(၂၀၁၁ ဧပြီလ ၇ ရက်)
စစ်အုပ်စုက ၁၉၆၂ခုနှစ်၊အာဏာသိမ်းပြီးတဲ့အခါမှာ“ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေး”လို့ပြောခဲ့ဖူးတာပဲ။ လက်တွေ့ ၂၆ နှစ်ကြာ ဖြတ်သန်းလိုက်တဲ့အခါ တိုင်းပြည်က အဆင်းရဲဆုံးနိုင်ငံဖြစ်ခဲ့ရတယ်။
အခုလည်း(နဝတ-နအဖ)စစ်အုပ်စုက နှစ်ပေါင်း၂၀ကျော် သိမ်းထားခဲ့တဲ့ အာဏာကို “အခြေခံဥပဒေ”နဲ့ ချည်တုတ်ပြီးစီး သွားတဲ့အခါ သမ္မတဦးသိန်းစိန် က “စနစ်တစ်ခု၊ ခေတ်တစ်ခုကို ပြောင်းလဲခဲ့ပြီဖြစ်ပါကြောင်း” တဲ့ ။
မေးသင့်တဲ့ မေးခွန်း က ဘယ်စနစ်ကနေ ဘယ်စနစ်သို့ ပြောင်းတာလဲ။
ဘယ်လိုခေတ်တစ်ခု ကနေ ဘယ်လိုခေတ်တစ်ခုသို့ ဘယ်လိုများပြောင်းသွားတာလဲ။
သမ္မတကြီးရဲ့အမှာစကားထဲမှာတွေ့လိုက်ရတဲ့ “လူဖြင့်မထိန်းဘဲ၊မူဖြင့်ထိန်းရမည်ဖြစ်ကြောင်း၊ဥပဒေနှင့်ထိန်းကျောင်းသွား ရမည်ဖြစ်ကြောင်း၊သို့မှသာကုန်စည်စီးဆင်းမှုသွက်လက်လွယ်ကူပြီးကုန်ဈေးနှုန်းလည်းကျဆင်းလာမှာဖြစ်ပါကြောင်း” ဆိုတဲ့ အချက် ကိုကြည့်ပြီးပြောရမယ်ဆိုရင် ယခင်စနစ်/ယခင်ခေတ်ဟာ မူနဲ့ ဥပဒေနဲ့ထိန်းကျောင်းခဲ့တာမဟုတ်ဘူး၊လူနဲ့ထိန်းကျောင်းခဲ့တာဖြစ် တယ်၊ ဒါကြောင့် ကုန်စည်စီးဆင်းမှုတွေတုန့်ဆိုင်းနှေးကွေးပြီး ကုန်ဈေးနှုန်းတွေမိုးထိအောင်မြင့်တက်ခဲ့တာလို့ နားလည်ရပါတယ်။
သမ္မတကြီးခင်ဗျား - ယခင်စနစ်ယခင်ခေတ်က မူနဲ့မထိန်းဘဲ၊ လူနဲ့ထိန်းခဲ့တဲ့အတွက် လာဘ်ပေး လာဘ်ယူမှုတွေ၊ ဘက် လိုက်မှုတွေ၊ မသမာမှုတွေရှိခဲ့တယ်လို့ သွယ်ဝိုက်ဝန်ခံလိုက်တာပါလား။
အစိုးရဗျူရိုကရေစီယန္တယားကြောင့် End user ထံရောက်သည်အထိ Supply Chain တစ်လျှောက် စရိတ်စကတွေ၊ Transition cost တွေများခဲ့ရတယ်လို့ ဝန်ခံလိုပါသလား။
အဆောက်အအုံ၊ တယ်လီဖုန်း၊ လျှပ်စစ်မီး စတာတွေမှာမလိုအပ်ပဲ စရိတ်စကတွေကြီးမားခဲ့တယ်လို့ဆိုလိုတာပါလား။
အစိုးရရဲ့ ဟန့်တားပိတ်ပင်မှုတွေကြောင့် Back fire ဖြစ်ပြီး ထုတ်လုပ်သူ တောင်သူလယ်သမားတွေဈေးနှိမ်ခံရတဲ့ဖြစ်စဉ် ဖြစ်ရပ်တွေရှိခဲ့ပါတယ်လို့ ထုတ်ဖေါ်လိုက်တာပါလား။
လွတ်လပ်စွာစိုက်ပျိုးခွင့်၊လွတ်လပ်စွာသယ်ယူရောင်းချခွင့်မပေးခဲ့ကြောင်း/အတားအဆီး၊အပိတ်အဆို့၊အဟန့်အတားတွေ ရှိခဲ့ကြောင်း ပြောကြားလိုက်ခြင်းဖြစ်ပါသလား။
အခုတော့ ယခင်စနစ်/ယခင်ခေတ်လို လူနဲ့မထိန်းတော့ဘူး၊ မူနဲ့ဥပဒေနဲ့ထိန်းတော့မယ် ဒါကြောင့် ကုန်စည်စီးဆင်းမှုတွေ သွက်လက်လွယ်ကူပြီးကုန်ဈေးနှုန်းတွေကျဆင်းလာတော့မယ်ပေါ့။
ဒါဆိုရင် ခေတ်စနစ်ပြောင်းသလား/မပြောင်းဘူးလားဆိုတာကုန်ဈေးနှုန်းတွေ အမှန်တကယ်ကျဆင်းလာသလား/ကျဆင်း မလာဘူးလား၊ လျှပ်စစ်မီးမှန်မှန်လာသလား/မလာဘူးလား ဆိုတဲ့ “ဂိုက်တံ” နဲ့တိုင်းရမယ်ထင်တယ်။
သမ္မတကြီးခင်ဗျား သမ္မတကြီးတို့ အစိုးရအဖွဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုနဲ့ဝေးတဲ့ အကျဉ်းထောင်တွေ ဆီပြောင်းရွှေ့ကောင်းပြောင်းရွှေ့နိုင်မှာဖြစ်ပေမယ့်။ ကုန်ဈေးနှုန်းကိုတော့ ထောင်ပြောင်းသလို ပြောင်းဖို့မဖြစ်နိုင်ပါဘူး။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ကိုသာ အိမ်ချုပ်ချထားနိုင်ခဲ့ပေမယ့်။ ကုန်ဈေးနှုန်းကိုတော့ အကျယ်ချုပ် ချုပ်မထားနိုင်ခဲ့ပါဘူး။ ကုန်ဈေးနှုန်းကတော့ တက်မြဲတက်ဆဲပါပဲ။
ဒါကြောင့် သမ္မတကြီးပြောတဲ့ “စနစ်တစ်ခု၊ ခေတ်တစ်ခုကို ပြောင်းလဲခဲ့ပြီ” ဆိုတာကို လျှပ်စစ်မီးမှန်မှန်လာသလား၊ ကုန် ဈေးနှုန်းတွေကျဆင်းသွားသလားဆိုတဲ့အချက် ၂ ခုနဲ့ စောင့်ကြည့်တိုင်းတာရတော့မှာပါပဲ။
“ကုန်ဈေးနှုန်းနဲ့လျှပ်စစ်မီး”အပေါ် သမ္မတကြီးသြဇာဘယ်ညောင်းတယ်ဆိုတာ ကျနော်တို့ပြည်သူအများကအလေးအနက် စောင့်ကြည့်တိုင်းတာနေမည်ဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment