-->

Saturday, January 15, 2011

အလောင်းဘုရားရဲ့ ရွှေသ၀ဏ်လွှာ

သက္ကရာဇ် ၁၇၅၆ ခုနှစ်လောက်တုန်းက အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ကနေ ဒုတိယမြောက် ဂျော့ရှ်ဘုရင် ဆီကို ပို့တဲ့ ရွှေသ၀ဏ်လွှာအကြောင်း တယ်လီဂရပ် မှာ ဒီလို ရေးထားတယ်။

ပတ္တမြား ၂၄ လုံးနဲ့ စီခြယ်ထားပြီး ရွှေပြားပေါ်မှာ မြန်မာစာလုံးတွေ ထွင်းထားတဲ့ အဲ့ဒီ ရွှေသ၀ဏ်လွှာမှာ ဗြိတိန်နိုင်ငံနဲ့ ဗမာနိုင်ငံ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ ကုန်သွယ်ရေးအကြောင်းတွေကို ရေးထားတာလို့ ပညာရှင်တွေက ပြောတယ်။



ဆင်စွယ်ထဲမှာ လိပ်ပြီး ထည့်ထားတဲ့ ဒီသ၀ဏ်လွှာဟာ ဒုတိယမြောက် ဂျော့ရှ်ဘုရင်ရဲ့ မွေးရပ်၊ ဂျာမဏီနိုင်ငံ Hanover မြို့က Leibniz စာကြည့်တိုက်ရဲ့ လုံခြုံရေး မီးခံတိုက်ထဲမှာ နှစ်ပေါင်းများစွာ ဒီအတိုင်း ရှိနေခဲ့တာပါတဲ့။

“ဘုန်းတန်းခိုး အာနုဘော်နှင့် ပြည့်စုံကြွယ်ဝသော ရေမြေ့သခင်၊ မင်းများ၏ ဘုရင်၊ ရွှေ ငွေ ကျောက်သံပတ္တမြားတို့ကို ပိုင်စိုးတော်မူသော ဆင်ဖြူများရှင်၊ ဆင်နီများရှင် အရောင်စုံလှသော ဆင်များရှင်မှ အင်္ဂလိပ် တိုင်းပြည်ကို အုပ်ချုပ်သော ဘုရင်မင်းမြတ်ထံသို့ နှုတ်ခွန်းဆက်သပါတယ်” လို့ ရွှေသ၀ဏ်လွှာမှာ ကုန်းဘောင်ခေတ်ဦး မြန်မာစာပေ အရေးအသားနဲ့ ဖွဲ့နွဲ့ အစချီထားပါသတဲ့။

အဲ့ဒီအချိန်တုန်းက ဗြိတိန် ဘုရင်ရဲ့ သံတမန် Mr. Henry Brooke ရဲ့တောင်းဆိုချက်အရ ပုသိမ်ဆိပ်ကမ်းမှာ အင်္ဂလိပ် သင်္ဘောတွေ ဆိုက်ကပ် ကုန်သွယ်ဖို့ ဆိပ်ကမ်းတည်ဆောက်ခွင့်ပေးတဲ့အကြောင်း၊ ပုသိမ်မြို့ဝန်ကိုလည်း ညွှန်ကြားထားတဲ့အကြောင်းတွေ ဂျော့ရှ်ဘုရင်ကို အကြောင်းကြားတဲ့ စာပါတဲ့။

ဒီသ၀ဏ်လွှာကို လေ့လာခဲ့တဲ့ သမိုင်းပညာရှင် Dr Jacques Leider က ဒီစာကို ပို့တဲ့အခါမှာ ဗြိတိန်က သိမ်းပိုက်ထားတဲ့ အိန္ဒိယနိုင်ငံ မဒရပ်စ်ကနေတဆင့် ပို့လိုက်တာဖြစ်ပြီး ဗြိတိန်နန်းရင်းဝန် William Pitt ကနေမှ တဆင့် ဒုတိယမြောက် ဂျော့ရှ်ဘုရင်ဆီကို ရောက်တယ်၊ ဂျော့ရှ်ဘုရင်က Hanover က စာကြည့်တိုက်ကို ၁၇၅၈ မတ်လမှာ ပို့လိုက်ပြီး ဒီသ၀ဏ်လွှာနဲ့ ပတ်သက်လို့ တရားဝင် အကြောင်းပြန်တာ တစုံတရာ မရှိခဲ့ပဲ နှစ်ပေါင်း ၂၅၀ ကျော်ကြာ ဒီအတိုင်း ရှိနေခဲ့တဲ့ အကြောင်း၊ မြန်မာလို ရေးထားတာမို့ ဘယ်သူကမှလည်း မဖတ်တတ်ခဲ့ကြတဲ့အကြောင်း၊ ဒိန်းမတ်ဘုရင် Christian VII ရဲ့လက်ထက်မှာ စာကြည့်တိုက်ထဲက သမိုင်းဝင် ပစ္စည်းတွေ ပျက်စီးသွားတဲ့အထဲမှာ အလောင်းမင်းတရားကြီးရဲ့ ရွှေသ၀ဏ်လွှာလည်း ပါတာကြောင့် စာတွေကို ဖတ်ရှူလေ့လာဖို့ ခက်ခဲခဲ့တဲ့အကြောင်း၊ ၃ နှစ် အချိန်ယူ လေ့လာခဲ့ရပြီးတော့မှ အခုလို ထုတ်ဖော်ပြသတဲ့ကြောင်း ပြောဆိုထားပါတယ်။

ဒီ ရွှေသ၀ဏ်လွှာကို ဂျာမဏီနိုင်ငံ Hanover မြို့က အဲ့ဒီ Leibniz စာကြည့်တိုက်မှာ ဇန်န၀ါရီ ၁၈ ရက်နေ့အထိ အများပြည်သူလေ့လာနိုင်အောင် ခေတ္တပြသထားမယ်လို့ သိရပါတယ်။ ရွှေသ၀ဏ်လွှာဟာ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိနေတာမို့ အများပြည်သူကို ပြသဖို့ ဒီအတိုင်း အမြဲတမ်းထားမှာလားဆိုတာကတော့ မသေချာသေးပါဘူး။

No comments: