုတ်။ ဖျက်ဆီးချင်သည့်သူများလည်း မဟုတ်ကြ။ အသက်နှင့်လဲ၍ ဘ၀နှင့်လဲ၍ ကာကွယ်ကြသူများသာဖြစ်သည်။ စင်စစ်ဖျက်သိမ်းရမည့်သူမှာ စစ်အစိုးရသာဖြစ်သည်။ ထို့ကြောင့် စစ်အစိုးရမှာ နည်းလမ်းနှစ်လမ်းသာ ရှိသည်။ ယင်းကား ဖျက်သိမ်းကြောင်းကြေညာရမည်ဖြစ်သည်။ သို့မဟုတ်နောက်တနည်းကား ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်ရမည်။
တချိန်ထဲမှာ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဟိုမရောက်ဒီမရောက် ပုဂ္ဂိုလ်များမှာလည်း အဖွဲ့ချုပ်အတွင်း မဲခွဲဆုံးဖြတ်ရာ၌ မုချအရှုံးနှင့်ရင်ဆိုင်သွားမည်ဖြစ်သည်။ ယင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏နောက်မှာ ပြည်သူတွေဝန်းရံနေကြသည့်အတွက်ဖြစ်သည်။ ပြည်သူတွေဆိုသည်မှာ မြန်မာနိုင်ငံအတွင်းမှချည်းမဟုတ်။ ကမ္ဘာတ၀ှမ်းလုံးမှ ဒီမိုကရေစီမြတ်နိုးသောသူများဖြစ်သည်။ ယခုအဖွဲ့ချုပ်ရပ်တည်နေသည်မှာ ပြည်တွင်းရော ပြည်ပမှာပါ ဒေါ်အောင်ဆန်းစုကြည်မျက်နှာကြောင့်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာလွဲခြင်းခံရသောသူတို့မှာ အမိမဲ့သား ရေနည်းငါးလို ဖြစ်သွားမည်မှာ သေချာသည်။ တိတိကျကျ ပြောရလျှင် မှတ်ပုံတင်ရန်လိုလားနေသောသူများသည် ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀ကိုပုံ၍ပေးထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်မတန်။ ရွှေဂုံတိုင်ကြေညာစာတမ်းကို ကိုင်စွဲထားခဲ့သော ယင်းပုဂ္ဂိုလ်တို့မှာ ရွှေဂုံတိုင်နှင့် ဝေးကွာသွားပြီဖြစ်သည်။
စစ်မျက်နှာနှစ်ခုကို ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါပြီ။ မတရားအမိန့်ကို ဖီဆန်လိုက်ပြီဟု ပြောသလို အဖွဲ့ချုပ်အတွင်းမှ ပုဂ္ဂိုလ်တို့ကိုလည်း ကိုယ့်လမ်းကိုယ်လျှောက်ရန် ရွေးချယ်ပေးလိုက်ပြီးပြီဖြစ်သည်။ သို့လင့်ကစား ဒေါ်အောင်ဆန်းစုကြည်တို့မှာ ဒီမိုကရေစီမှတ်တိုင်သို့ ခရီးဆက်လက်ချီတက်မြဲဆိုသည်ကိုတော့ အကြွင်းမဲ့ယုံကြည်မိပါသည်ဟု ဆိုရလျှင် လွန်အံ့မထင်။
ခိုင်အောင်ကျော် ( နယူးယောက် )
အညာနွေတမာမြေ
Wednesday, March 24, 2010
စစ်မျက်နှာနှစ်ခုကို တချိန်ထဲမှာ ကြေညာရသော ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီစိတ်ဆန္ဒ
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
2 comments:
ဒီPOSTကိုဖတ်ပြီးနည်းနည်းစိတ်သက်သာရာရသွား
တယ်။
Post a Comment