ကိုညီ။ ဒီဇင်ဘာ ၂၁ ရက်၊ ၂၀၁၀
မြန်မာရုပ်ရှင်မင်းသား ပြေတီဦးနဲ့ ရုပ်ရှင်မင်သမီး အိန္ဒြာကျော်ဇင်တို့ရဲ့ မင်္ဂလာပွဲကို ဇန်န၀ါရီလအတွင်း ကျင်းပဖို့ စီစဉ်ထားရာ တောင်းရမ်း မင်္ဂလာ၊ လက်မှတ်ရေးထိုးမင်္ဂလာ၊ ဆွမ်းကျွေးမင်္ဂလာ၊ စုလျားရစ်ပတ် ဘိတ်သိတ်မင်္ဂလာ၊ လက်ထပ်မင်္ဂလာ၊ မင်္ဂလာညစာစားပွဲ စသည်ဖြင့် မင်္ဂလာပွဲခြောက်ပွဲ ကျင်းပပြီး ပြည်တွင်းရုပ်သံလွှင့်အစီအစဉ်တခုဖြစ်တဲ့ အမ်အာတီဗီ ၄ (MRTV4) ကလည်း လက်ထပ်မင်္ဂလာပွဲကို တိုက်ရိုက် ရုပ်သံရိုက်ကူးထုတ်လွှင့်မှာ ဖြစ်ကြောင်း သိရှိရပါတယ်။ ထို မင်္ဂလာပွဲဟာ သမိုင်းမှာ ထူးထူးခြားခြား ကျင်းပတဲ့ မင်္ဂလာပွဲဖြစ်သလို မြန်မာပြည်တွင်း ရုပ်သံက ပထမဆုံးအကြိမ် တိုက်ရိုက် ထုတ်လွှင့်ပြသတဲ့ မင်္ဂလာပွဲ ဖြစ်ပါတယ်။ ထိုနည်းတူ ဝေဖန်သံများစွာ ပေါ်ထွက်နေတဲ့ မင်္ဂလာပွဲလည်း ဖြစ်ပါတယ်။
ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ မင်္ဂလာပွဲများကို ၂၀၁၁ ဇန်န၀ါရီ ၁ ရက်နေ့မှ စတင်ကာ ဇန်န၀ါရီ ၂၁ ရက်နေ့အထိ ခြောက်ကြိမ်ခွဲကာ ကျင်းပသွားကြမှာ ဖြစ်ပါတယ်။ အစီအစဉ်များရဲ့အစ တောင်းရမ်းမင်္ဂလာပွဲကို ၂၀၁၁ ဇန်န၀ါရီ ၁ ရက်နေ့မှာ အိန္ဒြာကျော်ဇင်ရဲ့ နေအိမ်တွင် ပြုလုပ်မှာ ဖြစ်ပါတယ်။ အဲဒီနောက် လက်မှတ်ရေးထိုး မင်္ဂလာကို ဇန်န၀ါရီ ၄ ရက်နေ့တွင် Traders Hotel ၌လည်းကောင်း၊ ဆွမ်းကျွေးမင်္ဂလာကို ဇန်န၀ါရီ ၁၅ ရက်နေ့တွင် မဟာစည်သာသနာ့ရိပ်သာ၌လည်းကောင်း၊ စုလျားရစ်ပတ် ဘိတ်သိတ်မင်္ဂလာကို ဇန်န၀ါရီ ၁၆ ရက်နေ့တွင် ဆီဒိုးနားဟော်တယ်၌လည်းကောင်း၊ လက်ထပ်မင်္ဂလာပွဲကို ဇန်န၀ါရီ ၂၀ ရက်နေ့တွင် ဆီဒိုးနားဟော်တယ်၌လည်းကောင်း၊၊ မင်္ဂလာညစာစားပွဲကို ဇန်န၀ါရီ ၂၁ ရက်နေ့တွင် အင်းလျားကန်ဟော်တယ်၌လည်းကောင်း ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ထို မင်္ဂလာပွဲများအနက် ဆီဒိုးနားဟော်တယ်၌ ဇန်န၀ါရီ ၂၀ ရက်နေ့တွင် ကျင်းပမယ့် လက်ထပ်မင်္ဂလာပွဲကို ပြည်တွင်းရုပ်သံတခုဖြစ်တဲ့ အမ်အာတီဗီ ၄ (MRTV4) က တိုက်ရိုက် ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။
အခုလို မင်္ဂလာပွဲခြောက်ပွဲတိတိ ကျင်းပဖြစ်ခြင်းဟာ မင်္ဂလာပွဲအတွက် ပံ့ပိုးကြတဲ့ စီးပွားရေးလုပ်ငန်းများကြောင့် ဖြစ်ကြောင်း၊ အမ်အာတီဗီ ၄ (MRTV4) ရုပ်သံအစီအစဉ်ကလည်း လက်ထပ်မင်္ဂလာပွဲကို တိုက်ရိုက် ထုတ်လွှင့်ပြသမယ့်အပြင် အခြားမင်္ဂလာပွဲများကိုလည်း အပိုင်းလိုက် သီးခြားစီ ထုတ်လွှင့်ပြသမှာ ဖြစ်ကြောင်း သိရပါတယ်။ မင်္ဂလာပွဲအတွက် မင်္ဂလာဝတ်စုံကို ခင်စန်းဝင်း၊ ပြည်စိုးအောင်၊ မိုးကုတ် ပေါက်ပေါက်၊ Vivid ၊ Silk & Style ၊ Euphoria ၊ လက်ဝတ်ရတနာများကို စိန်နန်းတော်၊ She Shine ၊ SP Gems ၊ ပန်းအလှ ပြင်ဆင်မှုကို မစန်းစန်းဦး၊ ခင်မောင်ဝင်း ၊ မာမီကျော် (Malaysia) ၊ Marvelous ၊ Eternal Flower ၊ စုလျားရစ်ပတ် ဘိတ်သိတ်ပွဲအတွက် ဖိနပ်ကို ရွှေနဂါးဖိနပ်ဆိုင် တို့က မေတ္တာနဲ့ ကူညီကြမှာ ဖြစ်ပါတယ်။ လက်ထပ်လက်စွပ်များကိုတော့ She Shine က လက်ဖွဲ့တယ်လို့ သိရပါတယ်။
အခုနှစ်များအတွင်း ရန်ကုန်မြို့ ဇေယျာသီရိခန်းမတွင် ကျင်းပခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေရဲ့သမီး မသန္တာရွှေရဲ့ မင်္ဂလာဧည့်ခံပွဲဟာ ပြည်ပရောက် မြန်မာအသိုင်းအ၀ိုင်းများအကြား စိတ်ဝင်စားမှု အတော်ရခဲ့တဲ့ မင်္ဂလာဧည့်ခံပွဲ ဖြစ်ခဲ့ပြီး အခု ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ မင်္ဂလာပွဲများဟာလည်း လူ စိတ်ဝင်စားမယ့်၊ ဝေဖန်ကြမယ့် မင်္ဂလာပွဲတပွဲ ဖြစ်မယ်လို့ အများက သုံးသပ်နေကြပါတယ်။
ထို မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး ယနေ့မြန်မာက နယူးယောက်နေ မြန်မာတဦးကို မေးကြည့်ရာ “ဒီ မင်္ဂလာပွဲဖြစ်ရပ်ဟာ မြန်မာပြည်မှာ လူတန်းစား ကွာဟမှု ဆိုးဆိုးရွားရွား ဖြစ်တည်နေပြီဆိုတာကို ပြသလိုက်တာပါ။ ရန်ကုန်ဆင်ခြေဖုံးနေ ပြည်သူတွေအနေနဲ့ တလကို ၀င်ငွေ သုံး လေးသောင်းလောက်ရအောင် မနည်း ရုန်းကန်နေရချိန် မြန်မာကျပ်ငွေ သိန်းပေါင်းများစွာ အကုန်အကျ ခံပေးနိုင်သူတွေက အခုလို မင်္ဂလာပွဲကြီးကို ကြီးကြီးကျယ်ကျယ် လုပ်ပေးနိုင်တယ် လေ။ ဒီလို မင်္ဂလာပွဲကြီးတွေ ကျင်းပနိုင်တာကို တိုင်းပြည် တိုးတက်တယ် ခေါ်မလား၊ ဆုတ်ယုတ်တယ် ခေါ်မလား၊ ဒါကတော့ ကျွန်တော်တို့အနေနဲ့ ဘယ် ရှုဒေါင့်က ကြည့်သလဲဆိုတာအပေါ်မှာသာ မူတည်ပါလိမ့်မယ်။“ လို့ ပြောပါတယ်
ဘားမားတူဒေးမှ ကူးယူသည်။
အညာနွေတမာမြေ
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment