-->

Monday, November 29, 2010

အမေ ၉၅ နှစ်ပြည့်ပြီ



လူထုက လေးစားချစ်ခင်ရတဲ့ စာရေးဆရာမကြီး လူထုဒေါ်အမာကွယ်လွန်သွားတာ ၂ နှစ်ကျော်ရှိခဲ့ပေမဲ့ လူထုဒေါ်အမာကိုချစ်တဲ့ သားသမီးတွေ လေးစားတဲ့တပည့်တွေ စာပေမြတ်နိုးတဲ့ ပရိတ်သတ်တွေကနေ သူရဲ့၉၅ နှစ်ပြည့်မွေးနေ့ကို စစ်ကိုင်းက မြစင်္ကြာဘုန်းတော်ကြီးကျောင်းမှာ ပြုလုပ်ခဲ့ကြပါတယ်။ ဒီကနေ့ပြုလုပ်တဲ့ မွေးနေ့ပွဲမှာသံဃာ ၂၇၀ ကျော်ကို နေ့ဆွမ်းဆက်ကပ်လှူတန်းခဲ့ပြီး အမျှအတမ်းတွေပေးဝေခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ နာမည်ကြီးစာရေးဆရာတွေဖြစ်ကြတဲ့ မုံရွာဆရာအံ့မောင်၊ ရန်ကုန်က ဆရာထက်မြက် ၊ ဆရာကြည်နိုင် ။ပန်းချီယဉ်မင်းသိုက်နဲ့ မန္တလေးက ဆရာကျော်ရင်မြင့်၊ ဆရာဆူးငှက်၊ ဆရာညီစေမင်း တို့အပြင် ကဗျာဆရာတွေ စာရေးဆရာတွေ ၇၀ ကျော်တက်ရောက်ခဲ့ပါတယ်။ လူထုဒေါ်အမာရဲ့ သားတယောက်ဖြစ်တဲ့ ဆရာညီပုလေးကတော့ အမေ့မွေးနေ့ပွဲကို လာနေကြ ပုဂ္ဂိုလ်တွေမရှိတော့တာတွေ မလာနိုင်တာတွေကြောင့် စိတ်မကောင်း ဖြစ်ရကြောင်းနဲ့ အမှတ်တရစကားကို ခုလိုဆိုပါတယ်။

လာနေကျ ပုဂ္ဂိုလ်တွေ၊ သခင်အုန်းမြင့်တို့လို အဘ ဦးဝင်းတင်တို့လို ပုဂ္ဂိုလ်တွေ မလာနိုင်တာ စိတ်မကောင်းပါဘူး။ ဆရာလူထု စိန်ဝင်းကိုလည်း သတိရပါတယ်။ အမေနဲ့ ပတ်သက်တဲ့ နေ့ထူးနေ့မြတ်တွေမှာလည်း ကျနော်တို့ အထူးသတိရတယ်။ ဒီမှာ အဖြစ်အပျက်တွေက မျိုးစုံကြုံရပါတယ်။ အဲ့လို ကြုံလာတိုင်း ဘာဖြစ်ဖြစ် အမေသာဆိုရင် ဒီကိစ္စ ဘယ်လို ပြောလိမ့်မယ်ထင်တယ်ဆိုတဲ့ ပြောနည်းပြောဖြစ်ကြပါတယ်။


အမေမာရဲ့သား စာရေးဆရာညီပုလေးပြောသွားတာပါ။ အမေမာရဲ့ မွေးနေ့ပွဲကို တက်ရောက်ခဲ့တဲ့ ဆရာကျော်ရင်မြင့်ကလည်း အမေမာရှိစဉ်က အမှတ်တရနဲ့ ယနေ့ထက်တိုင် မမေ့နိုင်တဲ့အကြောင်း ပြောပြပါတယ်။


အမေ အသက်ထင်ရှားရှိနေတဲ့ ကာလတုန်းက နှစ်စဉ်နှစ်တိုင်း အမေရေးဖို့အတွက် ဒိုင်ယာရီစာအုပ်ဝယ်ပြီးတော့ အမေ့ကို ပေးခဲ့ပါတယ်။ ပေးတဲ့အခါမှာ အမေက အမြဲတမ်း ကျနော့်ကို ဒိုင်ယာရီရဲ့ ပထမ စာမျက်နှာမှာ မင်းတခုခုတော့ ရေးပေးပါဆိုပြီးတော့ ရေးခိုင်းလေ့ရှိတယ်။ ကျနော် ရေးပေးလေ့ရှိတဲ့ဟာတခုကတော့ အမေ အသက်ရှင်ဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည် အပြောင်းအလဲ တခု ကောင်းတဲ့ နိုင်ငံတခုကို သွားတဲ့ နေရာမှာ အမေလို အမျှော်အမြင်ကြီးတဲ့သူတွေ အများက ချစ်တဲ့ လေးစားတဲ့သူတွေ အဲ့ဒီလို လူတွေဟာ အမေ့စကားကို နားထောင်ကြမှာပါ။ ဒါကြောင့်မို့လို့ အမေ့လိုလူတွေ အသက်ရှည်ဖို့ သိပ်လိုအပ်ပါတယ်လို့ ကျနော်ရေးပေးလေ့ရှိပါတယ်။ အမေကလည်း လူတွေအတွက် အများကြီး လုပ်သွားတယ်။ နောက် အမေကိုယ်တိုင်က လူတွေကိုချစ်တယ်။ ဒါကြောင့်မို့လို့ လူတွေက အမေ့ကို ချစ်ပြီးတော့ မမေ့ကြတာဖြစ်ပါတယ်။



မန္တလေးက စာရေးဆရာ ကျော်ရင်မြင့်ပြောသွားတာပါ။ အမေမာရှိတုန်းက မွေးနေ့ပွဲကို အမရပူရက တောင်လေးလုံးကျောင်းတိုက်မှာရှိတဲ့ ဆရာတော်ဦးပညာရဲ့ကျောင်းမှာ ကျင်းပခဲ့တာပါ။ အမေလူထုဒေါ်အမာကို မန္တလေးမြို့ ဂုန္တန်ရပ်မှာရှိတဲ့ အဘ ဦးထင် ၊ အမိ ဒေါ်စု တို့မှ ၁၉၁၅ ခု၊ နိုဝင်ဘာ ၂၉ ရက်မှာ မွေးဖွားခဲ့တာပါ။ စာရေးဆရာဖြစ်လာတော့ လူထုအကျိုးပြုစာပေ အမြောက်အများရေးသားခဲ့ပြီး ၂၀၀၈ ခုနှစ် ဧပြီလ ၇ရက်နေ့မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်ခင်မျာ
အညာနွေတမာမြေ

No comments: