“အာရောဂျံပရမံလာဘံ”ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟူသောစကားအရကျန်းမာခြင်းသည် လူသားများအတွက် အဓိကဖြစ်တော့သည်။ ကျန်းမာကောင်းမွန်လျှင် စားဝတ်နေရေး၊ ပညာရေးစီးပွားရေး၊ လူမှုရေးလုပ်ငန်းများကိုစွမ်းစွမ်းတမန် လုပ်ကိုင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေးကိုအထူးဂရုစိုက်ကြသည်။ အထူးအားဖြင့် မြန်မာပြည်သူ/သားအများစုသည် ကျန်းမာရေးကိုအထူးဂရုမစိုက်နိုင်ကြချေ။ ဆေးကုသစရိတ် မြှင့်မားခြင်းတို့ကြောင့် အခပေးဆေးရုံဆေးခန်းများသို့ သွားရောက်ကုသခြင်းမပြုလုပ်နိုင်ကြချေ။
နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် ၂၀၁၀ ခုနှစ် တစ်နှစ်တာအတွင်းလူနာစုစုပေါင်း (၃၃၄၄၈) ဦးနှင့် ခွဲစိတ်ကုသရန် လိုအပ်သောလူနာစုစုပေါင်း (၂၁၄၀)ဦးတို့ကိုပြည်သူ့ဆေးရြုံကီး(၈) ရုံတွင် (အခမဲ့) ခွဲစိတ်ကုသပေးခဲ့ရသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ကုသကြမည့် ရောဂါဝေဒနာသည်များအားတိုကင်ပေးစနစ်ဖြင့် စနစ်တကျ သက်ဆိုင်ရာ ဆရာဝန်ကြီးများမှ ကုသပေးမှုကို ပြုလုပ်ခဲ့သည်။ ယခင်ကတိုကင်ပေးချိန်ကိုနံနက် (၈း၃၀) နာရီတွင် စတင်၍ ပေးခဲ့ရာ၌ ည (၁း၀၀) ခန့်မှ စတင်၍ လာရောက်အိုးပစ်အိမ်ပစ် တိုကင်လာရောက်ယူရခြင်း၊ နံနက်မလင်းခင်အချိန်တွင် လိုင်းကားစီးရခြင်း၊ ကားငှါးရခြင်းတို့ အခက်အခဲများ ဖြစ်ပေါ်ခဲ့သည်။
ထို့အပြင် ယင်းတိုကင်လာရောက်ယူကြသော လူနာရှင်များကို လူသားချင်းစာနာစိတ်ကင်းမဲ့စွာ တိုကင်နေရာရောင်းခြင်းတို့ကိုပြုလုပ်သောတုတ်၊ ဓါးတို့ဖြင့် ခြိမ်းခြောက်သောမသမာသူတချို့ရှိကြောင်း သိရှိခဲ့ရသည်။ ထို့ကြောင့် ၂.၃.၂၀၁၁ (ဗုဒ္ဓဟူး) နေ့မှ စတင်၍ ဆေးဝါးကုသလိုသော လူနာများအတွက် မသမာမှုများ၊ လူသားချင်းစာနာစိတ်မရှိမှုများ၊ ဒုစရိုက်မှုများပပျောက်စေရန် ရည်ရွယ်၍ နေ့လည်ပိုင်း (၂း၀၀) နာရီအချိန်သို့ ပြောင်းလဲ၍ တိုကင်ပေးစနစ်ကိုဆောင်ရွက်ခဲ့သည်။ သို့ရာတွင် ကျန်းမာရေးအားအလေးထားကုသလိုကြသောလူနာများ၊ လူနာရှင်များအားအသင်းသူ/သားများ၊ ၀န်ထမ်းများ အားလုံးမိမိတို့၏ ကိုယ်ရေးကိုယ်ထာကိစ္စရပ်များအားဘေးချိတ်ထားကာအချိန်ပေး၍ တတ်ကြွစွာလာရောက်ဖေးမကူညီခဲ့သည်။ နေပူရှိန်ပြင်းပြင်းထဲတွင် လာရောက်တိုကင်ယူကြသောလူနာရှင်များကိုလည်းအခါအားလျော်စွာအအေး၊ ဖျော်ရည်တို့ဖြင့် ကုသိုလ်ယူ၍ တိုက်ကျွေးသူများလည်း ရှိသည်။
ဆရာဝန်ကြီး (၄၈) ဦးတို့ဖြင့် အလှည့်ကျ ကုသပေးလျှက်ရှိသည်။ထိုကဲ့သို့ အခက်အခဲပေါင်းစုံနှင့် ရင်ဆိုင်တွေ့ကြုံနေသော်လည်းနာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူမှုရေးသမားများသည် နေ့စဉ် လာရောက်ကုသနေကြသောလူနာများ၊ နာရေးကိစ္စရပ်များ၊ မျိုးဆက်သစ် ကလေးငယ်များ၏ ပညာရေးတိုးတက်မှုများကိုဖေးမကူညီစွမ်းဆောင်ပေးနိုင်ကြရခြင်းမှာ ပြည်တွင်း ပြည်ပအလှူရှင်များ၏ ကျေးဇူးတရားကြောင့်ပင် ဖြစ်သည်။
အလှူရှင်ရှိမှ . . . လူမှုရေးသမားများပေးဆပ်နိုင်မည်။
လူမှုရေးသမားများပေးဆပ်မှ . . . ပညာရေးတိုးတက်မည်။
ပညာရေးတိုးတက်မှ . . . ကျန်းမာရေးကောင်းမည်။
ကျန်းမာရေးကောင်းမှ . . . တိုင်းပြည်တိုးတက်သာယာမည်။
No comments:
Post a Comment