-->

Friday, August 6, 2010

သုတေသနနှင့်လေ့လာရေးဌာန ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၁၀/၂၀၁၀)



ခါးမှန်းသိသွားသူ နဲ့ အသနားခံနေသူတွေ
(၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၆ ရက်)

(၁)

ဘာမျှမကြာလိုက်ပါ၊ ခါးမှန်းသိသူ သိလာကြပြီ။
၂၀၁၀ ရွေးကောက်ပွဲကို “လူထုတိုက်ပွဲပုံစံနဲ့ဖြတ်သန်းရမယ်”ဟုပြောခဲ့ဖူးသည့် (UDP) ပါတီ ဥက္ကဋ္ဌလည်း လက်ရှိဥက္ကဋ္ဌတာဝန်က နေ နှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း မီဒီယာသတင်းတွေမှာကြားရသည်။
“ရွေးကောက်ပွဲအကြိုကာလမှာရှိသင့်ရှိထိုက်တဲ့အခြေအနေတွေမတွေ့ရဘူး။လွတ်လပ်တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်လာဖို့အခြေ အနေတစ်စုံတစ်ရာအတိုင်းအတာအရမတွေ့ရလို့ ရွေးကောက်ပွဲနိုင်ငံရေးအခင်းအကျင်းမှာ(Electoral Politics) ပါဝင်တော့မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ကြောင်း” မီဒီယာတွေကိုထုတ်ပြောလိုက်ပါပြီ။

(NDF) ခေါင်းဆောင်များကတော့ တကယ်ခါး/မခါး ကိုယ်တွေ့မြည်းစမ်းနေကြပုံပေါ်ပါသည်။
ရွေးကောက်ပွဲကော်မရှင်က “ခမောက်တံဆိပ်သုံးခွင့်ပေးပြီး”နောက် အသနားခံစာတင်ခိုင်းလိုက်သည်။
သူတို့ ရွေးကောက်ပွဲကော်မရှင်သို့ “အသနားခံစာ” တင်ထားကြသည်။ သူတို့အသနားခံချက်ကိုရွေးကောက်ပွဲကော်မရှင်က အဆုံးအဖြတ်မပေးနိုင်၊ သို့ဖြင့် ရွေးကောက်ပွဲကော်မရှင်၏ “အထက်က” ပေးအပ်လာမယ့် “စာနာ ထောက်ထားညှာတာမှု” ဆိုသည်ကို သူတို့ မျှော်လင့်စောင့်စားနေကြသည်။

သူတို့တင်ထားသည့် “အသနားခံစာ” ဆိုသည်ကို ပြည်သူတွေအကြား ဖြန့်ဝေသင့်သည်။ ဒီမိုကရေစီစနစ်တွင် ပြည်သူလူထု၏ စာနာထောက်ခံမှုသာ အဓိကဖြစ်သည်မဟုတ်ပါသလော။
“အထက်က”ပေးအပ်လာမည့်“စာနာထောက်ထားညှာတာမှု”ဆိုသည်မှာ ကတ္တီပါလက်အိပ်စွပ်ထားသည့် သံလက်သီးသာ ဖြစ်လိမ့် မည်။

(၂)

ကာလတစ်ခုရပ်နားထားခဲ့သည့်နေ့စဉ်ထုတ်သတင်းစာပါဆောင်းပါးတွေလည်းရှေ့စဉ်နောက်ဆက်ဆိုသလိုဖေါ်ပြလာသည်။ ဆောင်းပါး ၂ ပုဒ်စလုံး၏ အဓိကအာဘော်မှာ ကျင်းပတော့မည့်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ဆန်းစစ်ဝေဖန်ပြောဆိုနေမှု တွေကို “ ခြိမ်းခြောက်ဟန့်တား” လိုက်ခြင်းပင်ဖြစ်သည်။
(၂၉ ဇူလိုင်) သတင်းစာပါဆောင်းပါးတွင် ဖေါ်ပြထားသည့် အာဘော်အနှစ်ချုပ်မှာ “ ဒီမိုကရေစီဖေါ်ဆောင်ရေးမှာ အမျိုးသား နိုင်ငံရေးခေါင်းဆောင်မှုအခန်းကဏ္ဍကိုတာဝန်ယူနိုင်တဲ့နိုင်ငံရေးပါတီမရှိသေးဘူး၊ ၂၀၀၈အခြေခံဥပဒေကိုလက်ခံပြီး၊ ၂၀၁၀ ရွေးကောက်ပွဲမှာ အားလုံးပါဝင်မဲပေးကြ၊ ဒီလိုမှမဟုတ်ရင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်နဲ့ မရှေးမနှောင်း ရောင်စုံသောင်းကျန်းမှုဖြစ်ပေါ်ခဲ့တဲ့ အနေ အထားမျိုးသို့ပြန်လည်ဆိုက်ရောက်သွားလိမ့်မယ်” ဟူ၍ဖြစ်သည်။

(၃/၄ သြဂုတ်) သတင်းစာပါဆောင်းပါးက သွယ်ကာဝိုက်ကာတွေရေးနေခြင်းမဟုတ်ပါ။
ခေါင်းစဉ်တပ်ထားသည်ကပင်ရှင်းနေပါသည်။ “ရွေးကောက်ပွဲတွင် တည်ငြိမ်အေးချမ်းရေးနှင့်ဒီမိုကရေစီ” ဟူ၍ဖြစ်သည်။

(နအဖ) စစ်အုပ်စုသည် သူတို့မလိုလားသည့်ကိစ္စများကို “ကိုလိုနီအမွေဆိုး”၊ “ပြည်ပအားကိုးပုဆိန်ရိုး” စသဖြင့် တံဆိပ်ကပ်လေ့ ရှိသည်။ ကိုလိုနီခေတ်ကဖိနှိပ်ရေးဥပဒေတစ်ခုဖြစ်သည့် (ရာဇသတ်ကြီး) သည် (နအဖ) စစ်အုပ်စုအတွက် နှစ်လိုဖွယ်ရာ၊ ထွေးပိုက်ထား စရာ“ကိုလိုနီအမွေဆိုး” ဖြစ်နေသည်။ ကိုလိုနီခေတ်/လွတ်လပ်ရေးခေတ်/ မဆလ/နဝတခေတ် စသဖြင့်ပြည်သူများကိုအကြမ်းဖက်ရာတွင် အသုံးတော်ခံခဲ့သော ခေတ်အဆက်ဆက်က ဖိနှိပ်ရေးဥပဒေများကို (နအဖ) စစ်အုပ်စုက“တည်ဆဲဥပဒေများ” ဟုဆိုကာဆက်ခံသုံးစွဲနေသည်။

ဆောင်းပါးတွင် ကိုလိုနီခေတ် (၁၈၆၁ ခုနှစ်) ကတည်းကပြဋ္ဌာန်းထားခဲ့သည့် ပြစ်မှုဆိုင်ရာဥပဒေ(ရာဇသတ်ကြီး) အစ၊ (၅/၉၆) အလယ်၊ ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာဥပဒေပြဋ္ဌာန်းချက်များအဆုံး “တည်ဆဲဥပဒေပုဒ်မပြဋ္ဌာန်းချက်များ” ကိုကောက်နှုတ်ဖေါ်ပြထားပြီး ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင် သပိတ်မှောက်မည့်သူများ/ ဝေဖန်ပြောဆိုနေသူများကို ခြိမ်းခြောက်ထားခြင်းဖြစ်ပါသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အခြားတည်ဆဲဥပဒေများအရ ပြည်သူများအားရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးများပေးထားပြီး ဖြစ်သော်လည်း ပြည်သူများကယင်းအခွင့်အရေးများအားကျင့်သုံးဆောင်ရွက်ခြင်းကို နှောင့်ယှက်ဖျက်ဆီးသည်များလည်း ရှိကောင်းရှိနိုင်သဖြင့် ထိုသို့နှောင့်ယှက်ဖျက်ဆီးသူများအား အရေးယူတားဆီးနိုင်ရန်” ဟူ၍ဖေါ်ပြထားသည်။

(UDP) ပါတီဥက္ကဋ္ဌ ကတော့ ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲကျင်းပသည့် အခါ တရားမျှတမှုရှိလိမ့်မည်ဟု မယုံကြည် တော့သည့်အတွက် လက်ရှိဥက္ကဋ္ဌတာဝန်ကနေ နှုတ်ထွက်သွားခဲ့ပါပြီ။

(၃)

မှတ်ပုံတင်ပါတီများအနက် အသံထွက်နေသည့်ပါတီများမှာ (UDP) ၊ DP(M) နှင့် (NDF) တို့သာဖြစ်သည်။ ကျန်ပါတီများက အသံသိပ်မထွက်ကြ၊ မထွက်ဝံ့ကြတာလားမသိပါ။ (တစည)လည်း အခုတလော အသံတိတ်သွားပြန်သည်။ အသံထွက်ချင်ပါသော်လည်း အသံမထွက်ရတာတော့ ဒေါက်တာတူးဂျာနှင့်ကချင်ပါတီများဖြစ်မည်ထင်သည်။

သူတို့လည်း ရွေးကောက်ပွဲကော်မရှင်မှတဆင့်“အထက်သို့” အသနားခံစာတင်ထားရသေးသလားမသိပါ။
မှတ်ပုံတင်ပါတီတွေကတော့ ရွေးကောက်ပွဲကော်မရှင်က တီးသည့် ဆိုင်းကွက် အတိုင်း က နေကြရသည်။
တည်ထောင်ခွင့်/ဆက်လက်တည်ထောင်ခွင့်လျှောက်ထားကြဆိုတော့ ၂၀၀ဂ အခြေခံဥပဒေကို လက်ခံကြောင်း ဝန်ခံချက်ကလေး တွေထိုးပြီးတင်ပြကြရသည်။ တည်ထောင်ခွင့်/လျှောက်ထားခွင့်ရလာပြန်တော့ မှတ်ပုံတင်ခွင့်လျှောက်ထားကြရပြန်သည်။ မှတ်ပုံတင်ခွင့်ရရှိ ပြီးသည့် အခါမှာလည်း ရက်ပေါင်း (၉၀) အတွင်း ပါတီဝင်အင်အားစာရင်း တင်ပြကြရမည်ဆိုပြန်တော့လည်းတင်ပြနေကြရပြန်သည်။ မှတ်ပုံ တင်ပြီး ပါတီ (၄၀) အနက် (၁၁) ပါတီ က အင်အားစာရင်း တင်ပြထားပြီးကြပြီ။

သို့သော်လည်းရွေးကောက်ပွဲကျင်းပမည့်နေ့ရက်အတိအကျ မည်သူမျှ မသိနိုင်။ ဟနွိုင်းအာဆီယံအစည်းအဝေးတွင် နိုင်ငံခြားရေး ဝန်ကြီး က ရွေးကောက်ပွဲကြေညာတာသူ့အလုပ်မဟုတ်/ ရွေးကောက်ပွဲ ကော်မရှင် အလုပ်ဟုလွှဲချသွားသည်။
ရွေးကောက်ပွဲကော်မရှင်ကလည်း “အထက်က” ဘာမှမပြောသဖြင့် ထုတ်ဖေါ်မကြေညာနိုင်သေး။
“ရွေးကောက်ပွဲနည်းနဲ့စနစ်တစ်ခုကိုတိုက်ဖျက်နေတာဖြစ်တယ် / (Election)ဟာ အမြင့်ဆုံးတိုက်ပွဲ”ဖြစ်သည်ဟု ရိုးသားစွာ ယုံကြည်နေကြသူတွေလည်း ကိုယ့်ဘာသာပြန်လည်ဆန်းစစ်သင့်သည်။

ဗိုလ်သန်းရွှေ ကတော့ ဗုဒ္ဓဂါယာသွားပြီး ရဲဆေးတင်လာခဲ့ပုံပေါ်သည်။
ပြည်သူများကလည်း (မဆလ) တစ်ပါတီအာဏာရှင်စနစ်နဲ့ (၁၉၇၄) အခြေခံဥပဒေကို ဖျက်သိမ်းဖြိုချပစ်ခဲ့သည့် ၈၈ ဒီမိုကရေစီ လူထုအရေးတော်ပုံကြီး၏ အောင်ပွဲခံစိတ်ဓါတ်ဖြင့် အရာရာကို ရင်ဆိုင်ရန်ပြင်ဆင်ထားရမည်။




အညာနွေတမာမြေ

No comments: