စာရေးဆရာမကြီး လူထုဒေါ်အမာဟာ မျိုးချစ်စာဆိုတော်ကြီး ဖြစ်တယ်။ အမျိုးသားစာဆိုတော်ကြီး
ဆရာကြီး သခင်ကိုယ်တော်မှိုင်း နေရာဆက်ခံမဲ့ အမျိုးသားစာဆိုတော်ကြီးဖြစ်တယ်လို့ ကျွန်တော် အဆိုပြုခဲ့ ပါတယ်။
အဆိုပြုတဲ့ (စံ)
အမျိုးသားစာဆိုတော်ရွေးရာမှာ စာပေပညာရှင်တွေ ဘယ်မူနဲ့ရွေးတယ်ဆိုတာ ကျွန်တော်မသိနားမ လည်ဖြစ်ကြောင်း ကြိုတင်ဝန်ခံပါရစေ။ ကျွန်တော် ဒီလိုအတွေးအမြင်နဲ့ အဆိုပြုခဲ့တာပါ။
ရှေးဦးစွာ “မျိုးချစ်” ဆိုတာ = အမျိုးချစ်သူ အမျိုးကာကွယ်စောင့်ရှောက်သူလို့ အဓိပ္ပါယ်ရပါတယ်။ အမျိုးချစ်တယ်၊ အမျိုးကိုကာကွယ်စောင့်ရှောက်တယ်ဆိုရာမှာလည်း လူမျိုး (လူများ)၊ လူမျိုးပိုင် (တိုင်းပြည်)၊ ဘာသာစကား စာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ချစ်မြတ်နိုးခြင်းနဲ့ ကာကွယ်စောင့်ရှောက်ရခြင်းဖြစ်တယ်။ စာရေးဆရာမကြီး လူထုဒေါ်အမာကို မျိုးချစ်စာဆိုတော်ကြီးဖြစ်တယ်ဆိုတာ ဒီစံနှုံး၊ စံတင်း ဒီပေတံနဲ့ ခြင်တွယ် တိုင်းတာ အဆိုပြုခဲ့တာပါ။
နှိုင်းတုဖွယ်ရှား
ဆရာမကြီး လူထုဒေါ်အမာဟာ တိုင်းပြည်နဲ့ လူမျိုးအပေါ် နက်နက်ရှိုင်းရှိုင်း ချစ်သူဖြစ်ပါတယ်။ မြန်မာ စကား၊ မြန်မာစာပေ၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများကိုလည်း ချစ်ခင် တွယ်တာ မြတ်နိုး စုဆောင်း ရှာဖွေ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရာမှာ နှိုင်းတုဖွယ်ရှားအံ့လို့ ထင်ပါတယ်။ ကျွန်တော်ကဲ့သို့ အများပြည်သူ လက်ခံကြလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။
အထက်ပါတင်ပြချက်များအတွက် အချက်အလက် အထောက်အထားတွေကို ကျွန်တော်ထူးထွေတင်ပြ ရန် လိုမယ်မထင်ပါ။ ဆရာမကြီးဖြတ်သန်းတဲ့ သမိုင်းကြောင်းတလျှောက်မှာ ဆရာမကြီးရဲ့လုပ်ဟန် လုပ်ရပ်များ နဲ့ ဆရာမကြီး ရှာဖွေစုဆောင်း ပြုစုခဲ့ရေးသားခဲ့တဲ့ စာပေကျမ်းဂန် အစောင်စောင်မှာ အပြည့်အစုံ အထင်အရှား ထင်ဟပ်ပေါ်လွင် နေပြီဖြစ်ပါတယ်။
လူမျိုးနဲ့တာဝန် (၂)ရပ်
စာရေးဆရာမကြီး လူထုဒေါ်အမာဟာ အမျိုးသားစာဆိုတော်ကြီးဖြစ်တယ်လို့ ကျွန်တော်အဆိုပြုခဲ့တာ ထပ်တင်ပြပါမယ်။
လူမျိုးတမျိုးဟာ မိမိလူမျိုးတည်တံ့ရေးနဲ့၊ ကြီးထွားရေးတာဝန်နှစ်ရပ်ကို ထမ်းဆောင်ကြရပါတယ်။ လူ မျိုးတည်တံ့ရေးကိုတော့ ထိုလူမျိုးရဲ့ သက်တမ်းရင့်ကျက်မှု အထောက်အထားတွေ တူးဖော်ရှာဖွေစုဆောင်းခြင်း ပြုကြပါတယ်။
လူမျိုးတိုင်းဟာ မိမိလူမျိုးအင်အားကြီးးထွားအောင် အားထုတ်ကြတာ သဘာဝပါဘဲ။ ဒီလိုအားထုတ်ရာ မှာ မိမိလူမျိုးကြီးထွားရေး တခြားလူမျိုးချေမှုန်းရေး၊ တခြားလူမျိုးကြေပြုန်းရေးတို့ကို ကျင့်သုံးမှု တစ်ပါတည်း ပါလာတော့တာပါဘဲ။
ဒီမှာ မြင့်မြတ်တဲ့လူမျိုးနဲ့ ယုတ်ညံ့တဲ့လူမျိုး လူဖြူ နဲ့ လူမဲ၊ လူဝါ၊ ဇာတ်နိမ့်နဲ့ ဇာတ်မြင့်၊ ဘုရင်မျိုးနဲ့ ဆင်းရဲသား၊ ကျေးတော်မျိုး ကျွန်တော်မျိုး၊ လူရိုင်းနဲ့ လူယဉ်ကျေး၊ ဖိနှိပ်တဲ့လူမျိုးနဲ့ အဖိနှိပ်ခံလူမျိုး စတဲ့ လူနဲ့လူခြင်း ခွဲခြားမှုတွေ ပေါ်လာတယ်။ ဒီလိုမျိုး ခွဲခြားခြင်းက လူမျိုးရေးအဓိကရုဏ်းတွေ၊ လူမျိုးရေးစစ်ပွဲတွေ၊ လူမျိုးတုံးသတ်ပွဲကြီးတွေ ဖြစ်ပေါ်လာကြတယ်။ လူမျိုးပျောက်ကုန်တာတွေလည်း ရှိလာပါတယ်။ ဒါကို လူမျိုး ရေးဝါဒလို့ နားလည်လာကြပါတယ်။ ပဒေသရာဇ် သက်ဦးဆံပိုင်ဘုရင်များ၊ ချမ်းသာကြွယ်ဝတဲ့ ဓနရှင်နယ်ချဲ့ သမားနဲ့ အပေါင်းအပါ လူမျိုးရေးဝါဒီတို့က လက်ခံကျင့်သုံးကြပါတယ်။
အဟောင်းနဲ့အသစ်
ဒီလို လူမျိုးခြင်း သတ်ရင်းဖြတ်ရင်းက အသိဥာဏ်ဖွံ့ဖြိုးတိုးတက်လာကြပြီး အတွေ့အကြုံအရ မိမိလူမျိုး ကြီးထွားရေး အခြားလူမျိုးကြေပြုန်းရေး၊ လူမျိုးရေးဝါဒဟာ လူမျိုးတိုင်းအင်အားကြီးထွားရေး အတားအဆီးကြီး ဖြစ်နေတယ်။ မိမိလူမျိုး အင်အားကြီးထွားအောင်လည်းလုပ်ရမယ်။ တခြားလူမျိုး အင်အားကြီးထွားရေးကိုလည်း ကူညီရမယ်ဆိုတဲ့ နည်းလမ်းကိုကျင့်သုံးမှ လူမျိုးတိုင်း အင်အားကြီးထွားနိုင်စေမယ်။ မတူ ကွဲပြားနေတဲ့ လူမျိုးတိုင်းနဲ့ အတူ ပူးပေါင်းနေထိုင်နိုင်မှာဖြစ်တယ်။ ဒီနည်းလမ်းကသာ မျိုးချစ်အစစ်အမှန်ဖြစ်တယ်လို့ တိုးတက်တဲ့လူမျိုး တွေက လက်ခံယုံကြည် ကျင့်သုံးလာကြပါတယ်။ ဒါဟာ လူမျိုးရေးဝါဒနဲ့ မတူကွဲပြားခြားနား တဲ့ အမျိုးသားရေးဝါဒဘဲ ဖြစ်ပါတယ်။ အမျိုးချစ်ခြင်းမှာ မတူကြပါဘူး။ ကွဲပြားမှု ရှိနေတာတွေ့နိုင်ပါတယ်။
ခြေဖဝါးလို
ဆရာမကြီးလူထုဒေါ်အမာဟာ အမျိုးသားရေးအမြင်နဲ့ အမျိုးကိုချစ်သူဖြစ်ပါတယ်။ သူ့အမြင်၊ သူ့စကား သူ့အပြော၊ သူ့အရေးအသားတွေ အားလုံးဟာ အမျိုးသားရေးအမြင်ချည်းဖြစ်တာကို တွေ့နိုင်ပါတယ်။ ဆရာမ ကြီးဟာ သေတပန်သက်တဆုံး နယ်ချဲ့ပဒေသရာဇ်ဆန့်ကျင်ရေး၊ အမျိုးသားရေးအမြင်နဲ့ အမျိုးချစ်တဲ့ ရပ်တည် ချက်အား ဆံချည်တမျှင်မျှမရွေ့တာ အထင်အရှားတွေ့နိုင်ပါတယ်။ စစ်အာဏာရှင်စနစ်ကို မလိုလားပေမဲ့ ဘယ်နိုင်ငံခြားစစ်သားမှ မြန်မာ့မြေပေါ် ခြေတစ်လှမ်းအချမခံ ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာမှ မဟုတ်ပါဘူး။ ဘယ်နိုင်ငံကိုမှ နိုင်ငံခြားစစ်တပ်များ ဝင်ရောက်ကျူးကျော်မှုကို လက်မခံ တာပါ။ နောက်ဆုံးမကွယ်လွန်မှီကလေးမှာပင် “အီရတ်ကို အမေရိကန်စစ်တပ်များဝင်ရောက်ကျူးကျော်မှု” ကို အတိအလင်းကန့်ကွက်ခဲ့ပါသေးတယ်။
မျိုးချစ်စိတ်
ဒါကြောင့် စာဆိုတော်ကြီး လူထုဒေါ်အမာရဲ့ အမျိုးချစ်မှုဟာ ဟစ်တလာလို ဓနရှင်နယ်ချဲ့သမားများလို ပဒေသရာဇ် သက်ဦးဆံပိုင်ဘုရင်များလို လူမျိုးရေးအမြင်နဲ့ အမျိုးချစ်တာမဟုတ်ဘဲ အမျိုးသားရေးအမြင်နဲ့ အမျိုးချစ်သူဖြစ်ကြောင်း ယုံကြည်မှုအရ လူထုဒေါ်အမာအား အမျိုးသားစာဆိုတော်ကြီး ဖြစ်တယ်လို့ အဆိုပြုခဲ့ ခြင်း ဖြစ်ပါတယ်။
ဆုံးဖြတ်ကြပါကုန်
ဆရာကြီးသခင်ကိုယ်တော်မှိုင်း မရှိတဲ့နောက် “စာရေးဆရာမကြီး လူထုဒေါ်အမာဟာ အမျိုးသားစာဆို တော်ကြီး ဖြစ်တယ်” ဆိုတဲ့ ကျွန်တော်တင်ပြတဲ့ အဆိုကို မြန်မာပြည်သူလူထုကြီးနဲ့ စာပေပညာရှင်ကြီးများ အဆုံးအဖြတ်ပေးနိုင်ကြပါရန် ၂၀၁၀ နိုဝင်ဘာ ၂၉ ရက်နေ့ စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ (၉၅)နှစ် မြောက် မွေးနေ့ အထိမ်းအမှတ်အမှီ တင်ပြလိုက်ရကြောင်းပါခင်ဗျား။
မျိုးထွဋ် (ပြည်သူ့ရဲဘော်)
(နိုဝင်ဘာ ၂၉ ရက်နေ့မှာ ကျရောက်တဲ့ အမေမာ့ မွေးနေ့ ၉၅ နှစ်ပြည့် အမှတ်တရ ရေးသားပေးပို့တဲ့ ဘဘဦးမျိုးထွဋ်ကို အညာနွေမှ ကျေးဇူးအထူးတင်ရှိပါသည်)

No comments:
Post a Comment