လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
သုတေသနနှင့်လေ့လာရေးဌာန
ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၁၂/၂၀၁၀)
(၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၂၆ ရက်)
ကိုယ်ပိုင်အမြင်ပဲထုတ်ပြောလေသလား၊ ရေးပေးတာကိုပြောရရှာလေသလားတော့ဖြင့်အတိအကျမသိနိုင်ပါ။
ကရင်ပြည်နယ်အတွင်း မကြာသေးခင်က နေရာဒေသ (၆) နေရာခွဲပြီး “နယ်ခြားစောင့်တပ်” အဖြစ်ဖွဲ့စည်းအသွင်ပြောင်းသွားတဲ့ (ဒီကေဘီအေ) အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆိုသူကပြောသွားတဲ့စကားပါ။
“မြန်မာ့သမိုင်းတွင် ပါတီနိုင်ငံရေးသမားလက်ထဲကို နိုင်ငံဦးဆောင်မှုတာဝန်များ အပ်ခဲ့စဉ်က မိမိအာဏာရရှိရေးနှင့် ကိုယ်ကျိုး စီးပွားရှေ့တန်းတင်မှုများကြောင့် အမျိုးသား အကျိုးစီးပွားလမ်းကြောင်းမှ သွေဖည်လွဲချော်သွားသည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း” တဲ့။
“ပါတီနိုင်ငံရေးသမား”ဆိုတာ (ဖဆပလ/ပထစ) ခေတ်ကိုပြောတာဆိုရင်ဖြင့် အဲဒီ (ဖဆပလ) အစိုးရခေတ်ဟာဝေးခဲ့၊ ကြာခဲ့ပြီပဲ။
ပါတီနိုင်ငံရေးသမားတွေ အုပ်စိုးနိုင်ခဲ့တာ (၁၄) နှစ်သာသာမျှ ရှိတာပါ။ စစ်အုပ်စုက အုပ်စိုးခဲ့တာ(၄၈နှစ်) ရာစုနှစ်ဝက်ရှိတော့မည်။
သိပ်မဝေးလှသေးတဲ့ကာလဖြစ်တဲ့(မဆလ)ပါတီဆိုတဲ့ ဆိုင်းဘုတ်တပ်ထားတဲ့ စစ်အာဏာရှင်စနစ်အောက်မှာ အဆင်းရဲဆုံးတိုင်း ပြည် (LDC) ဖြစ်ခဲ့ရတာ၊ နှစ်ပေါင်း ၂၂ နှစ်ကျော်(နဝတ- နအဖ) စစ်အစိုးရလက်ထက်မှာရော တိုင်းပြည် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ဘက်ပေါင်းစုံ နိမ့်ကျခဲ့ရတာပဲ မဟုတ်ပါလား။
နိုင်ငံပိုင် ဓနဥစ္စာမှန်သမျှ (နဝတ-နအဖ) စစ်အုပ်စုက လက်ဝါးကြီးအုပ်ထားခဲ့တာပဲ မဟုတ်ပါလား။
အဲဒီလိုခေတ်ဆိုး ခေတ်ပျက်ကြီးထဲမှာ “အပစ်ရပ်တိုင်းရင်းသားခေါင်းဆောင်” ဆိုသူအချို့ဟာ စစ်အုပ်စုကအသုံးချတာကို ခံခဲ့ရပါတယ်။ ခင်ဗျားတို့ဟာ အလွန်ဆုံးဖြစ်နိုင်မှ “လုပ်ငန်းရှင်”ဆိုတဲ့ ခေတ်ပျက်သူဌေးနဲ့ “ရော်ဘာခြံပိုင်ရှင်”လောက်ပဲ ဖြစ်ပါလိမ့်မယ်။ တစ်ချိန်က တော့ မဟာဗမာလူမျိုးကြီးဝါဒကို တော်လှန်တဲ့ မျိုးချစ်တော်လှန်ရေးသမား၊ အမျိုးသားတော်လှန်ရေးသမား အခုတော့ ဘယ်ဘဝမှာ ဆိုက် ရောက်နေပြီလဲ။ (နဝတ-နအဖ) စစ်အုပ်စုက မဟာဗမာလူမျိုးကြီးဝါဒကို စွန့်လွှတ်လိုက်ပြီလား။ ဆက်လက်ကိုင်စွဲထားဆဲလား။
ထူးခြားတာကတော့ (ဖဆပလ)ခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ (မဆလ)ခေတ်၊ (နဝတ-နအဖ)ခေတ်တွေမှာ တိုင်းရင်းသား တော်လှန်ရေးသမား သူရဲကောင်းတွေ၊ အာဇာနည်တွေပေါ်ပေါက်ခဲ့သလို၊ အုပ်စိုးသူထံ ဒူးထောက်အညံ့ခံသွားတဲ့ “တိုင်းရင်းသားခေါင်း ဆောင်” ဆိုသူတွေလည်း ပေါ်ပေါက်ခဲ့တာပါပဲ။ ထို“တိုင်းရင်းသားခေါင်းဆာင်” ဆိုသူတွေဟာ ဗမာလူမျိုးကြီးဝါဒကို မုန်းတီးတဲ့နေရာမှာ ဗမာ လူမျိုးကိုပါ မုန်းတီးတဲ့အစွန်းထိ လူမျိုးရေးပြင်းထန်ခဲ့ကြသူတွေ ဖြစ်တယ်ဆိုတာပါပဲ။ ဒါပေမယ့် သူတို့ဟာ သူတို့မုန်းတီးလှပါတယ်ဆိုတဲ့ မဟာဗမာ စစ်ဝါဒီတွေထံ အညံ့ခံသွားကြတာပဲဖြစ်ပါတယ်။
(နဝတ-နအဖ) စစ်အစိုးရ ခေတ်မှာဆိုရင်လည်း တိုင်းရင်းသားလူမျိုးစုတွေအပေါ် ဖိနှိပ်စစ်ပြုလွန်းလို့ “လူသားမိုင်းရှင်းကိရိယာ” အဖြစ် အသုံးပြုနေတယ်။ “အဓမ္မပြုကျင့်မှုကို လက်နက်သဖွယ်” အသုံးပြုနေတယ်ဆိုပြီး တိုင်းရင်းသား လူ့အခွင့်အရေး အဖွဲ့တွေဟာ နိုင်ငံတကာ အဖွဲ့အစည်းတွေထံသို့ ဖော်ထုတ်အစီရင်ခံခဲ့ကြတာပါ။ တချို့ဆိုလျှင် “လူမျိုးတုန်းသတ်ဖြတ်မှု” (Genocide)ဆိုတဲ့ ဝေါဟာရကို သုံးစွဲပြီး တင်ပြခဲ့ကြတာပါ။ ဒါပေမယ့် အဲဒီဝေါဟာရကို တွင်တွင်ကြီုး သုံးစွဲခဲ့သူ တိုင်းရင်းသားအချို့ဟာ အခုတော့ဖြင့် (နအဖ) စစ်အစိုးရက ပြုလုပ်ပေးမယ့် “၂၀၁၀ ရွေးကောက်ပွဲ” ကို ပါဝင်ဖို့ ထောက်ခံအားပေး နေကြပြန်ပါတယ်။
ဒါ့အပြင် ဒီနေ့ကာလမှာ “တိုင်းရင်းသား”လို့ ပြောရင် “ဗမာ” မပါဘူးဆိုတဲ့ အဓိပ္ပါယ်ထွက်နေပြီး။ “တိုင်းရင်းသားအရေး”လို့ပြောရင် ဒီမိုကရေစီအရေးနဲ့ မဆိုင်ဘူးလို့ သဘောထားနေကြတဲ့ အဖြစ်ဟာလည်း ဆိုးရွားလွန်းလှပါတယ်။ ကုလသမဂ္ဂ အဖွဲ့ကြီးက အသိအမှတ်ပြု ထားတဲ့ မြန်မာနိုင်ငံဆိုတဲ့ ပထဝီအပိုင်း နယ်နိမိတ်အပိုင်းအခြားထဲမှာ နေထိုင်ကြတဲ့ ကချင်၊ ကရင်နီ(ကယား) ၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင် ၊ ရှမ်း၊ ဝ၊ ပအိုဝ်း၊ ပလောင်စတဲ့ လူမျိုးတိုင်းကို “တိုင်းရင်းသား”လို့ ခေါ်ရမှာဖြစ်ပါတယ်။ ကျနော်တို့ တိုက်ပွဲဝင်နေတဲ့ “စစ်အာဏာရှင်စနစ် အကုန်အစင် တိုက်ဖျက်ရေး”ဆိုတာဟာ စစ်မှန်တဲ့ပါတီစုံ ဒီမိုကရေစီအရေးနဲ့ စစ်မှန်တဲ့ ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ အချက်တွေကို အဓိကထား တိုက်ပွဲဝင်နေကြတာပါ။ စစ်အာဏာရှင်စနစ်ကို မဖျက်သိမ်းနိုင်ပဲ။ ဒီမိုကရေစီရေးလည်း မရနိုင်သလို၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်း ခွင့်ဆိုတာတွေကိုလည်း အပြည့်အဝ အကောင်အထည် ဖော်နိုင်လိမ့်မည် မဟုတ်ပါ။
(နဝတ-နအဖ) စစ်အစိုးရပြောနေတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာ ခွန်ထွန်းဦး၊ စိုင်းညွန့်လွင်၊ စဝ်ဆေထင်တို့ကို နှစ် ရှည်ထောင်ဒဏ်ချမှတ်ထားတာ၊ (ကေအင်ယူ)နဲ့ (ဒီကေဘီအေ)ခွဲလိုက်တာနဲ့အချင်းအချင်းပြန်တိုက်ခိုင်းတာ၊ (ကေအိုင်အို)နဲ့ (အန်ဒီအေ)ကို ရန်တိုက်ပေးတာ၊ ဒေါက်တာ တူးဂျာကို (KSPP) ပါတီဖွဲ့ခွင့်မပေးဘဲ၊ ဒူဝါကက်ထိန်နန်ကို ပါတီထောင်ခွင့်ပေးတာ စတာတွေပဲ ဖြစ်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲဝင်မယ့် တိုင်းရင်းသားပါတီ
နယ်ခြားစောင့်တပ်ဖွဲ့ရတဲ့ တိုင်းရင်းသား
နယ်ခြားစောင့်တပ် မဖွဲ့ရေး ရပ်ခံနေတဲ့ တိုင်းရင်းသား
ပြည်ပရောက်ပြီး ရွေးကောက်ပွဲဝင်သင့်ပါတယ်လို့ ရှေ့နေလိုက်နေတဲ့ တိုင်းရင်းသား
လက်နက်ကိုင်ပြီး ဆက်လက်တိုက်ပွဲဝင်နေဆဲ တိုင်းရင်းသား - စသဖြင့် အနည်းနည်းအဖုံဖုံ ဖြစ်နေပါတယ်။
နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းမလား၊ အခြားနည်းလမ်းမရှိလို့ (နအဖ) စစ်အစိုးရက ရာဇသံပေးနေပါတယ်။ အပစ်ရပ် တိုင်းရင်းသားများ ဘယ်လိုရပ်တည်ရင်ဆိုင်ကြမလဲ။ ယနေ့ အထိ နယ်ခြားစောင့်တပ်(၂၃) ဖွဲ့၊ ဖွဲ့စည်းပြီးသွားပါပြီ။
စစ်အုပ်စုက ကြွေးကြော်နေတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာရဲ့ အဆုံးစွန်ရည်မှန်းချက်ကတော့ တိုင်းရင်းသား အပစ် ရပ်အဖွဲ့တွေ (နဝတ-နအဖ) စစ်အစိုးရထံမှာ အကြွင်းမဲ့ လက်နက်ချရေးသာဖြစ်ပါတယ်။
နှစ်ပေါင်းများစွာ အုပ်စိုးသူအဆက်ဆက်ကို လက်နက်ကိုင်တော်လှန်ခဲ့ကြခြင်းဟာ “နယ်ခြားစောင့်တပ်ဖွဲ့ရေး” အတွက် မဟုတ်ပါ။ ထူးခြားချက်လို့ ဆိုရမလားမသိပါ။ တစ်ချိန်က လက်နက်ကိုင်တော်လှန်ရေး ခေတ်ကောင်းစဉ်က တိုင်းရင်းသားလူမျိုးစုတိုင်းမှာ ကိုယ့်အမျိုးသားကို ကာကွယ်ဖို့ တပ်ဖွဲ့၊ တပ်မတော်ကိုယ်စီ ရှိခဲ့ဖူးတယ်။ အုပ်စိုးသူတွေကို တော်လှန်ခဲ့ဖူးတယ်။
ယနေ့ မီဒီယာခေတ်မှာလည်း တိုင်းရင်းသားလူမျိုးစုတိုင်းနီးပါး မီဒီယာ ကိုယ်စီ ရှိနေကြတယ်။
ပိုင်ဆိုင်ရရှိထားတဲ့ မီဒီယာကို စစ်အုပ်စုရဲ့ အကြမ်းဖက်မှု၊ ကောက်ကျစ်ယုတ်မာမှု၊ လှည့်ဖျားမှုတွေကို စဉ်ဆက်မပြတ် ဖွင့်ချပြီး၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနဲ့ အဖိနှိပ်ခံပြည်သူများသွေးစည်းညီညွတ်ရေး ဘုံဦးတည်ချက်အတွက် ထိထိရောက်ရောက် အသုံးပြု နိုင်လျှင် ကောင်းလေစွလို့ ဆုတောင်းမိပါတယ်။

အညာနွေတမာမြေ
1 comment:
အမှန်တရားတွေချည်းပါပဲဗျာ..အဓိက ပြည်ပရောက်နေတဲ့ နိုင်ငံရေးသမားတွေ အမှန်တကယ် အမြန်ဆုံး ပေါင်းစည်းပြီးတော့ ပြည်တွင်းကို ၀င်နိုင်အောင် ကြိုးစားပြီး ပြည်သူတွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နိုင်အောင် လုပ်သင့်ကြပါပြီ။ ကျွန်တော်တို့ အမြန်ဆုံး ကြိုးစားသင့်ကြပါပြီခင်ဗျာ.
Post a Comment