-->

Monday, September 13, 2010

ဒီလိုပဲ ဆက်ရှိခိုးကန်တော့ကြဦးမှာလား



ဒီပုံကိုကြည့်ပါဦးဗျာ။ သံရုံးဝန်ထမ်းတွေ ဦးသန်းရွှေတင်မက ဒေါ်မကြိုင်ကိုပါ ရှိခိုးနေကြရတယ်။ စိတ်ထဲပါသည်ဖြစ်စေ မပါသည်ဖြစ်စေ လက်ရှိရာထူးလေး မြဲနေဖို့ ဦးတင်ရှိခိုးနေရရှာတယ်။ သူတို့များဆက်လက် အာဏာတည်နေမယ်ဆိုရင် ကျန်တဲ့ ရွှေမိသားစုကို ပါရှိခိုးရမလားပဲ။

အရင်ကြားဖူးတာကတော့ တခြားဗိုလ်ချုပ်ကတော်တွေဆိုရင် သူတို့အိမ်ဦးနတ်တွေ ရာထူးတိုးဖို့ သမီးတော်တွေဝတ်ပြီးသား ခြေထောက်နဲ့ခတ်ထားခဲ့တဲ့ ထမီတွေပါ လျှော်ပေးရ သနပ်ခါးပါ သွေးပေးရတယ်တဲ့။ ယုံတမ်းစကားတော့မဟုတ်ဘူးနော် တကယ်လုပ်ခဲ့ရတဲ့ ဗိုလ်ချုပ်ကတော်တွေ အိမ်ရောက်မှ လင်တော်မောင်ရင်ခွင်ကိုအပ်ပြီး ရှိုက်ကြီးတငင်ငိုကျွေးကြဆိုပဲ။

ဒါပေမဲ့ သူတို့ကိုယ်ချင်းစာတရားတွေပွားလာသလားဆိုတော့ အောက်ကတိုင်းမှူးကတော်တွေကို တန်ပြန်ခိုင်းရင်း အောက်ခြေထိ သံသရာလည်တော့တာပါပဲ။ နောက်ဆုံးခံရတာတော့ အောက်ခြေရဲဘော်လေးတွေမိန်းမပါပဲ။ ယောကျာင်္းလစာနဲ့မလောက်လို့ အပြင်ထွက်အလုပ်လုပ်ရတဲ့ကြားက အဆင့်ဆင့်အရာရှိကတော်တွေကခေါ်လို့ အစေခံလို သွားလုပ်နေကြရရှာတယ်ဗျာ။

ဘယ်တော့များ ဒီစနစ်ကြီးပျောက်မလဲ ရဲဘော်တို့ရေ ရဲဘော်တို့ဘ၀ကို ကိုယ်ချင်းစာပါတယ်။ ဒီစနစ်ကြီးပြောင်းလဲအောင် ရဲဘော်တို့အပါအ၀င် တိုင်းသူပြည်သားတွေမှာတာဝန်ရှိကြပါတယ်။

ဒီတော့ မကြာခင်ပေါ်ပေါက်လာတော့မှာ အာဏာရှင်သက်ဆိုးရှည်စေမဲ့ ရွေးကောက်ပွဲကို ပြည်သူတွေဆန့်ကျင်လာတဲ့အခါ ပြည်သူ့ဘက်ကရပ်တည်ကြပါ။ ပြည်သူမုန်းတဲ့စစ်သားဘ၀ကနေ ပြည်သူ့စစ်သားဖြစ်အောင် ပြည်သူ့ရင်ခွင်ကို ပြန်လည်ခိုလှုံကြပါလို့ တိုက်တွန်းပါရစေ

ပြည်သူသာအမိ ပြည်သူသာအဖ


အညာနွေတမာမြေ

No comments: