စစ်ခွေးတွေရဲ့ မတရားထောင်သွင်းအကျဉ်းချမှု၊ ထောင်တွင်း နှိပ်စက်ညှင်းပန်းမှုနဲ့ ထောင်တွင်းအခွင့်အရေး ဖောက်ဖျက်မှုတွေကြောင့် မြင်းခြံထောင်မှာ အကျဉ်းကျနေရတဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူ ကိုကျော်စိုးဟာ ဒီနေ့ မနက် ၁၀ နာရီမှာ ကွယ်လွန်သွားခဲ့ရပါတယ်။
မြင်းခြံထောင်ထဲမှာ သေးဆုံးသွားခဲ့တဲ့ ကိုကျော်စိုး ၃၆ နှစ် ဟာ ၂ဝဝ၈ခုနှစ် အောက်တိုဘာလ (၁၆)ရက်နေ့မှာ စစ်အစိုးရ အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပြီး အဲဒီနှစ် အောက်တိုဘာလကုန်ပိုင်းမှာ ရန်ကုန် အင်းစိန်ထောင်ထဲမှာ တရားမဝင်အဖွဲ့အစည်းတွေနဲ့ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ တရားမဝင်နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃ (၁)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၅ဝ၅ (ခ) စတာတွေနဲ့ ထောင်ဒဏ် (၁ဝ)နှစ်ချမှတ်ပြီး နိုဝင်ဘာလ (၁၈)ရက်နေ့မှာ မြင်းခြံထောင်ကိုပြောင်းရွေ့ အကျဉ်းကျခံခဲ့ရ သူဖြစ်ပါတယ်။
ကိုကျော်စိုး သေဆုံးရတာဟာ ဘာရောဂါလို့ အတိအကျမသိရပဲ ပြီးခဲ့တဲ့ ဧပြီလအတွင်းကတည်းက နေမကောင်းဖြစ်နေတာကို ထောင်အာဏာပိုင်တွေက စနစ်တကျ ကျန်းမာရေးစောင့်ရှောက်မှု မပေးခဲ့လို့ သေဆုံးခဲ့တာလို့ မိသားစုဝင်တွေက ပြောပြပါတယ်။
ကိုကျော်စိုး နေမကောင်းလို့ အသည်းအသန်ဖြစ်နေတာကို ထောင်အာဏာပိုင်တွေက မိသားစုဆီ အကြောင်းကြားတာတွေ မလုပ်ခဲ့ပါဘူး။ မေလ ၁၇ ရက်နေ့ကျမှ ထောင်နဲ့ နီးစပ်တဲ့ သူတွေက တောင်ကြီးမှာရှိတဲ့ ကိုကျော်စိုး အကိုနဲ့ ဇနီးဖြစ်သူကို အကြောင်းကြားလို့သာ သိရတယ်လို့ မိသားစုဝင်တွေက ပြောပြပါတယ်။
ဒီနေ့မနက် မြင်းခြံထောင်ကို မိသားစု ရောက်သွားချိန်မှာတော့ ကိုကျော်စိုးဟာ သတိ သိပ်မရှိတော့ပဲ အစ်ကိုဖြစ်သူနဲ့ ဇနီးဖြစ်သူက သူ့ကို ဆေးကုပေးဖို့ လာကြောင်းနဲ့ စိတ်မလျှော့ဖို့ပြောတာကို မျက်စိဖွင့်ကြည့်ရင်း ခေါင်းလေး တချက်ညိတ်ပြပြီးတော့ အသက်ထွက်သွားရှာတယ်လို့ မိသားစုဝင်တွေက ပြောပြကြပါတယ်။
သူ့ရဲ့ ဈာပနာကိုတော့ မေလ ၂၀ ရက်မှာ မြင်းခြံမှာပဲ သဂြိုလ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေအဖို့ ဆေးဝါးကုသမှု အပြည့်အစုံ မရတဲ့အပြင် ဆေးရုံတက်တဲ့အခါမှာလည်း ဆေးဝါး ပံ့ပိုးကူညီမှုတွေကို အာဏာပိုင်တွေက ခွင့်မပြု ငြင်းဆန်လေ့ရှိပါတယ်။ ဆေးဝါး မပြည့်စုံ မလုံလောက်မှုတွေကို တင်ပြရင်လည်း သူတို့ဟာ အကျဉ်းသားတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်ကြောင်း၊ ဆေးဝါးလုံလောက်မှု ရှိကြောင်းသာ တွင်တွင် ပြောနေလေ့ရှိပါတယ်။
တကယ်တမ်းမှာတော့ အကျဉ်းသားတွေဟာ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အ၀ မရရုံသာမက၊ အာဟာရ မပြည့်ဝတဲ့ အစားအသောက်တွေကိုပဲ စားကြရပါတယ်။ ကိုယ်လက်လှုပ်ရှားခွင့်၊ လမ်းလျှောက်ခွင့်တွေကို မရတဲ့အပြင် ထောင်အာဏာပိုင်တွေရဲ့ စိတ်ဓာတ်ညှင်းပန်းမှု၊ ကိုယ်ကို ညှင်းဆဲ ရိုက်နှက်မှုတွေ ကြုံနေကြရပါတယ်။
စစ်ခွေးတွေဟာ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို မတရား ဖမ်းဆီးထောင်ချပြီး ထောင်တွင်း နှိပ်စက်မှုတွေကို လုပ်ရုံသာ မက ထောင်တွင်း အကျဉ်းသားအခွင့်အရေး ဖောက်ဖျက်မှုတွေ၊ အကျဉ်းသားတွေကို ကျန်းမာရေး ဂရုစိုက်မှု လုံးဝမရှိဘူး၊ အစားအသောက် လုံလုံလောက်လောက် မပေးဘူး၊ အကျဉ်းသားတွေကို လူတဦးတယောက်လို မဆက်ဆံဘူး ဆိုတာတွေဟာ ကိုကျော်စိုးရဲ့ သေဆုံးမှုက သက်သေပြနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာနိုင်ငံ တ၀ှမ်း အကျဉ်းထောင် အသီးသီးက နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ကျန်းကျန်းမာမာ ရှိကြပါစေ၊ စစ်ခွေးတွေရဲ့လက်ကနေ အမြန်ဆုံး လွတ်မြောက်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
အညာနွေတမာမြေ
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment