-->

Saturday, May 1, 2010

ကျုပ်တို့အရပ် ကျုပ်တို့ဇာတ်

ကျုပ်တို့ရွာဟာ ဧရာဝတီနဲ့ ချင်းတွင်းမြစ်နှစ်မွှာဆုံရာ အောက်နားလေးက အောင်သာရွာပါ၊ ဒီရွာမှာ နှစ်စဉ် ပြာသိုလဆန်းရောက်တိုင်း ရွာဘုရားပွဲကျင်းပပေမဲ့ ဇာတ်ပွဲမငှားပဲ မင်းသမီး ၂လက်လောက်နဲ့ ဇာတ်ဂွင်တွေကိုငှားပြီး အရပ်ပြဇတ်ကနေကျ ဖြစ်ပါတယ်။ တနှစ်မှာတော့ တမျိုးဆန်းအောင်ဆိုပြီး တီးဝိုင်းပါငှား စတိတ်ရှိုးလုပ်ကြတာပေါ့။



စတိတ်ခုံဆောက်တော့ ရွာက ကာလသားတွေဗျာ ပရိတ်သတ်ဘက်ကို နည်းနည်းနိမ့်ထားပြီး နောက်က နည်းနည်းလေးမြင့်ထားတယ် စတိတ်ခုံ နိမ့်လျောလေးဖြစ်အောင် ဆောက်ခိုင်းတယ်ဗျ။



ဘာလို့အဲလိုဆောက်သလဲ မေးကြည့်လိုက်။ တနှစ်လုံး ဖင်ထဲ ရွံ့တခွဲသားဝင်အောင် ကုန်းရုန်းရှာပြီး ၀ယ်ထားတဲ့ ၂ထောင်တန် ဝေါကနဲရှုးဆိုတဲ့ ဘွတ်ဖိနပ်တွေကို တနှစ်တခါမှ လူ့ရှေ့သူ့ရှေ့စီးရတာမို့ ပရိတ်သတ်မြင်အောင်လို့တဲ့ဗျာ အဲလောက်ဥာဏ်ကြီးတယ်။



ဘုရားပွဲနေ့ လာပြီဗျာ။



တယောက်ပြီး တယောက် ဆိုကြရင်း ရွာထဲက အပျိုမှန်သမျှ သူမပိုးဖူးသူ မရှိတဲ့ လူပျိုသိုးကြီး ကိုအောင်ငွေအလှည့်။ ချစ်ကောင်းရဲ့ အိုး သွားစမ်းပါ မာယာတွေရိုးနေပြီကွာ ဆိုတဲ့ သီချင်း ကို ဆိုတယ်ဗျ။



ဘောင်းဘီလက်ရှည်နဲ့ မိတ်ကပ်က ပြာဟောက်နေအောင်လူးထားပြီး ညဖက်ကြီးမှာ နေကာမျက်မှန်အနက်ကြီးတပ် တက်လာလေရဲ့။ တေးသရုပ်ဖေါ်ကပါသေးတယ်ဗျ။



ခွေးလေးကိုကြိုးနဲ့ဆွဲကာ ခေါ်သွားမလား လို့ ဆိုရင်း ခွေးပိန်လေးတကောင်ကို နဖားကြိုးဟောင်းနဲ့တပ်ပြီး ဆွဲလာလေရဲ့။ ခွေးက စတိတ်ခုံပေါ် မလိုက်ချင်လို့ ယက်ကန်ယက်ကန်နဲ့။ ဒါကိုဇွတ်ဆွဲလာတယ်။ စတိတ်စင်ကလည်း ရှေ့ကို လျှောထားတော့ သူ့ခင်မျာ သီချင်းကလည်း မမှားအောင်ဆိုရ။ ခွေးကိုလည်း တဖက်က ထိန်းရ။ စီးနေကျ မဟုတ်တဲ့ ဝေါကနဲ့ရှူးနဲ့ ရှေ့ကို ချော်မကျအောင်လည်း ထိန်းရနဲ့ ဗျာများနေလေရဲ့။



နောက်ကျောမှာလည်း ဗကပ ကျောပိုးအိတ်ကြီးလည်း ပိုးထားသေးသဗျ။ အဓိပ္ပါယ်ကတော့ သီချင်းထဲကစာသားအတိုင်း ကျောပိုးအိပ်လေးထဲထည့်ကာလွယ်သွားမလားပေါ့။ ဂလိုဂလို ။



ပရိတ်သတ်ကလည်း တ၀ါးဝါးပေါ့ ၁၀၀ တန်ဆယ်ရွက်လောက်ကို အပ်ချီကြိုးနဲ့သီပြီး တက်စွပ်သူကစွပ် ပန်းကုန်းတက်စွပ်သူကစွပ်နဲ့ပေါ့ဗျာ။ သူ့အလှည့်ပြီးသွားတော့ မဲနှိုက်ထားတဲ့အတိုင်း လာပြီ နောက်တယောက်။



သတိမေ့တတ်တဲ့ ဖိုးနိုင်။ သူဆိုမှာက သန်းထွန်းလေးရဲ့ မွေးဌာနီသီချင်း။ တွံတေးသိန်းတန်ဟန်နဲ့ တိုက်ပုံအကျီ အ၀ါနဲ့ ပုဆိုးရွှေရောင်ရခိုင်လုံခြည် ၀တ်ပြီးတက်လာပြီ။ တိုက်ပုံရင်ဘတ်မှာလည်း နှင်းဆီပန်းနဲ့ဘာနဲ့။ အင်္ကျီပြင် ထုတ်ဝတ်ထားတဲ့ လက်သန်းလောက်ရှိတဲ့ ဆွဲကြိုးကြီးကလည်း ရင်ဘတ်မှာ တ၀င်းဝင်းနဲ့ဗျ။



လက်ထဲက သီချင်းစာသားမေ့မှာကြောက်လို့ ယူလာတဲ့ စာရွှက်ကို စတိတ်ပေါ်တက်ခါနီး တခါကြည့်ပြီး လာလေရဲ့။ သီချင်းစာရွက်ကို စတိတ်ပေါ်ရောက်တော့ တိုက်ပုံအိပ်ထဲ မှင်သေသေ ထိုးထည့်လိုက်တယ်။



မွေးဌာနီ အညာရပ်ဆီသို့ မျှော်ရည်ရော်မှန်း စိတ်ဝယ်တန်းတ မှန်းဆပါသည် တမ်းတပါသည် ……. အမယ် အဟုတ်ဗျ သန်းထွန်းလေးသာရှိရင် ငိုတောင်သွားအုံးမယ်။ ပရိတ်သတ်ကလက်ခုပ်တီး သူကလည်း ဟန်ပါပါနဲ့ လက်တွေပြနှုတ်ဆက်လို့ …



ဆိုရင်း ဆိုရင်းကနေဗျာ … လက်ပံပွင့်တွေ လေအတိုက်ကြွေကြတဲ့တခါ တ၀ဲဝဲ ၀ဲလည် လေယာဉ်ပမာ …ဆိုတဲ့ နေရာရောက်တော့ သူမေ့ပြီ အပွင့်တော့အပွင့်ပဲ ဘာပွင့်မှန်းမသိဘူး စဉ်းစားပြီးချွေးပြန်နေပြီ။



ကီးဘုတ်တီးတဲ့သူကလည်း ခေါင်းငြိမ့်ပြီး ဆိုဖို့အချက်ပေးလေလေ သူစဉ်းစားမရလေ ဖြစ်နေရော …



ကီးဘုတ်က တတိန်တိန်မြည်လိုက် သီချင်းဆိုမယ့်သူကို စောင့်လိုက်နဲ့ ခနခနဖြစ်နေတော့ သူ့သား သတိမေ့တတ်တာကိုသိတဲ့ အဖေလုပ်သူ ၀ါသနာအိုးက အိမ်ကကြိုတင်ယူလာတဲ့ လက်ပံပွင့်ခြောက်ကို စင်ပေါ်ပစ်ပေးလိုက်တယ်ဗျ။ သူ့သားဒီအပွင့်မြင်ရင် အိုကေပြီပေါ့။



ဖိုးနိုင်က ကပျာကယာ ကောက်ယူလိုက်ပြီး စဉ်းစားပေမဲ့ အဖြေပေါ်ဟန် မတူဘူးခင်မျ။



ကီးဘုတ်တီးတဲ့သူကလည်း သူသီချင်းမေ့နေမှန်းသိလို့ မှေးခေါ်ပြီး ပြန်တီးပေးတော့ ဒီသီချင်းအလိုက်လဲရောက်ရော ဖိုးနိုင် တယောက် လက်ထဲက လက်ပံပွင့်ခြောက်လေးကို ဟန်ပါပါ မြှောက်ရင်း အားပါးတရ ဆိုချလိုက်တာက



ဟောသလို အပွင့်တွေ လေအတိုက် ကြွေကြတဲ့အခါ တ၀ဲလဲ ၀ဲလည်လေယာဉ်ပမာ တဲ့



Rest of your post
အညာနွေတမာမြေ

No comments: