-->

Friday, August 13, 2010

စိန်ခေါ်ပွဲကို ဘယ်လိုနွှဲမလဲ

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်(တနင်္ဂနွေ) နေ့တွင် လွှတ်တော် အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်ကို နိုင်ငံပိုင် ရုပ်သံလိုင်းမှတစ်ဆင့် သြဂုတ်လ ၁၃ ရက်နေ့ ယနေ့ နံနက်ပိုင်းတွင် ကြေညာခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ၈ ပါ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၄ (ဂ) နှင့် နည်းဥပဒေ ၁၆ ( ဃ) တို့အရ ၁၃၇၂ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁ ရက်နေ့ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက် တနင်္ဂနွေနေ့တွင် လွှတ်တော်အသီးသီးအတွက် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတ်မှတ်ကြေညာခဲ့ခြင်း ဖြစ်သည်။

ယခု ကျင်းပမည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးကျင်းပသည့် ရွေးကောက်ပွဲ ဖြစ်သည်။

လက်ရှိ၌ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ ၄၇ ပါတီ ရှိသွားပြီဖြစ်ပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ ၄၁ ပါတီအနက် ပါတီ ၄၀ ကို မှတ်ပုံတင်ခွင့် ပြုခဲ့ပြီး ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

ထို့ပြင် နိုင်ငံရေးပါတီများသည် ၎င်းတို့၏ ပါတီဝင်အင်အား စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြလျက်ရှိရာ လက်ရှိ၌ နိုင်ငံရေးပါတီ ၁၄ ပါတီ ရှိပြီဖြစ်ကြောင်း သိရသည်။

လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းမှုကို သြဂုတ်လ ၁၆ ရက်နေ့တွင် စတင်ပြုလုပ်ရမည်ဖြစ်ပြီး နောက်ဆုံးရက်မှာ သြဂုတ်လ ၃၀ ရက်နေ့ ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း စိစစ်မှုကို စက်တင်ဘာလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း ပြုလုပ်သွားမည်ဟု သိရပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်မှာ စက်တင်ဘာလ ၃ ရက်နေ့ဖြစ်ကြောင်း သိရသည်။

ယနေ့နေ့လည်ပိုင်းက ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်ကို တီဗီ အစီအစဉ်နှင့် ရေဒီယိုတို့မှ ထုတ်ပြန်သွားခဲ့ပါသည်။ရွေးကောက်ပွဲ ကော်မရှင်သည် ထိုတင်သွင်းလာသော ကိုယ်စားလှယ်လောင်းများ စာရင်းကို ရွေးကောက်ပွဲ ဥပဒေများနှင့် ကိုက်ညီခြင်းရှိမရှိ စစ်ဆေးသွားမည်ဟုလည်း ဆိုပါသည်။

၁၉၉၀ ပြည့်နှစ်က ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မေလ ၂၇ ရက် တနင်္ဂနွေနေ့တွင် ကျင်းပခဲ့ပြီး ပါတီ ၉၃ ပါတီက ကိုယ်စားလှယ်ပေါင်း ၂၂၀၉ ဦးနှင့် တစ်သီးပုဂ္ဂလ ၈၇ ဦးတို့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ထိုရွေးကောက်ပွဲတွင် အန်အယ်လ်ဒီက အပြတ်အသတ်နိုင်ခဲ့သော်လည်း အာဏာလွှဲမပေးပဲ ဆက်လက်ချုပ်ကိုင်ထားခဲ့သည်။ အခုကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲကို အန်အယ်လ်ဒီက ၀င်ရောက်ယှဉ်ပြိုင်မှုမပြုပဲ သပိတ်မှောက်ထားခဲ့သည်။ ပြည်ထောင်စု ဒီမိုကရေစီပါတီက ကိုဖြိုးမင်းသိန်းကလည်း တရားမျှတမှုမရှိပဲ တဘက်သတ်အနိုင်ယူမဲ့ရွေးကောက်ပွဲလို့ဆိုပြီး ပါတီဥက္ကဌအဖြစ်ကနေ နုတ်ထွက်သွားခဲ့သည်။

အခုလို မတရားဘူးပြောနေတဲ့ကြားက နအဖက မျက်နှာပြောင်တိုက်ပြီး ရွေးကောက်ပွဲကြေငြာလိုက်တာဟာ တမင်စိန်ခေါ်လိုက်တာပါပဲ ။ အတိုက်အခံတွေအနေနဲ့ဘာဆက်လုပ်ကြမလဲ ရွေးကောက်ပွဲကို ပြည်သူတွေမဲသွားမပေးပါနဲ့လို့ ပြောနေယုံနဲ့ ဒီရွေးကောက်ပွဲမှာ နအဖရှုံးနိမ့်သွားမယ်လို့ထင်နေသလား။ ကျနော်တော့မထင်ဘူး သူတို့တဘက်သတ် အနိုင်ရချင်လို့ ဒီပွဲကိုစီစဉ်တာပဲ ပြိုင်ဘက်တွေကို နွားသေကြိုးတုပ်လုပ် ဒိုင်ကလည်း သူ့လူတွေပဲလုပ်ခိုင်းပြီး အပိုင်ထိုးမဲ့ပွဲပဲ။ ဒါကိုမှ ၀င်ပြီးယှဉ်ပြိုင်မယ်ဆိုတဲ့သူတွေက ဘယ်လောက်ထိခံနိုင်ရည်ရှိအောင်လေ့ကျင့်ထားလို့လဲလို့ မေးရမှာပါ။

ဒီတပွဲအနိုင်ပေးလိုက်ရရင် ကျနော်တို့အနာဂတ်လမ်းက ပျောက်ပြီ တသက်လုံးစစ်ကျွန်နွံထဲက ရုန်းထွက်နိုင်မှာမဟုတ်တော့ပါဘူး။ ကျနော်တို့လူငယ်တွေမှာလည်း အန်တီစုလွတ်လာမဲ့ရက်ကို စောင့်နေရသလိုဖြစ်နေပါတယ်။ ဦးဆောင်လမ်းညွန်မဲ့သူလည်း မပေါ်သေးဘူး လုပ်ချင်ကိုင်ချင်စိတ်ရှိတဲ့ လူငယ်တွေအတော်များများ ပြည်တွင်းပြည်ပမှာရှိပါတယ်။

ကျနော်ဆိုလိုချင်တာက ၁၉၈၈ကနေ ကျနော်တို့ကိုခေါင်းဆောင်ပေးဖို့ အန်အယ်လ်ဒီကို တာဝန်ပေးအပ်ပြီးပါပြီ။ ၂၀၀၇ သံဃလှုပ်ရှားမှုမှာ အန်အယ်လ်ဒီဦးဆောင်မှု အားရစရာမရှိပါ။ အခုတိုင်းပြည်ရဲ့ကံကြမ္မာက ချောက်ထဲကျတော့မှာပါ အန်အယ်လ်ဒီ အနေနဲ့ ပြည်သူအပေါ်အကြွေးတွေတင်နေတယ်လို့မြင်ပါတယ်။ အခုပြည်သူတွေမှာ အမှန်တကယ်ဦးဆောင်မှုလိုအပ်နေတဲ့အတွက် အန်အယ်လ်ဒီအနေနဲ့ ဒီအကြွေးတွေကို အလုံးအရင်းနဲ့ ပြန်ဆပ်ဖို့တောင်းဆိုချင်ပါတယ်။

အန်အယ်လ်ဒီကိုဝန်းရံနေတဲ့ အဖွဲ့အစည်းတွေ၊ ရဟန်းရှင်လူ နဲ့ ကျောင်းသူကျောင်းသားတွေအသင့်ရှိနေပါတယ်လို့ပဲ ပြောချင်ပါတယ်။ မဲမပေးနဲ့ ဆိုတာလေးနဲ့ အလုပ်မဖြစ်ပါဘူး။ ၂၀၀၈ မှာခေါင်းဆောင်ကြီးတွေ ပေးတဲ့မက်ဆေခ်ျအတိုင်း လိုက်လုပ်ခဲ့ပေမဲ့ ဖွဲ့စည်းပုံကြီးက အတည်ဖြစ်သွားပြီဆိုပြီး ပြောခံနေရပါပြီ။ ဒီတခါတော့ သေချာမဲ့ ပွဲသိမ်းဒူးနဲ့ပဲ တိုက်ချင်ပါတယ်။

အီလဲဗင်းမှ သတင်းအချက်အလက်ကို ကိုယ်းကားပြီး အညာနွေတမာမြေရဲ့ တဦးတည်း အမြင်သဘောထားကို တင်ပြခြင်းဖြစ်ပါတယ်။ ရဲဘော်သဘောထားနဲ့ တိုက်ဆိုင်မယ်ဆိုရင် မလိုအပ်သေးတဲ့ ဒီရွေးကောက်ပွဲကြီးကို ၀ိုင်းဝန်းဆန့်ကျင်တိုက်ဖျက်ကြပါစို့

Rest of your post
အညာနွေတမာမြေ

No comments: