-->

Friday, October 8, 2010

မမြင်လိုတော့ပါ၊ မကြားလိုတော့ပါ၊ မပြောလိုတော့ပါ

ကမ္ဘာမြေပြင်ပေါ်သို့ ရောက်ရှိသည့် နေ့ရက်၊ အချိန်ကာလများ မတူညီကြသော်လည်း ကမ္ဘာမြေပြင်မှ ပြန်လည်ထွက်ခွာသွားချိန်တို့သည် အဘယ်ကြောင့် တူညီတိုက်ဆိုင်နေကြပါသလဲ။
မရဏမင်းသည် ဥပဒေမရှိ။ လူတန်းစားမခွဲ။ အချိန်ကာလ သတ်မှတ်ချက်မရှိ၊ ဆင်းရဲချမ်းသာ မိတ်ဆွေရန်သူမခွဲ၊ အသက်ကြီးငယ်မရွေး ခေါ်ဆောင်သွားလေ့ရှိသည်။



မြောက်ဥက္ကလာပမြို့နယ်ရှိ ဦးကျော်မောင် အသက် (၇၈)နှစ်သည် လူကြီးရောဂါဖြင့် ၈.၁၀.၂၀၁၀ (သောကြာနေ့) နံနက် (၇း၀၀) နာရီအချိန်တွင် ဘ၀တစ်ပါးသို့ ပြောင်းသွားပါ၍ သမီးဖြစ်သူသည် ဦးကျော်မောင်၏ ကျန်ရစ်သော ရုပ်အလောင်းအား ရေဝေးသုဿန်တွင် သင်္ဂြိုလ်မှုပြုလုပ်ရန် ဆရာဝန်၏ သေဆုံးကြောင်းလက်မှတ်၊ ရပ်ကွက်တွင်း နေထိုင်ကြောင်း ထောက်ခံချက်၊ မြို့နယ်ကျန်းမာရေးဌာနမှ သချိုင်းလက်မှတ် စသည်တို့ကို လိုက်လံတောင်းခံပြီး နေအိမ်သို့ ပြန်လည်ရောက်ရှိသောအခါ နေအိမ်တွင် ကျန်ရစ်ခဲ့သော အဆုတ်ဝေဒနာရှင် အကိုဖြစ်သူ ဦးတင်ထွန်းအသက် (၅၇)နှစ်သည်လည်း ဖခင်ဖြစ်သူနောက်သို့ လိုက်ပါသွားပြီဖြစ်ကြောင်း သိရှိလိုက်ရသည်။

ယင်း ဦးကျော်မောင်နေအိမ်တွင် အသက်ကြီးရင့်ပြီဖြစ်သော ဖခင်ဦးကျော်မောင်၊ အကိုဖြစ်သူ အဆုတ်ဝေဒနာရှင် ဦးတင်ထွန်းနှင့် မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်ရှာဖွေပေးနေရသော သမီးဖြစ်သူတစ်ဦး၊ မိသားစု (၃) ဦးသာ နေထိုင်ကြသည်။ ယခုမူ မရဏမင်း၏ ခေါ်ဆောင်မှုကြောင့် သမီးဖြစ်သူတစ်ဦးတည်းသာ လောကကြီးအလယ်တွင် ကျန်ရစ်ခဲ့တော့သည်။
ဘ၀တစ်ပါးသို့ ပြောင်းသွားသော ဦးကျော်မောင် အသက် (၇၈) နှစ်နှင့် ဦးတင်ထွန်း အသက် (၅၇) နှစ်တို့၏ ရုပ်အလောင်းတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် အသင်းသားများအပြင် နာရေးကူညီမှုအသင်း(ရန်ကုန်) ၀တ်ရွတ်အဖွဲ့၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ၏အသင်းသား ဦးစည်သူမှ ကူညီပံ့ပိုးပေးသော နာရေးပရိတ်သတ်များ လိုက်ပါပို့ဆောင်ရန် BM ကားတစ်စီးတို့ဖြင့် ကူညီဖေးမပေးခဲ့ကြပါသည်။



မနေ့ကအမေနဲ့ သား၊ ပြီးတော့ ဒီနေ့ အဖေနဲ့ သားအပြစ်မဲ့ ပြည်သူတို့ကိုမညှာမတာ၊ ရက်ရက်စက်စက်၊ စည်းမဲ့ကမ်းမဲ့ ဥပဒေမဲ့စွာဖြင့် ခေါ်ဆောင်သွားလေ့ရှိသော မရဏမင်းကြီးအား ယခုလိုအဖြစ်ဆိုးများကို နောက်ထပ် ထပ်မံ၍ မဖြစ်ပေါ်ပါစေနှင့် ထပ်မံ၍ မခေါ်ဆောင်ပါနှင့် ထပ်မံ၍ မကြားပါရစေနှင့် ထပ်မံ၍ မမြင်ပါရစေနှင့် ဟုသာ …… ။


မှတ်တမ်း။ ။ နာရေးကူညီမှုအသင်း(ရန်ကုန်)

အညာနွေတမာမြေ

No comments: