စည်းဝိုင်းထဲကနိုင်ငံရေးကတော့ တဖြည်းဖြည်းနဲ့ အသံတွေဆူညံလာပါပြီ။ 
 
ထူးခြားတာတစ်ခုက အသံတိတ်နေတဲ့ (တစည)အသံထွက်လာတာပါ။ အရင်လိုငြိမ်ခံနေလို့မဖြစ်တော့ဘူး၊ ထွက်ပြောမှဖြစ်တော့ မယ်လို့ (တစည)တွေ ယူဆပုံပေါ်ပါတယ်။ ဒါကြောင့် ဦးချစ်လှိုင်နဲ့ ပွဲစပြီးထွက်လိုက်ပုံပေါ်ပါတယ်။
ဦးချစ်လှိုင်က (တစည) ပါတီမှာ ဘယ်လိုတာဝန် အဆင့်နေရာ ယူထားသူလဲတော့မသိပါဘူး။ အရင်ကတော့ (တစည) ဘက်က ပင်တိုင်ထွက်ပြောနေသူက ဦးခင်မောင်ကြီးဖြစ်ပါတယ်။ ဒါမှမဟုတ် ဦးဟန်ရွှေထွက်ပြီးပြောတတ်ပါတယ်။ 
 
ဒီတစ်ခါ ထွက်ပြောတာကတော့ ထူးခြားပါတယ်။ 
 
ဒီနေ့ အစိုးရတာဝန်ယူထားသူတွေက အစိုးရတာဝန်ကိုမစွန့်လွှတ်ပဲ/ အစိုးရပိုင်အခွင့်အာဏာ/ ယာဉ်ရထားတွေသုံးပြီး ကိုယ့်ပါတီ စည်းရုံးရေးဆင်းနေတဲ့ကိစ္စတွေ/ ရွေးကောက်ပွဲ နဲ့ မဲပေးတဲ့နည်းစနစ် တရားမျှတရေး ဆိုတဲ့ အချက်တွေကို ထုတ်ဖေါ် ပြောတာဖြစ်ပါတယ်။သူတို့ပြောရတာကလည်း လက်ရှိ(နအဖ)စစ်အစိုးရကို ဦးတည်ပြီးပြောရတာဖြစ်နေလေတော့ ပြောချင်တဲ့အချက်ကိုရောက်အောင် ထိန်းထိန်းသိမ်းသိမ်းပြောသွားတာပါ။
သူတို့အဓိကပြောလိုရင်းက လက်ရှိ(နအဖ)စစ်အစိုးရလုပ်နေတာတွေဟာ မတရားဘူး/မမျှတဘူး/ နည်းလမ်းမကျဘူး/ ဘဝင်မကျ ဘူးလို့ ပြောချင်တာပါ။ ညီအစ်ကိုချင်းလည်းဖြစ်ပြန်တော့ ဒဲ့ဒိုးလည်းမကျဒုံးတိလည်းမဖြစ်အောင် အလိမ်မာသုံးပြီးပြောသွားတာပါ။ ညီအစ်ကို ချင်းဆိုပေမယ့် ဟိုက အာဏာလက်ရှိမဟုတ်လား။ 
(တစည)ဘက်က ပြောတဲ့အထဲမှာ ကြံ့ဖွံ့ပါတီဟာ သူတို့အတွက် အဓိကယှဉ်ပြိုင်ဘက်ဖြစ်လာမယ်ဆိုတာကိုလည်း အသိအမှတ် ပြုပြောသွားပါတယ်။
 
တစ်အူထုံ့ဆင်းညီအကိုချင်းယှဉ်ပြိုင်ရတော့မယ်။ အမတ်နေရာအများစုကို သူတို့ပဲ အဓိကပြိုင်နိုင်ကြမှာဖြစ်ပါတယ်။
ကျန်တဲ့ ပါတီတွေအများစုက အခုမှ မြေစမ်းခရမ်းပျိုးနေရရှာသူတွေ။ ငွေရေးကြေးရေးကအစ အဘက်ဘက်ကချို့တဲ့ရှာသူတွေ။  ဒါကြောင့်(တစည)တို့ ကြံ့ဖွံ့ပါတီတို့လိုဒုနဲ့ထည်နဲ့၊ အုံနဲ့ကျင်းနဲ့ ကြိုးဝိုင်းထဲဝင်ပြိုင်ဖို့ဆိုတာ သူတို့အတွက်တကယ်ကို မလွယ်ရေးချ မလွယ်လှ ပါဘူး။ 
 
မလွယ်တဲ့ဘဝဆိုတာသူတို့ကိုယ်သူတို့သိကြတယ်။ ဒါကြောင့်ထင်ပါတယ် “ဒီမိုကရေစီကို ဇာတ်သွင်းပေးရုံပေးဖို့ပါလို့” ပြောရှာ တယ်။ ဇာတ်သွင်းမယ်ဆိုလည်း ဒီမိုကရေစီစစ်စစ်ပဲဇာတ်သွင်းကြပါလားဗျာ။ အတွင်းသားကစစ်အာဏာရှင်စနစ်နောက်ချေးကို အပေါ်ယံက ဒီမိုကရေစီရွှေရည်စိမ်ထားတဲ့ ဇာတ်ပျက်ဒီမိုကရေစီကိုမှ အဟုတ် အဟတ်လုပ်ပြီး ဇာတ်သွင်းပေးကြတော့မှာလားလို့ မေးစမ်းပါရစေ။ 
(တစည)ကို (မဆလ) အသွင်ပြောင်းမို့ (၁၄) နှစ်စာခံစားထားဖူးတဲ့ ဘဝအသိနဲ့ ပြည်သူလူထုက အော့နှလုံးနာတယ်။ ဒါကြောင့် ၁၉၉၀ ရွေးကောက်ပွဲမှာ သူတို့ဆန္ဒ ဘာလဲဆိုတာပြပြီး  (တစည)ကို ပြည်သူလူထုကပညာပေးထားတယ်။
ကြံ့ဖွံ့ပါတီကိုလည်း ဒီပဲယင်းအကြမ်းဖက်မှုနဲ့ ၂၀၀၇ သံဃာ့အရေးအခင်းတွေမှာလက်မရွံ့လူမိုက်လုပ်ရပ်တွေကိုလက်တွေ့၊ တွေ့ မြင်ခံစားထားရဖူးလေတော့ ပြည်သူလူထု က ရွံမုန်းကြီးမုန်းနေတယ်။ 
အဲဒီလို လူထုထောက်ခံမှုမရှိတာကလွဲလို့  (တစည) နဲ့ ကြံ့ဖွံ့ပါတီတို့ဟာ စစ်အုပ်စု အမွေခံတွေပီပီ အခြားပါတီတွေထက် အစစ အရာရာသာတယ်။ အခြားတစ်ဖက်ကပြောရင် (တစည) ထဲက  စစ်ဗိုလ်တွေဟာ (နအဖ) စစ်အစိုးရတို့/ကြံ့ဖွံ့ပါတီတို့ အထဲက စစ်ဗိုလ်တွေရဲ့ ဆရာ သမားတွေ/စီနီယာတွေဖြစ်ပါတယ်။
ဒါဆိုအခုကျင်းပမယ်ဆိုတဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ ဆရာနဲ့တပည့်ပြိုင်မယ့်ပွဲ။ စီနီယာနဲ့ဂျူနီယာပြိုင်ကြမယ့်ပွဲသာဖြစ်ပါလိမ့်မယ်။
 
ဒိုင်သူကြီးလုပ်မယ့်သူကလည်းလက်ရှိအာဏာကိုင်ထားတဲ့ စစ်အုပ်စုဖြစ်နေပြန်တယ်။ အခြေခံဥပဒေ(၂၀၀၈)ကလည်းစိတ်ကြိုက် ရေးဆွဲအတည်ပြုထားတာ။ သိန်းစိုးရွေးကောက်ပွဲကော်မရှင်ကလည်း(နအဖ) စစ်အုပ်စုစိတ်ကြိုက်ခန့်အပ်ထားတာ။ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ၅ ရပ်ဆိုတာကလည်း (နအဖ)စစ်အုပ်စုစိတ်ကြိုက်ဖန်တီးရေးဆွဲထားတွေပဲဖြစ်တယ်။
ဘက်ပေါင်းစုံစစ်အုပ်စုစိတ်ကြိုက်ဖန်တီးထားလေတော့ စစ်အုပ်စုစိတ်ကြိုက်ရလဒ်ပဲထွက်မယ်ဆိုတာ ရှည်ရှည်ဝေးဝေးစဉ်းစားနေ စရာ မလိုတော့ပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲရဲ့ တရားမျှတမှုဆိုတာကို ဘယ်အနားမှာသွားရှာကြမလဲဗျာ။ 
 
(တစည)ပြောတဲ့စကားနဲ့ပြောရရင် “Play Ground က  ဟိုဟာပေါ့ တစ်ယောက်ကအပေါ်ကကန်၊ တစ်ယောက်က မြေပြင်နိမ့်က ကန်လို့မှမဖြစ်ဘဲ” ဆိုတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။“ပလိန်းလယ်ဗယ်” မှာ ယှဉ်ပြိုင်ရ တာမျိုးမဟုတ်ဘူး။
ဒီအချက်တွေကိုစီကြည့်လိုက်တာနဲ့ ၂၀၁၀ ရွေးကောက်ပွဲရလဒ်ဘယ်လိုထွက်ပေါ်လာမလဲဆိုတာပြောဖို့လိုပါဦးမလားဗျာ။ ၂၀၁၀ ရွေးကောက်ပွဲကျင်းပမယ့် နေ့ရက်အတိကျကိုလည်း  ဦးသိန်းစိန်ဦးစီးတဲ့  ကြံ့ဖွံ့ပါတီကတော့သိပြီးသားဖြစ်မှာပါ။ (နအဖ)အစိုးရဝန်ကြီးချုပ် ဆိုသူဟာ ဦးသိန်းစိန်ပဲမဟုတ်ပါလား။  သူတို့ကပဲ ကော်မရှင်ကိုညွန်ကြားတဲ့အခါမှ ကော်မရှင်ကထုတ်ဖေါ်ကြေညာရမှာမဟုတ်ပါလား။  
ကျနော်မြင်နေတာကတော့ တကယ်ကိုရိုးရိုးသားသားပါတီမှတ်ပုံတင်ပြီး ပြည်သူလူထုအကျိုးဆောင်ရွက်မယ်လို့ဆိုတဲ့ နိုင်ငံရေး ပါတီ အချို့ဟာ (တစည) နဲ့ကြံ့ဖွံပါတီဆိုတဲ့ ကျွဲနှစ်ကောင်ခတ်မယ့်ကွင်းထဲမှာ မြေဇာပင်ကလေးတွေအဖြစ်သာ အသုံးတော်ခံရပါလိမ့်မယ်။ 
အချို့သော နိုင်ငံရေးပါတီလေးတွေက ဘဝတူပါတီငယ်တွေအချင်းချင်းမဟာမိတ်ဖွဲ့ကြပြီး ကြံ့ဖွံ့ပါတီကို ရင်ဆိုင်ဖို့၊ ယှဉ်ပြိုင်ဖို့ ပြော ဆိုနေတာလည်း ကြားရပါတယ်။
 
အကယ်၍များပေါ့ဗျာမီဒီယာတစ်ခုခုကနေ ခင်ဗျားတို့ကို အခုလိုလက်တွေ့ကျတဲ့ မေးခွန်းများ မေးလာခဲ့ရင် ဘယ်လိုဖြေမလဲဗျာ။ 
မေးခွန်း ၁။ “(တစည)က ကြံ့ဖွံ့ပါတီကို အဓိက ယှဉ်ပြိုင်ဘက်အဖြစ် သဘောထားရလိမ့်မယ်လို့ပြောဆိုနေပါတယ်။ ဒါကြောင့် ခင်ဗျားတို့ ပါတီငယ်တွေအနေနဲ့ (တစည) နဲ့ မဟာမိတ်ဖွဲ့ပြီး ကြံ့ဖွံ့ပါတီကို ရင်ဆိုင်ဖို့/ယှဉ်ပြိုင်ဖို့သဘောထားရှိပါသလား” 
မေးခွန်း ၂။ “ ကြံ့ဖွံ့ပါတီ ကိုယှဉ်ပြိုင်ဖို့ (တစည) က ခင်ဗျားတို့ကို  မဟာမိတ်ဖွဲ့ကြစို့လို ကမ်းလှမ်းလာခဲ့မယ်ဆိုရင်ကော ခင်ဗျားတို့ ပါတီငယ်တွေ ဘက်က ဘယ်လိုတုန့်ပြန်မှာလဲ။” 
(တူမောင်ညို ) 
(၂၀၁၀  ဇူလိုင်လ၊ ၁၈ ရက် )
အညာနွေတမာမြေ
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
 
 
 
 
 
 
 Posts
Posts
 
 
No comments:
Post a Comment