-->

Monday, September 20, 2010

ရွေးကောက်ပွဲ အသုံးစရိတ်အတွက် ပခုက္ကူခရိုင်မှာ ငွေကောက်ခံမှုရှိနေ


မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြိုနယ် တောင်မြင့်အုပ်စုမှာရှိတဲ့ ရယကတွေက ကျေးလက်နေပြည်သူတွေကို ကော်မရှင်အသုံးစရိတ်အတွက်ဆိုပြီး ငွေကြေးကောက်ခံနေပါတယ်။ တစ်အိမ်ထောင်လျှင် ၈၀၀ကျပ်မှ ၁၀၀၀ကျပ်အထိကောက်ခံနေပြီး ကြောက်တော့လည်းပေးနေကြရတယ်လို့သိရပါတယ်။

တောင်မြင့်အုပ်စုမှာနေတဲ့ ဒေသခံတဦးက သူတို့ဒေသမှာ ကောက်ခံနေတဲ့ ပုံစံအကြောင်းကို

"ရယက ဥက္ကဌ ဦးဝင်းကိုက ဒါဟာခင်များတို့အတွက် ရွေးကောက်ပွဲဖြစ်မြှောက်အောင် လုပ်ဘို့ဖြစ်တယ်လို့ပြောပြီး တောင်းခံတာပါ။ အားလုံးက မကျေနပ်ကြဘူး တစ်နေ့လုပ်မှတစ်နေ့စားရတာဆိုတော့တစ်ချို့မထည့်နိုင်ဘူး " လို့ပြောပြပါတယ်။

ဒေသခံတွေဟာ ဒီကိစ္စကို မကျေနပ်ပေမဲ့ ဘယ်ကိုတိုင်ရမှန်းလည်းမသိဘူးလို့ဆိုပါတယ်။
အဲဒီလိုတိုင်ရမယ်ဆိုတာလည်းမသိကြပါဘူးတဲ့။ တောင်မြင့်အုပ်စုနဲ့ ခင်ရှည်အုပ်စုမှာရှိတဲ့ နယ်မြေခံ
ရယကတွေကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲက ဥက္ကဌ တစ်ယောက်ကို ငွေငါးသောင်းပေးရမယ်လို့ တောင်းခံတာကြောင့် ကျေးလက်နေပြည်သူတွေကို ကောက်ခံရတာဖြစ်ကြောင်း ခင်ရှည် ရယကအဖွဲ့ဝင်တဦးကလည်း ပြောပြတယ်လို့ ဆိုပါတယ်။

ပခုက္ကူခရိုင်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနဲ့ ၈၈ကျောင်းသား ကိုအေးလွင်ဦးဆောင်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်တို့ဟာ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ်လို့သိရပါတယ်။ ဒေသခံပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲမှာ ဘယ်လိုပါဝင်ကြမယ် ဆိုတာနဲ့ပတ်သက်လို့

"ဒီရွေးကောက်ပွဲဟာ တရားမ၀င်တဲ့ အာဏာသိမ်းစစ်အစိုးရကနေ တရားဝင်အစိုးရလုပ်ယုံ သက်သက်ပဲဆိုတာ အားလုံးသိကြပါတယ်။ မဲပုတ်နေတဲ့ ကြံ့ဖွတ်နဲ့ အစိမ်းရောင်ပေါင်းပြီး ထွက်လာမဲ့အစိုးရက အစိမ်းပုတ်ရောင်အစိုးရဖြစ်ယုံကလွဲလို့ ပြည်သူအတွက် ဘာကောင်းကျိုးမှ ဖြစ်လာမှာမဟုတ်ပါဘူးလို့ " အဆိုပါ ဒေသခံက ဆိုပါတယ်။

ဒါကြောင့် ဒေသခံ နိုင်ငံရေးအသိရှိတဲ့ သူတွေက မဲမပေးရေးတွေလှုံ့ဆော်နေကြတယ်လို့သိရပါတယ်။ အကယ်လို့ မဖြစ်မနေထည့်ရမယ်ဆိုရင်လည်း ပယ်မဲဖြစ်အောင်လုပ်ကြဖို့ ဆုံးဖြတ်ထားကြတယ်လို့လည်း ပြောပြသွားပါတယ်။ ပေါက်မြို့နယ် တောင်မြင့်အုပ်စုနဲ့ ခင်ရှည်အုပ်စုမှာ တအုပ်စု ရွာ ၅ရွာစီရှိတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ကို ဆက်သွယ်နိုင်ခဲ့ခြင်းမရှိပါ။




အညာနွေတမာမြေ

No comments: