အန်အယ်လ်ဒီပါတီအပေါ်ကို မေလ ၆ ရက်ထိသစ္စာရှိပါ့မယ်ဆိုတဲ့ ဦးခင်မောင်ဆွေတို့ရဲ့ NDF အဖွဲ့ ပေါ်လာတာဟာ အစကတည်းကိုကစိတ်ကူးရှိခဲ့လို့ပါ၊ မတ်လ ၂၉၊ ၃၀ ပါတီမှတ်ပုံမတင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက် နောက်ပိုင်းမှာ စတာမဟုတ်ပါဘူး။ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ မပေါ်ခင်ကတတည်းက ဒေါက်တာသန်းငြိမ်းနဲ့ ဦးခင်မောင်ဆွေတို့က ထောင်ကထွက်လာကတည်းက စပြီး တည်ထောင်တယ်လို့ ပြောလို့ရပါတယ်။ ဘာကြောင့် ဒီလိုပြောရလဲဆိုလို့ရှိရင် ထောင်ကျတဲ့ NLD တွေဟာ ထောင်ကထွက်လာတော့ အမျိုးအစား လေးငါးမျိုးနဲ့ ထွက်လာတာကို တွေ့ရလို့ပါ။
နံပါတ် ၁ က ထောင်ထဲမှာပြတ်သားတယ်။ ထွက်လာတာလည်း ပြတ်သားတယ်။ ပါတီမှာလည်း ဆက်ပြီး တာဝန်ယူတော့ ပြတ်ပြတ်သားသား ဆက်ပြီး တာဝန်ယူတယ်။ ဥပမာပြောရရင် ဦးဝင်းတင်လို လူမျိုးပေါ့။
နံပါတ် ၂ က ထောင်ထဲမှာလည်း ပြတ်ပြတ်သားသား ရပ်တည်တယ်။ ထွက်လာတော့လည်း လက်နက်မချဘူး ပြတ်သားတယ်။ ပါတီကိုလည်း တာဝန်ယူတယ်။ ဒါပေမယ့် မိသားစုရဲ့ ချုပ်ကိုင်မှုကြောင့် မိသားစုရဲ့ ခွင့်ပြုမှုမရလို့ သူတို့ ပြတ်ပြတ်သားသား မလုပ်ရဲတဲ့ လျှိုသွားတဲ့ ပျော့သွားတဲ့ NLD ခေါင်းဆောင်တွေလည်း ရှိတယ်။
နံပါတ် ၃ က ထောင်ထဲမှာကတည်းက စိတ်ဓာတ်ကျပြီးတော့ အစိုးရနဲ့ ဆက်စပ်ပြီးတော့ လက်နက်ချ ထွက်လာတဲ့သူလည်း ရှိတယ်။ ထောင်ကထွက်လာပြီးတော့ အပြင်မှာ ပြန်တာဝန်ယူတယ်။ ဒါပေမယ့်လည်း NLD ကို ပျက်အောင် ဖျက်မယ်တို့ နအဖ အစိုးရ အလိုကျ အကြိုက်ဖြစ်အောင် အားထုတ်တဲ့ အစီစဉ် ပါလာအောင် အားထုတ်တဲ့သူတွေဖြစ်တယ်။
နံပါတ် ၄ က ထောင်ထဲမှာလည်း စိတ်ဓာတ်ကျ လက်နက်ချ ထွက်လာတယ်။ ထွက်လာတော့လည်းပဲ စိတ်ဓာတ်ကျပြီးတော့ အပြင်ရောက်တဲ့အခါမှာ နိုင်ငံရေး မလုပ်တော့ပဲနဲ့ ဘာမှလည်း တာဝန်မယူတော့ပဲနဲ့ ထိုင်နေတဲ့သူတွေလည်း ရှိတယ်။
နောက်ထပ် တစားတွေ့ရတာက ဘာလည်းဆိုတော့ ထွက်လာတုန်းကလည်း လက်မှတ်မထိုးပဲနဲ့ ထွက်လာတယ်။ လုပ်တာလည်း လုပ်တယ်။ ဒါပေမယ့် နောက်ထပ် ထောင်ပြန်ကျမှာကို ကြောက်တဲ့ လူစားမျိုးဆိုပြီ ရှိပါတယ်။
အဲ့လိုမျိုး အတန်းအစားတွေရှိတဲ့နေရာမှာ ဒေါက်တာသန်းငြိမ်းတို့က နံပါတ် ၃ အမျိုးအစားဖြစ်တယ်။ ဒါဟာ စွတ်စွဲတာ မဟုတ်ဘူး။ ဒေါက်တာသန်းငြိမ်းကိုယ်တိုင်ကကို လက်မှတ်ထိုးပြီး ထွက်လာတဲ့အကြောင်း မီဒီယာမှာ ပြောတာပါ။
လက်မှတ်ထိုးထွက်လာတာ သိပ်အရေးမကြီးပါဘူးဆိုတဲ့သဘောမျိုး သူကပြောတာ။ Bound down လုပ်လာတယ်ပေါ့။ လျှော့ပေးလာတယ်ပေါ့။ လက်မှတ်ထိုး ထွက်လာတာဟာ အစိုးရနဲ့ ဘယ်အတိုင်းအတာအထိ နက်ရှိုင်းတယ်ဆိုတာတော့ မပြောနိုင်ဘူး။ ဒါပေမယ့် သူတို့ ထွက်လာပြီးတော့ ဦးအောင်ရွှေက ဦးဆောင်ပြီးတော့ သူတို့ကို စီအီးစီတွေ ခန့်လိုက်တယ်။ ဦးအောင်ရွှေက ဦးခင်မောင်ဆွေကိုလည်း ပြောရေးဆိုခွင့်ဆိုပြီးတော့ တာဝန်ခံအဖြစ်နဲ့ပေးတယ်။ ဒေါက်တာသန်းငြိမ်းရယ် ဦးခင်မောင်ဆွေ၊ ဒေါက်တာဝင်းနိုင်၊ ဦးသိန်းညွန့်၊ ဦးစိန်လှဦးဆိုပြီးတော့ ၅ ဦးဂိုဏ်းလို့ နာမည်ကြီးလာတယ်။ အဲ့ဒီ ၅ ယောက်ဂိုဏ်းက ဗဟိုမှာ ခြယ်လှယ်လာတယ်။
ဒီကနေ့ NLD မှာ ရင်ဆိုင်နေရတဲ့ အခြေအနေမျိုးတွေ ရင်ဆိုင်ရတော့မယ် ပါတီကို အပြီးသတ် ခြေမှုန်းခံရတော့မယ် ရွေးကောက်ပွဲ ဆိုတာတွေကို ရင်ဆိုင်ရတော့မှာမို့လို့ ဒီပြဿနာတွေကို ဗဟိုနဲ့ အောက်ခြေ ပူးပေါင်းပြီး ဖြေရှင်းနိုင်ဖို့ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ခေါ်ယူပေးဖို့ အောက်ခြေပါတီဝင်ထုတွေက လက်မှတ်ရေးထိုး တောင်းဆိုမှုကိုလည်း ဦးအောင်ရွှေနဲ့ ဒီ ၅ဦးဂိုဏ်းက ဖြိုခွဲမှုတွေ၊ အရေးယူမှုတွေလုပ်ခဲ့တယ်။
သူတို့ရဲ့ ပြောရေးဆိုခွင့်ဆိုတာကို အသုံးချပြီးတော့ ပါတီရဲ့ ဆုံးဖြတ်ချက် မဟုတ်သေးတဲ့ ရွှေဂုံတိုင်ကို အသေချုပ်ကိုင်ဖို့ မဟုတ်ဘူး ဆိုတာတွေကို ပါတီအပြင်ဖက် မီဒီယာတွေမှာ ပြောလာကြတယ်။ ဒေါက်တာသန်းငြိမ်းကလည်းပဲ ရန်ကုန်တိုင်း မြို့နယ် ၄၀ နဲ့ ရှင်းရာမှာ ရွှေဂုံတိုင်ကို အသေဆုပ်ကိုင်ထားရမှာ မဟုတ်ဘူးလို့ ပြောကြားချက်ကို အောက်ခြေက မကျေနပ်တဲ့အခါမှာ ဦးခင်မောင်ဆွေက ပြောရေးဆိုခွင့်ဆိုတာနဲ့ သူ့အနေနဲ့ မီဒီယာတွေမှာ ပြောချင်တာတွေပြောလာတယ်။
ဆိုလိုတာက အဲ့ဒီကတည်းကိုက NDF ပေါ်လာဖို့ အခြေခံတွေဖြစ်တယ်။ ဘယ်လို ဆုပ်နိုင်တက်နိုင်တယ်လို့ ပြောလာတာဟာ နအဖနဲ့ပေါင်းရေးကို ပြလိုက်တာဖြစ်တယ်။ ဒါဟာ ဘာဥပဒေမှ မထွက်ခင်ကတည်းက ဖြစ်တယ်။ ဥပဒေလည်း ထွက်လာရော ခေါင်းဆောင်ဦးအောင်ရွှေကနေပြီးတော့ မှတ်ပုံတင်မယ် တင်ရမယ်ဆိုတဲ့ အစိုးရအဆိုကို တန်းတင်လာတယ်။
ဒီအဖွဲ့ရဲ့ခေါင်းဆောင်က ဦးအောင်ရွှေပဲ။ အခုလက်ရှိ NDF ရဲ့ခေါင်းဆောင်က။ အဲ့ဒီတော့ ဦးအောင်ရွှေက ဒီအဆိုကိုတင်သွင်း သူတို့ ၅ ယောက်ဂိုဏ်းက ဆက်ပြီးထောက်ခံတယ်။
အဲ့ဒီမှာ ဦးဝင်းတင်က ခင်များတို့ ဒီလိုမလုပ်ပါနဲ့ စီစီနဲ့ ဆုံးဖြတ်ပါလို့ အဆိုတင်သွင်းတော့မှ စီစီနဲ့ ဆုံးဖြတ်ဖို့ သဘောတူလိုက်တယ်။ သူတို့ဟာက စီစီမှာ ပြောဆိုခွင့်မရတဲ့အခါမှာ အောက်ခြေပါတီဝင်တို့နဲ့ တိုင်းအားလုံးတို့ကနေ မှတ်ပုံ မတင်ဘူးဆိုတဲ့ အသံတွေထွက်လာတယ်။
ပဲခူးတိုင်းကဆိုရင် ဦးမြင့်ဝေ အပါအ၀င် တတိုင်းလုံးက ပထမဆုံးထွက်လာတယ်၊ အဲ့ဒီတော့ အသံအများစုအပေါ်မှာ ဦးအောင်ရွှေက မတ် ၂၉ ရက်နေ့မှာ ဒီအဆိုကို အများက သဘောမတူရင် မလုပ်ပါဘူးဆိုပြီးတော့ အဆိုမတင်ရဲတဲ့အတွက်ကြောင့် ပြန်ပြီးတော့ ငုတ်သွားတာ။ ဆုတ်သွားတာ မဟုတ်ဘူးနော်။ ဒီအဆိုမှားတယ်ဆိုပြီးတော့ ယုံကြည်လို့ သိမ်းသွားတာ မဟုတ်ဘူး။ အများက လက်မခံတဲ့အတွက်ကြောင့် အားမတန်လို့ ငုတ်သွားတာပဲ ဖြစ်တယ်။
ဒေါက်တာသန်းငြိမ်းတို့ကလည်းပဲ ၂၉ မတ်လမှာ စီစီ အစည်းအဝေးမှာ ပြောခွင့်မရလိုက်ဘူး။ အဲ့ဒီတော့ အများဆုံးဖြတ်ချက်နဲ့ NLD ဟာ မှတ်ပုံ မတင်ဘူး အဆိုကျသွားတော့ ဒေါက်တာသန်းငြိမ်းက ဘာပြောလဲဆိုတော့ ကျနော်တို့လူတွေ မကြေငြာသေးလို့ပါတဲ့။ မှတ်ပုံတင်မယ့်သူတွေရှိတယ်ဆိုတာကို မီဒီယာမှာပြောတယ်။
အဲ့ဒီတော့ ဒီအဖြစ်ရဲ့ နောက်ကွယ်မှာက မှတ်ပုံတင်ရေး ဆုံးဖြတ်ချက်ကျအောင် လုပ်နိုင်လို့ရှိရင် တယောက်ကို ကျပ်သိန်း ၁၀၀၀ စီပေးမယ်၊ အခု အဲ့ဒါလုပ်ဖို့အတွက် စရံအဖြစ် ၃ သိန်းနဲ့ နောက်ထပ် ၇ သိန်းစီ တယောက်ကို ၁၀ သိန်းစီရမယ်ဆိုတဲ့ သတင်းတွေက ထွက်လာတယ်။
မှတ်ပုံတင်ရေး မအောင်မြင်လိုက်တဲ့အတွက်ကြောင့် NDF ဖွဲ့တာဖြစ်တယ်။ အဲ့ဒါပိုပြီးတော့ လေးနက်အောင် ပြောမယ်ဆိုလို့ရှိရင် ဒေါက်တာသန်းငြိမ်းက ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ ယောက်ဖဖြစ်တယ်။ သူလွတ်လာပြီး နောက်တနေ့မှာ လွှတ်တော်ကိုယ်စားလှယ် ၂ ယောက်က သွားပြီးမေးတယ်။ မေးတဲ့အခါမှာ သူ့ဆီကို နာမည်ကြီးဆရာဝန်တယောက်ကနေပြီးတော့ ကိုသန်းငြိမ်း ခင်များ ယောက်ဖ ဗိုလ်ချုပ်ခင်ညွန့်ကတော့ ဦးသန်းရွှေနဲ့ပေါင်းသွားပြီလို့ပြောတော့ သူက ဆတ်ဆတ်ခါတယ်။ ချက်ခြင်းကို အကြောက်အကန်ငြင်းလိုက်တော့ ဒီက သွားမေးတဲ့သူတွေက အံ့သြသွားတယ်။
သေသေချာချာ တိတိကျကျပြောနိုင်တာက ဒေါက်တာသန်းငြိမ်းရဲ့ မိခင်ဆီကို ဦးခင်ညွန့်တို့ စုံတွဲနဲ့ ဒေါက်တာသန်းငြိမ်းတို့စုံတွဲ မိသားစု တခုလုံးက တပတ်တခါ တွေ့တယ်ဆိုတဲ့ သတင်းက လုံးဝ သေချာတယ်။ ဒေါ်စုတို့ဆိုရင်နေအိမ်အကျယ်ချုပ်နဲ့နေရတယ်။ ဗိုလ်ချုပ် ခင်ညွန့်ကတော့ လူတွေရှေ့မှာ ပေါ်ပေါ်ထင်ထင်သွားတာ မဟုတ်ပေမယ့်လည်း နေအိမ်အကျယ်ချုပ် မဟုတ်ပဲနဲ့ ဒီလိုပဲ သွားလာနိုင်ပြီးတော့ ဒေါက်တာသန်းငြိမ်းတို့အဖွဲ့နဲ့ အတူရှိပြီးတော့ NDF ဆိုတဲ့ နိုင်ငံရေး လှုပ်ရှားတာလို့ ပြောလို့ရတယ်။
အဲ့ဒီတော့ NLD ကို နအဖနဲ့ ပေါင်းဖို့ အားထုတ်ခဲ့တာဟာ NLD ကို ပျက်အောင် အားထုတ်ခဲ့တာဟာက မအောင်မြင်လို့ ဒီ ၅ ယောက်ကနေပြီးတော့ နအဖနဲ့ ပေါင်းပြီးတော့ NDF ဖွဲ့လိုက်တဲ့ ကိစ္စ အထင်အရှားဖြစ်တယ်။
ဦးအောင်ရွှေကတော့ ဒီ ၅ ဦးဂိုဏ်းနဲ့ ပါမသွားသေးတာဟာ အသက်ကြီးလို့လား၊ NLD ထဲပဲ ဆက်ပြီးတော့ နေတာဟာ အကြံအစည်ရှိလို့လား မသိသေးဘူး။ အဲ့ဒါ NDF မှာ တရားဝင် ကြေငြာတာတော့ မတွေ့ရသေးဘူး၊ ဒါပေမယ့် ဒီအစီအစဉ်အားလုံးဟာ နအဖနဲ့ ပေါင်းနေတာကတော့ ဦးအောင်ရွှေနဲ့ ၅ ဦးဂိုဏ်းက အထင်အရှားပဲ။
တိုင်းပြည်က မသိသေးတဲ့ အဲ့ဒီ NDF ပေါ်လာတဲ့ အဖြစ်အပျက်အမှန်တွေကို တင်ပြတာဖြစ်တယ်။
လောလောဆယ် သိရတာက ဒေါက်တာသန်းငြိမ်းက စရိတ်ငြိမ်း ၅၀၀၀ ပေးပြီးတော့ ၅ ရက်သင်တန်းခေါ်တယ်ဆိုတာလည်း ကြားနေရတယ်။ NDF ရဲ့ သဘော အနေအထားဟာ NLD ရဲ့ ကိုယ်ပွားလည်း မဟုတ်ဘူး၊ဆွဲဆန့်ပါတီလည်းမဟုတ်ဘူးလို့ ဦးဝင်းတင်က ပြောသလို ဒေါ်အောင်ဆန်စုကြည်ကလည်း သူတို့လုပ်ရပ်ဟာ ဒီမိုကရေစီလမ်းစဉ်နဲ့ သွေဖီပြီလို့ ပြောလိုက်ပါပြီ
ဒီထဲမှာက ဦးအောင်ရွှေက ပေါ်တင်မပါသေးပေမယ့်လည်း သူတို့ဟာ မှတ်ပုံတင်ရေးအတွက် ချက်ခြင်းပဲ အဆိုတင်သွင်းခဲ့တဲ့သူဖြစ်တော့ သူတို့အခု ၅ ယောက်ဂိုဏ်းက မှတ်ပုံတင်ပြီဆိုတော့ ခေါင်းဆောင်ကြီးက ဦးအောင်ရွှေဖြစ်ပြီးတော့ ၅ ဦးဂိုဏ်းက တစိတ်တည်း တဥာဏ်တည်းဖြစ်တယ်။ သူတို့ရဲ့နောက်မှာ နအဖ ခေါင်းဆောင်ဟောင်း ဦးခင်ညွန့်ကလည်း ရှိနေတဲ့အခါမှာ သူတို့က နအဖနဲ့ပေါင်းပြီးတော့မှ NLD ကို ပေါင်းရေး မလုပ်နိုင်တဲ့ အဖွဲ့ဖြစ်တယ်လို့ ပြောချင်တာပါ။
ဒီတော့ အန်ဒီအက်ဖ်ခေါ် အမျိုးသားဒီမိုကရေစီအင်အားစုဆိုတဲ့ပါတီဟာ တိုင်းပြည် ပြည်သူလူထုအတွက် ကောင်းအောင်ဘယ်လိုတွေလုပ်မလဲ ၊ အဆိပ်ပင်ကိုရေ၀င်လောင်းတဲ့ ဥယျာဉ်မှူးတွေလား ဆိုတာကတော့ မကြာခင် မျက်ဝါးထင်ထင်ရူစားရတော့မှာ ဖြစ်ပါကြောင်း
ဖိုးပြောချင်
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment