-->

Monday, January 10, 2011

ကလေးမြို့ဓါတ်ဆီဆိုင်မီးလောင်

ဒီကနေ့ညနေ ၄နာရီလောက်က စစ်ကိုင်းတိုင်း ကလေးမြို့လယ် ပင်လုံရပ်ကွက် လေယာဉ်ကွင်းဘေးမှာရှိတဲ့ ပုဂလိက ဓာတ်ဆီဆိုင်မှာ ဓါတ်ဆီတွေသယ်လာတဲ့ ဘောက်ဆာကားတစီးဆီဖြည့်နေတုန်း ပေါ့ဆမှုကြောင့် မီးလောင်သွားခဲ့ပါတယ်။ ညနေ ၅ နာရီကျော်မှာတော့ မီးညွန့်ကျိုးသွားပေမယ့် ဆိုင်ထဲမှာရှိတဲ့ ဆီတွေမကုန်မချင်းမီးလောင်နေတဲ့အကြောင်း ဒေသခံတဦး ပြောပြတာကတော့

ကလေးမြို့ ဘီအိုစီပေါ့နော် ဓာတ်ဆီဆိုင် ပုဂ္ဂလိကကို ပေးထားတဲ့ဟာ ဘောက်ဆာက စလောင်တာ။ အဲ့ဒီတော့ ဘောက်ဆာကနေ လောင်နေတာဆိုတော့ ဆီမကုန်မချင်းလောင်နေတာပေါ့။ ဘယ်မှတော့ ကူးတာမရှိဘူး။ ၀ိုင်းကြီးကကျယ်တော့ အဲ့ဒီဝိုင်းကြီး ထဲတင် ဆီတွေလောင်နေတာ။ ၄ နာရီလောက် စလောင်တာ ၅ နာရီ ၁၀ မိနစ်လောက်မှ နည်းနည်းငြိမ်းသွားတာ။ မီးတွေကတော့လောင်တော့လောင်နေသေးတာပေါ့ လောလောဆယ် အချိန်မှာကတော့လေ။ အခုဟာက နွေရာသီတောင် မရောက်သေးဘူး။ ဆောင်းတောင်မီးကလောင်နေပြီ။ ဟာ .. စိုးရိမ်နေရာတာကွာ၊ ကြောက်လိုက်တာပြောမနေနဲ့ ဒူးတွေတုန် ရင်တွေတုန်နဲ့ အကုန်တုန်ပဲ။

မီးလောင်တဲ့ အနီးနားမှာနေတဲ့ ဒေသခံတဦးပါ။ ဒေသခံမီးသတ်ကားတွေက အချိန်မှီငြိမ်းနိုင်တာကြောင့် ပတ်ဝန်းကျင်ကိုတော့ကူးစက်မှုမရှိပေမယ့် တမြို့လုံးထိတ်လန့်ကုန်တယ်လို့ပြောပါတယ်။ ပြီးခဲ့တဲ့ လကလည်း ကလေးမြို့ အထက (၁) ကြောင်းကြီးမီးလောင်ခဲ့လို့ ကျပ်သိန်း ၇၀၀ ကျော်ဆုံးရှုံးသွားတယ်လို့သိရပါတယ်။ ဒေသခံတွေကတော့ ဓါတ်ဆီဆိုင်ကို မြို့ပြင်မှာရှိစေချင်ကြတယ်လို့ပြောပါတယ်။

No comments: