-->

Sunday, November 21, 2010

သခင်အားရ ကျွန်ပါးဝတဲ့ ဇီးပင်ကြီး တက္ကသိုလ်ဝန်ထမ်းများ


ကျွန်တော်ကတော့ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးကျေးရွာအနီးက ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှာ တက်ရောက်နေတဲ့ ဦးစီးအရာရှိဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။ တက္ကသိုလ်လို့အမည်တပ်ထားပေမဲ့ တကယ်တော့ တက္ကသိုလ်အဆင့်မဆိုထားနဲ့ ကောလိပ်အဆင့်တောင်မရှိလှဘဲ သာမန်ဘော်ဒါကျောင်းအဆင့်လောက်ပဲ ရှိတာပါ။ တကယ်တော့ အဲဒီဝန်ထမ်းတက္ကသိုလ်ဆိုတာတွေဟာ ကြောက်တတ်ဖို့၊ ပေးတာယူ၊ ကျွေးတာစား၊ ခိုင်းတာလုပ်တတ်ဖို့ ၀န်ထမ်းတွေကို မတက်မနေရ ခေါ်ယူပြီး ဦးနှောက်ဆေးတဲ့ စစ်အာဏာရှင်တွေရဲ့ ၀ါဒဖြန့်တဲ့ ဌာနတစ်ခုသာ ဖြစ်ပါတယ်။

အခုလောလောဆယ် အဲဒီမှာ ကြုံတွေ့နေရာတာလေးတွေကို ရင်ဖွင့်ပြောပြချင်ပါတယ်။ အဲဒီတက္ကသိုလ်က ဌာနကြီးမှူးနဲ့ အချို့သော ဌာနမှူးများဟာ မောက်မာလွန်းလှပြီး ၀န်ထမ်းသင်တန်းသားတွေကို ပြောဆိုဆက်ဆံရာမှာ ရိုင်းပြစော်ကားကာ စစ်အာဏာရှင်များထက်ပင် အာဏာဆန်နေလျက်ရှိပါတယ်။ ၀န်ထမ်းများအနေနဲ့လည်း လူတစ်ဦးရဲ့ ရသင့်တဲ့ အခွင့်အရေးများ ဆုံးရှုံးနေရလျက်ရှိပါတယ်။ ဥပမာ- သင်တန်းမခေါ်ခင်က ကန့်သတ်မထားဘဲ သင်တန်းတက်နေစဉ် ၄င်းတို့နဲ့ ပလဲနံပ မသင့်သူများထံမှ မိုဘိုင်းဖုန်းများ(Sim Card, Memory Card အပါအ၀င်)ဇွတ်အတင်း သိမ်းဆည်းခြင်း၊ သင်တန်းသူများကို စာသင်ခန်းမသွားမီ တစ်ကိုယ်လုံး အိတ်ပါမကျန် လှန်လှောရှာဖွေခြင်း(သူတို့ကတော့ တားမြစ်ပစ္စည်းများ စာသင်ခန်းသို့ ယူဆောင်လာမည်စိုး၍ ဟု အကြောင်းပြပါသည်။ သို့သော် မိန်းကလေးများ၏ ကာယိနြေ္ဒကို လွန်စွာထိခိုက်စေပါသည်)များ ပြုလုပ်နေပါသည်။ ထို့ပြင် ၀န်ထမ်းသင်တန်းသားများဆီမှ မကြာခဏ အကြောင်းအမျိုးမျိုးပြကာ ငွေတောင်းခံခြင်းများလည်း ပြုလုပ်လျက်ရှိပါသည်။ ရွေးကောက်ပွဲ မတိုင်ခင်ကလည်း ကြိုတင်မဲတွေကို ခြိမ်းခြောက်ယူတာ ခံခဲ့ရပါသေးတယ်။

လက်ရှိသင်တန်းတက်သူများထဲတွင် အာဏာရှင်များ၏ သားသမီးများ(ဥပမာ- ရဲချုပ်ခင်ရီ၏ သမီး၊ ဆက်သွယ်ရေး ဒုဝန်ကြီး၏ သမီး စသဖြင့်)လည်း ပါဝင်ရာ အာဏာရှိ၊ အာဏာမဲ့ပေါ်မူတည်၍ ခွဲခြားဆက်ဆံမှုများလည်း ရှိပါသည်။ အာဏာရှင်များ၏ သားသမီးများကို ဆိုလျှင် "သခင်အားရ ကျွန်ပါးဝ" ပြုလုပ်လေ့ရှိပါကြောင်း ရင်ဖွင့် တင်ပြလိုက်ရပါသတည်း။

ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ဇီးပင်ကြီးမှ ၀န်ထမ်းသင်တန်းသားတစ်ဦး
အညာနွေတမာမြေ

No comments: