အိန္ဒိယနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစု ၄၀ ကျော်က နယူးဒေလီမြို့ ဂျန်တားမန်တားပန်းခြံမှာ စစ်အာဏာသိမ်း နှစ်ပတ်လည်နေ့ ၂၂ နှစ်မြောက် ကန့်ကွက်ဆန္ဒပြပွဲတခု ပြုလုပ်ခဲ့ပြီး စစ်အစိုးရက မကြာခင် လုပ်တော့မယ့် ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ် တည်တန့်စေမယ့် ရွေးကောက်ပွဲဖြစ်လို့ ၀ိုင်းဝန်းဆန့်ကျင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ ABSL ဥက္ကဌ ကိုကျော်သန်းက “စစ်တပ်က အာဏာသိမ်းခဲ့တာ ၂၂ ရှိခဲ့ပြီ။ ၉၀ ပြည့်နှစ်တုန်းကတခါ ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုပြီးတော့ အနိုင်ရတဲ့ အန်အယ်လ်ဒီပါတီကို အာဏာမလွှဲပေးပဲ အာဏာကို ဆက်ယူထားတယ်။ အခုတခါလည်း ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုပြီးတော့ ပြောနေပြန်တယ်။ ဒီရွေးကောက်ပွဲဟာ မတရားတဲ့အပြင် စစ်အာဏာရှင်စနစ် ရှည်အောင်လုပ်မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ ဒီမိုကရေစီရေး၊ လွတ်လပ်ရေးအတွက် ဒီရွေးကောက်ပွဲကိုရော၊ ဒီရွေးကောက်ပွဲကိုထောက်ခံအားပေးတဲ့သူတွေကိုရော ဆန့်ကျင်ရမယ်” လို့ ပြောသွားပါတယ်။
၈၈ လူထုအုံကြွမှုကြီး ဖြစ်ခဲ့ပြီးတဲ့နောက် စက်တင်ဘာ ၁၈ ရက်နေ့မှာ ဗိုလ်ချုပ်ကြီးစောမောင် ဦးဆောင်တဲ့ န၀တ စစ်အစိုးရက အာဏာသိမ်းခဲ့ပါတယ်။
စက်တင်ဘာ ၁၉ ရက်နေ့မှာတော့ စစ်တပ်အာဏာသိမ်းတာကို မကျေနပ်လို့ ဆန္ဒပြတာကြတာကို ပစ်ခတ်နှိမ်နင်းတဲ့အတွက် ကျောင်းသူလေး မ၀င်းမော်ဦးအပါအ၀င် ကျောင်းသား၊ ပြည်သူ၊ ရဟန်း၊ ရှင်လူ အများ အသက်ဆုံးရှုံးခဲ့ကြရသလို ဖမ်းဆီးအကျဉ်းချထားထားတာတွေကိုလည်း ခံခဲ့ကြရပါတယ်။
စစ်အာဏာရှင်စနစ်လက်အောက်မှာ နေထိုင်နေရတဲ့ တလျှောက်လုံးမှာ ပြည်သူတွေအနေနဲ့ လွတ်လပ်ရေးနဲ့ လူ့အခွင့်အရေး အပြည့်အ၀ မရရှိတဲ့အပြင် ဖိနှိပ်မှု အမျိုးမျိုးကို ခံစားကြရပြီး လူမှုရေး၊ စီးပွားရေး၊ ပညာရေး အစရှိတဲ့ ကဏ္ဍအသီးသီးမှာ ချွတ်ခြုံကျလာရတယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူတွေက ဆိုပါတယ်။
မကြာခင် ပြုလုပ်တော့မယ့် ရွေးကောက်ပွဲမှာလည်း စစ်ဖက်ဆိုင်ရာကနေ အရပ်ဖက်ကို ပြောင်းလဲထားတဲ့ စစ်အစိုးရ အရာရှိကြီးတွေ ပါဝင်တဲ့ ကြံ့ဖွံ့ပါတီက ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး ဒါဟာလည်း စစ်အာဏာရှင်စနစ် တရားဝင်တည်မြဲရေးအတွက် လုပ်နေတာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
မကြာသေးခင် ရက်ပိုင်းအတွင်းကပဲ စစ်အစိုးရပိုင် မီဒီယာတွေမှာ ၉၀ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရရှိထားတဲ့ အန်အယ်လ်ဒီပါတီအပါအ၀င် အခြားပါတီ ၅ ခုကို တရားမ၀င်ကြောင်း ကြေငြာခဲ့တဲ့အပြင် ကချင်၊ ကယား၊ ကရင်၊ မွန်နဲ့ ရှမ်းပြည်နယ်တွေက မြို့နယ်တချို့နဲ့ ကျေးရွာအုပ်စု ၃၀၀ ကျော်မှာ အေးချမ်းသာယာမှုမရှိတဲ့အတွက် ရွေးကောက်ပွဲ ပြုလုပ်ဦးမှာ မဟုတ်ဘူးလို့ တရားဝင် ထုတ်ပြန်ကြေငြာထားပါတယ်။
“ရွေးကောက်ပွဲဟာ အလုပ်သမား၊ လယ်သမား နဲ့ အောက်ခြေလူတန်းစားတွေအတွက် အခွင့်အရေး ဘာမှ မပါဘူး။ ဒါကို မဲသွားပေးလိုက်မယ်ဆိုရင် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သလိုပဲ ဖြစ်မယ်။ ကိုယ့်မှာ မဲမပေးပဲ နေပိုင်ခွင့်ရှိတယ်ဆိုတာကိုလည်း သိထားဖို့လိုတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း မဲမပေးပဲ သပိတ်မှောက်ဖို့ ပြောထားပြီးသားဖြစ်လို့ အားလုံးဝိုင်းပြီး မဲသွားမပေးပဲ သပိတ်မှောက်ကြရမယ်” လို့ သာသနာ့ဥသျှောင် (အိန္ဒိယဌာနခွဲ) ရဲ့ ဥက္ကဌ ဦးပညာဇောတက မိန့်ပါတယ်။
စစ်အစိုးရက ၂၀၁၀ နိုဝင်ဘာလ ၇ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီရွေးကောက်ပွဲဟာ စစ်အစိုးရက တဖက်သတ်ရေးဆွဲအတည်ပြုထားတဲ့ ၂၀၀၈ အခြေခံ ဥပဒေကို အခြေခံထားတာဖြစ်လို့ စစ်အာဏာရှင်စနစ် တည်မြဲရေးအတွက် ပြယုဒ်တခုသာ ဖြစ်တယ်လို့ မြန်မာနိုင်ငံရေး အသိုင်းအ၀ိုင်းက ဝေဖန်သုံးသပ်ကြပါတယ်။

အညာနွေတမာမြေ
No comments:
Post a Comment