လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
သုတေသနနှင့်လေ့လာရေးဌာနဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၁၆/၂၀၁၀)
“ရွေးကောက်ပွဲ”သည် “မတရားမှု/ မသမာမှု/ တစ်ဖက်သတ် အနိုင်ကျင့်မှု”များဖြင့် ပြီးဆုံးခဲ့ပါပြီ။
ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့်နိုင်ငံရေးပါတီများသည် အရှုံးကိုနဖူးတွေ့ဒူးတွေ့ ကြုံတွေ့သိရှိလိုက်ရပါပြီ။ သူတို့သည် ရွေးကောက်ပွဲတွင် တစ်စုံတစ်ရာ တရားမျှတမှုရှိလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။
ယခုအခါ သူတို့မျှော်လင့်ခဲ့သမျှ စိတ်ကူးယဉ်မှုကို ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ကြေညာနေသော ရွေးကောက်ခံ ကိုယ်စားလှယ်များ စာရင်းဖြင့် တစ်စစီချေဖျက်ခံနေရပြီဖြစ်သည်။
ကြုံတွေ့ခဲ့ရသည့် “မတရားမှု/ မသမာမှု/ တစ်ဖက်သတ် အနိုင်ကျင့်မှု”များကို ဖော်ထုတ်ကန့်ကွက်ကြမည်ဟု သူတို့ပြော ဆိုနေသံကြားရပါသည်။ ၄င်းတို့ရွေးချယ်ခဲ့သောလမ်းပေါ်တွင် ၄င်းတို့၏ နစ်နာဆုံးရှုံးမှုများကို ဆက်လက်တိုက်ပွဲဝင်သွားကြရမည်ဖြစ်သည်။ သို့သော်လည်း ၄င်းတို့ရွေးချယ်ခဲ့ကြသောလမ်းပေါ်တွင်ရှိသော “ဒီမိုကရေစီအခွင့်အရေး” ဆိုသည်မှာ ၄င်းတို့ ထင်မြင်မျှော် မှန်းထားသလောက်မဟုတ်ကြောင်း သဘောပေါက်သင့်ပါသည်။
(နအဖ) စစ်အစိုးရသည် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်း ဥပဒေများ၊ ချုပ်ကိုင်ထားသည့် အဆင့်ဆင့်သော အုပ်ချုပ်ရေးယန္တရားကို လက်ရင်းထားပြီး တစ်ဖက်သတ်ဖိနှိပ်နေခြင်း၊ အနိုင်ကျင့် အကြမ်းဖက်နေခြင်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေမရှိသော စစ်အာဏာရှင်စနစ်သည် ယခုအခါ ဖွဲ့စည်းပုံအခြေခံဥပဒေရှိသော စစ်အာဏာရှင်စနစ် ဖြစ်လာခဲ့ပြီ။ ယနေ့ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများကြုံတွေ့ခဲ့ရသည့် “မတရားမှု/ မသမာမှု/ တစ်ဖက်သတ်အနိုင်ကျင့်မှု”များကို ကန့်ကွက်မည်ဟုဆိုရာ၌ ဘဝတူနိုင်ငံရေးပါတီများ အတူတကွပူးပေါင်းဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ပြည်သူတစ်ရပ်လုံး ပါဝင်လာစေရန် အထူးကြိုးပမ်းကြရပေလိမ့်မည်။
“မတရားမှု/မသမာမှု/တစ်ဖက်သတ်အနိုင်ကျင့်မှု”များဖြင့် ပြီးဆုံးခဲ့သော ရွေးကောက်ပွဲနှင့် တပြိုင်နက်တည်း ဆိုသလိုပင် “မြဝတီ၊ ဘုရားသုံးဆူ”တို့ ဘက်မှပေါ်ထွက်လာသော သေနတ်သံများနှင့် အသစ်တစ်ဖန်စုဖွဲ့လာကြသည့် “ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးကော်မတီ”တို့သည် (နအဖ)စစ်အစိုးရကြွားလုံးထုတ်ဝါဒဖြန့်နေသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဟူသည်မှာ ဟန်ပြသက်သက်မျှသာဖြစ်ပြီး လက်တွေ့တွင်မတည်ရှိကြောင်း ရှင်းလင်းစွာထုတ်ဖေါ်ပြသနေသည့် သက်သေခံချက်များဖြစ်ပါသည်။
သို့ပါ၍ရွေးကောက်ပွဲလွန်ကာလ မြန်မာ့နိုင်ငံရေးပြဿနာများ၏ အဓိကဖြေရှင်းရေးသော့ချက်မှာ (၂၀၀၈)ဖွဲ့စည်းပုံအခြေခံ ဥပဒေတိုက်ဖျက်ရေးနှင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးသာဖြစ်မြဲဖြစ်ပါသည်။
(၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေတိုက်ဖျက်ရေးနှင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးကို (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ အရဖွဲ့စည်းမည့် “လွှတ်တော်” ထဲတွင် အရေးဆိုတိုက်ပွဲဝင်၍မရနိုင်ပါ။
ပြည်တွင်းပြည်ပအင်အားစုအားလုံး တစ်စုတစ်စည်းတည်း တိုက်ပွဲဝင်မှသာ ရနိုင်ပါလိမ့်မည်။

No comments:
Post a Comment