မန္တလေးဆေးတက္ကသိုလ်က ဒုတိယနှစ် ဆေးကျောင်းသား ၂၅ ယောက်ဟာ အောက်တိုဘာနဲ့ နိုဝင်ဘာလက စာမေးပွဲတွေအပြီးမှာ အဆင့်မမှီလို့ဆိုပြီး ကျောင်းကနေအပြီးအပိုင်ထုတ်ခံလိုက်ရပါတယ်။ အခုထုတ်ခံရတဲ့ ဆေးကျောင်းသား ၂၀ ကျော်ဟာ ကျောင်းခေါ်ချိန်မပြည့်တာရော သုံးခါဖြေရတဲ့စာမေးပွဲမှာပါ မအောင်တာကြောင့် ပါမောက္ခချုပ် ဒေါက်တာသန်းဝင်းလက်မှတ်နဲ့ ကျောင်းကနေအပြီးအပိုင်ထုတ်ခံလိုက်ရတာပါ။ မိဘတွေကတော့ မျှော်လင့်ချက်နဲ့ ပင်ပင်ပန်းပန်းကြိုးစားရုန်းကန်ထားရတဲ့ကြားက ခုလိုကျောင်းကနေအပြီးအပိုင်ထုတ်ခံလိုက်ရတဲ့အတွက် ဘယ်သူ့ကိုအကူအညီတောင်းရမှန်းမသိဖြစ်နေတဲ့ကြောင်း မိဘတဦးက ပြောပြပါတယ်။
အောက်တိုဘာ နိုဝင်ဘာစာမေးပွဲမှာ ဘာသာရပ်အားလုံးကျတယ်ဆိုပြီးတော့ ၂၅ယောက်ထုတ်လိုက်တာ ခုတော့ကျနော်တို့က ကိုယ်တိုင်ခံစားရပါတယ်။ ခုတော့ဘယ်တိုင်လို့တိုင်ရမှန်းလဲမသိ ဘာလုပ်လို့လုပ်ရမှန်းမသိ ကျနော်တို့လည်းမရှိမဲ့ရှိမဲ့ကြားကကျောင်းထားခဲ့ပြီး ဂုဏ်ယူနေတယ်။ ခုတော့ သောင်ပြင်လွှတ်တဲ့ခွေးလိုဖြစ်နေတယ်။ လူသေသလိုခံစားရတယ် တချို့ဆိုငိုနေတာ ခုထိတောင်ငိုလို့မပြီးသေးဘူး
မိဘတဦးပြောသွားတာပါ။ ကျောင်းသားတွေ ခုလိုကျောင်းထုတ်ခံရတာနဲ့ပတ်သက်ပြီး မန္တလေးဆေးတက္ကသိုလ်မှာ စာသင်ကြားပေးနေတဲ့ ကထိကဆရာတယောက် ရှင်းပြတာကတော့
အရည်အချင်းမြှင့်တဲ့ကာလဆိုတော့ ကျောင်းသားတွေကို ပိုတော်လာအောင်ဆရာတွေဘက်ကတော့ လုပ်နေကြတာပါပဲ စကန်းရီးယားကနေ ပတ်တူးထိက ၂ကြိမ်ထိကျခွင့်ရှိတယ် ၃ကြိမ်ကျရင်တော့ ထုတ်ပလိုက်တာပေါ့ ကျနော်တို့ခေတ်တုန်းက ဆေးတက္ကသိုလ်ကျောင်းသားနဲ့တော့လုံးဝမတူတော့ဘူး တချို့က ၀ါသနာမပါဘဲနဲ့ လာတက်ကြတာကိုး မိဘတွေရဲ့ ဘိုင်ဖိုစ်နဲ့တက်ရတော့ တက်ရင်းနဲ့ စာတွေကလည်းအရမ်းများတဲ့အခါကျတော့ ကျောင်းနဲ့ပိုပြီးအလှမ်းဝေးသွားတဲ့သဘော ဒါတွေကတော့ရှိပါတယ်။
ဆေးတက္ကသိုလ်က ဆရာတဦးပါ ဒီလိုဖြစ်တဲ့ကိစ္စဟာ ကျောင်းသားရော သက်ဆိုင်ရာဆေးတက္ကသိုလ်ရဲ့ အားနည်းမှုတွေကြာင့်ဖြစ်တယ်လို့ ကျောင်းပြီးကာစ ဆရာဝန်တယောက်က သူ့အတွေ့အကြုံကိုပြောပြပါတယ်။
စာတွေကတော့ခက်တယ် ခက်တာကိုမှကျောင်းသားတွေကလည်း ဂိမ်းဆိုင်တွေတော့ ကျူခုံတွေတို့ စင်တင်တို့မာဆတ်ရှ်တို့ အကုန်ရောက်နေတာကို ခုကစည်းကမ်းနဲ့ကိုင်မယ်ဆိုပြီးလုပ်လိုက်တာ ဒီဘက်ကလည်း အားနည်းချက်တွေရှိတာပဲ သင်တဲ့သူဘက်ကလည်းအားနည်းချက်ရှိတာပဲ သင်ထောက်ကူပစ္စည်းဆို မိုက်ကရိုစကုပ်ဆို တယောက်တလုံးရှိရမှာ လူ လေးငါးဆယ်တလုံးကြည့်ရတယ်။ပြီးတော့ အလောင်းတွေဘာတွေခွဲစိပ်လုပ်ရတာလည်း အရင်တုန်းက လေးငါးယောက်တလောင်းပေါ့လေ ခုက ၁၀ချီ ရာချီမှတလောင်းဆိုတော့ ဘယ်သူမှလည်းဝင်မစမ်းဖြစ်တော့ဘူး စာကိုလည်းစိတ်ဝင်စားမှုမရှိဘူးအဲလိုဖြစ်နေတာ ကျောင်းသားဦးရေများပြီး သင်မယ့်ဆရာကလေးနည်း ကြပ်မှတ်မှုကလည်း အဲလိုဖြစ်နေတာ
ကျောင်းပြီးကာစ ဆရာဝန်တဦးပြောသွားတာပါ။ အခုလို ဆေးကျောင်းသားဘ၀ကနေ ရာသက်ပန်ထုတ်ခံလိုက်ရတာကြောင့် ကာယကံရှင်ကျောင်းသားတွေထက် မိဘတွေမှာ ရတက်ပွေပြီး သောကတွေပင်လယ်ဝေနေကြရတယ်လို့ သိရပါတယ်ဗျား

No comments:
Post a Comment