-->

Wednesday, April 13, 2011

သူရဲကောင်းများအလိုရှိသည်




Share our love

Share our peace
Share our harmony

ကိုသားထွေး၊ကိုတိုးလွင်တို့နောက်ကနေ ကလပ်စီကယ်တီးခတ်သံကြားက တေးရေးကိုရဲလွင်ရဲ့ အသံဟာ ဓမ္မဆရာတစ်ယောက်တရားဟောသလို ထွက်ပေါ်နေပါတယ်။ နေရာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်းခမ်းမထဲမှာပါ။ နောက်တစ်ယောက်တက်လာပါတယ်။

လူ…စက်…မြို့…မြိုဝါး
နာဂါစကီဗုံးဝင်စား…
ဆူနာမီနဂါး။ ။

ပန်းချီတွေလည်းရေး သီချင်းလည်းဆိုတဲ့ ညီညီလွင်ရဲ့ အသံထပ်မံထွက်ပေါ်လာပါတယ် ၀မ်းနည်းစရာကောင်းလှတဲ့ ဂျပန်ဆူနာမီဒဏ်သင့်ခံရတာကို အဘဦးဝင်းတင်ရေးစပ်ထားတာ ကိုညီညီလွင်ကတကယ့်ဂရုဏာတရားနဲ့ ရွတ်ဆိုလိုက်တာပါ။ နောက်ကဗျာဆရာငြိမ်းသစ် ငေးနေတဲ့ကမ္ဘာ….တဲ့

သဘာဝဘေးအန္ဒရယ်ကြောင့်သေဆုံးရသူနဲ့
အာဏာရှင်လက်အောက်အသက်ပျောက်ခဲ့ရသူတွေပိုများနေတယ်
စွပ်စွဲချက်လေလား….။


ကမ္ဘာဦးအစကတည်းက အတ္တယှဉ်စစ်ပွဲများကို မြင်ယောင်မိစေပါတယ် ဒါပေမယ့်လည်း ခုဟာကတော့ဆူနာမီလေဆူနာမီ….ဟောနောက်တစ်ယောက် ကဗျာဆရာမိုဃ်းဇော်တက်လာပြန်ပါတယ် သူကလည်းထပ်မံမေးခွန်းထုတ်နေပြန်ပါတယ်။

ခင်ဗျားသားသာအဲ့ဒီလှိုင်းတွေထဲပါသွားရင်
ခင်ဗျားအဖေအမေတွေသာအဲ့ဒီလှိုင်းတွေထဲပါသွားရင်
ခင်ဗျားအမအကိုဦးလေးအဒေါ်ညီမညီလေးသာအဲ့ဒီလှိုင်းတွေထဲပါသွားရင်
ခင်ဗျားအခုလိုပုံစံမျိုးနဲ့
အခုလိုကုလားထိုင်ကြီးမှာ
ဘာမှမဖြစ်သလိုမျိုးနဲ့
ခြေထောက်နှစ်ချောင်းချိတ်ပြီး
မိန့်မိန့်ကြီးထိုင်နေနိုင်ပါ့မလား
ကျနော့်ကိုမေးခွင့်ပြုပါ


ဂီတသံနဲ့ကဗျာသံရောထွေးယှက်တင်ပြီးတော့ ကြေကွဲစရာတေးတစ်ပုဒ်တွေလိုဆွတ်ပျံ့စရာကောင်းလာနေပါတယ်။
ဇော်မိုးလွင်၊ နှင်းပွင့်ဝေ၊ ခန့်မင်းထက်၊ မြတ်မင်းခန့် ၊ ညီမင်းညို နောက်ကဗျာတစ်ခေတ်ထူထောင်ထားနိုင်တဲ့ ကြည်မောင်သန်း၊ ဟိန်းမြတ်ဇော်၊ ရိုးဝေးထက်။ မုံရွာအောင်ရှင်၊ ဖျာပုံနီလုံဦး၊ သြရ၊ တိုးလွင် (ဥတ္တရအလင်း)စတဲ့ ကဗျာဆရာတွေရဲ့ ကဗျာတွေစာနာဖွဲ့နွဲ့မှုတွေဟာ လွမ်းဆွတ်ဖွယ်ပျံ့နှံ့နေပါတယ်။ ဂျပန်ပြည်သူတွေကို စာနာဖွဲ့နွဲ့ထားတာလေးတွေပါ၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့သ၀ဏ်လွှာကိုတော့ ဖတ်တာမတွေ့ရပါဘူး။

ဒါပေမယ့်ဒီသ၀ဏ်လွှာဟာ ဂျပန်လူမျိုးတွေရဲ့နှလုံးသားမှာတော့ ယိုစိမ့်ခိုလှုံနေမှာသေချာပါတယ်။
ကျနော့်မြင်ကွင်းမှာ လှိုင်းတွေလှိုင်းတွေတိုက်တာအဆောက်ဦတွေပြိုပျက်ကျနေတာ၊ ကားတွေအထပ်လိုက် ကလေးကစားစရာလိုဖြစ်နေတာတွေမြင်ယောင်နေသလိုပဲ နူကလီးယားဓာတ်ပေါင်းဖို ပေါက်မထွက်သွားအောင် ၀ိုင်းဝန်းမီးငြိမ်းသတ်နေတဲ့ ဂျပန်ပြည်ကမီးသတ်သမားတွေ၊ တပ်မတော်သားတွေကိုမြင်ယောင်နေပါတယ်။

နောက်မြင်ကွင်းကလည်းချိန်းသွားပါတယ်။ နူကလီးယားဓာတ်သင့်နိုင်တာအသိသိနဲ့ဓာတ်ပေါင်းဖိုကိုမီးသွယ် တန်းပေးနေတဲ့ဂျပန်ဆာမူရိုင်းတွေကို တဆက်စပ်တည်းမြင်နေရပြန်ပါသေးတယ်။ လေးစားစိတ်ဟာငယ်ထိပ် အထိရောက်သွားပါတယ် ကြက်သီးဖြန်းဖြန်းထလာပါတယ်။ ထိန်းမထားရင်တွဲခိုနေတဲ့မျက်ရည်တွေထိမ်းမရ အောင်ကျလာလိမ့်မယ်လို့ ကိုယ့်ဖာသာသတိထားမိပါတယ်။

ဆာမူရိုင်းတို့ရေအကြိမ်ကြိမ်ဦးညွတ်လိုက်ပါရဲ့။
လည်တယ်..လည်တယ်ကမ္ဘာဟာသူ့ဝင်ရိုးပေါ်မှာလည်တယ်
လှုပ်တယ်..လှုပ်တယ်ငလျင်ဟာ ဆန်ဒိုင်းကိုမှရွေးလှုပ်တယ်

ခန့်မင်းထက်လေး အသံကြားတော့ ဖူကူရှီးမားကိုသတိရမိတယ်။ ဗမာတွေအများကြီးနေတာတဲ့ရင်ထဲမှာလှပ်ခနဲ တစ်ချက်ဖြစ်သွားတယ်။ သွေးသားဆိုတဲ့အချင်းရာက သွေးပြန်ကြောကနေတစ်ဆင့်ဝင်လာတယ် အားလုံးသွေးသားချည်းဆိုပေမယ့် ဘာသာစကားတူညီမှုကအလေးသာစေသလား။ ငေးဆဆနွမ်းလျနေတယ်။

ဆုတောင်းပွဲခေါ်လေမလား ---?
အောက်မေ့တသပွဲခေါ်လေမလား ---?
ဝိညဉ်များတွက်ကြေပွဲခေါ်မလား---?

ကမ္ဘာ့အရှေ့ဆုံးသောတိုင်းပြည်က ဆုံးရှုံးနစ်နာရမှုကြေကွဲစရာအဖြစ်ပျက်ဆိုးများတွက် ကျနော်တို့တာဝန်ကျေခဲ့ကြပါတယ်။ အသိစိတ်တွေမြောက်များစွာနဲ့ ဆိုင်တစ်ဆိုင်ထိုင်နေတုန်း ဗြုန်းဆိုဖုန်းဝင်လာလေရဲ့။ တယ်လီဖုန်းမျက်နှာပြင်ကိုကြည့်လိုက်တော့ နိုင်ငံခြားကဖုန်းမှန်းသိလိုက်တယ် အခမ်းနားပွဲတွေဆိုရင် ပြည်ပသတင်းဌာနကဆက်တတ်လေတော့  မီဒီယာကပဲထင်လိုက်တယ်။

ဟယ်လိုကျမဂျပန်ကပါတဲ့။ ဟုတ်ကဲ့ခုပဲကျနော်တို့ ဂျပန်ပြည်သူတွေစာနာပွဲအနေနဲ့ ကဗျာတွေရွတ်ဆိုခဲ့ကြပါတယ် ။ ဘယ်သူနဲ့ပြောချင်သလည်းဆိုတော့ ကျနော်အံ့အားသင့်သွားတယ် ကျနော့်ကိုပဲပြောနေတာ ပြောနေတဲ့အကြောင်းရာကငလျင်နဲ့ဘာမှမဆိုင်ဘူး သူတို့အဝေးရောက်နေတဲ့ အထူးသဖြင့်တော့ ဂျပန်ရောက်နေတဲ့မြန်မာတွေစုပေါင်းပြီး ထောင်ထဲရောက်အကျဉ်းကျနေတဲ့လူတွေ လူမသိသူမသိနဲ့အနစ်နာခံနေတဲ့ ထောင်တွင်းကလူတွေကိုရွေးချယ်ပြီး အညတရသူရဲကောင်းဘွဲ့ပေးမယ်ဆိုတဲ့အစီစဉ်ကိုပြောနေတာပါ။

ကျနော်တို့လည်းစွမ်းသမျှကူဖို့ပါပဲ။ ဒါပေမယ့်ဒီလိုကမ္ဘာပျက်ချိန်မှာကိုယ့်အတွက်ကိုယ်မစဉ်းစားပဲ မြန်မာပြည်ထဲကလူတွေကိုအောက်မေ့တသနေတာ ထောင်သွင်းအကျဉ်းချထားခံရသူတွေကို တသသသတိတရဖြစ်နေတာကိုတော့ တုန်လှုပ်စိတ်နဲ့အားကျလေးစားမိပါပေရဲ့။

ဆုကအဓိကမဟုတ်ပါဘူးစိတ်ဓာတ်ခွန်အားတွေပေးချင်တာပါ။ ဗမာပြည်ထဲကအကျဉ်းကျနေသူတွေဟာ အထီးကျန်တွေမဟုတ်ဘူးဆိုတဲ့ သတင်းစကားပါးချင်တာပါတဲ့ ဂျပန်ပြည်ကနေ ဆက်နေတဲ့ဖုန်းလိုင်းသံဟာ ပြတ်သားကြည်လင်အားကောင်းနေလေရဲ့။ ဘေးနားကလာပြောနေလေသလား ကဗျာဆရာတွေကတော့ ကျနော်ပြောနေတာတွေကိုမသိတော့ ဂျပန်ငလျင်တွက်စာနာနေလေရဲ့ ကျနော့်တစ်ယောက်တည်းသာ ငလျင်ဒေသသင့်သူကနေ ပြန်လည်အားပေးတာကိုပီတိနဲ့တကွခံစားငေးရီနေရတယ်။

ဝိုင်းတစ်ဝိုင်းတည်းမှာ ဂရုဏာတရားဟာလွန်းထိုးနေတယ် ကျနော်လည်း ဟုတ်ကဲ့ကလွဲလို့ဘာပြန်ပြောမိတယ်မသိဘူး။ ကမ္ဘာပျက်နှစ်ခုချိတ်ဆက်ပြီး ဂရုဏာရသကိုသွန်းထုပေးရတော့မှာပါလား။

ကိုမိုဃ်းဇော်ကဖုန်းပြောလို့ကိုငြိမ်းသစ်ကလည်းသူ့ကဗျာထဲကအတိုင်းငေးရီနေ ကိုညီညီလွင်ကောဆံပင်ရှည်တွေသပ်တင်စိတ်မကောင်းဖြစ်လို့ကိုတိုးလွင်၊ ခန့်မင်းထက်၊ တပ်ဦးလ၊ သက်ငြိမ်သစ်၊ ညီမင်းညို၊ အောင်ရင်ငြိမ်း၊ အစရှိတဲ့ကဗျာဆရာကြီးငယ်ရွယ်လတ်တို့ကတော့ ကိုကြည်မောင်သန်းဆီသွားဖို့ တိုင်ပင်နေကြလေရဲ့။

ကျနော်ငေးရီနေမိပါတယ် သွားမယ်တိုက်မှာအလုပ်ရှိသေးတယ်တဲ့ အေးသက်တဲ့အပြုံးပိုင်ရှင် ကိုရင်နီ နှုတ်ဆက်တော့ကျနော်အသက်ဝင်လာတယ်။ သူထထွက်သွားတယ် သူ့ကျောပြင်ကိုငေးရင်း ကျနော်ခုနကသူရွတ်သွားတဲ့ သူကဗျာလေးကိုသံယောင်လိုက်နေမိတယ်

ခင်ဗျားတို့လည်းဆူနာမီ
ကျနော်တို့လည်း၂၀၀၈နာဂစ်နဲ့
၂၀၁၀တာလေငလျင်ကျနော်တို့လည်းဘယ်သက်သာပါ့မလည်း
တောင့်ထားချယ်ရီ…..တောင့်ထားတဲ့

ကဗျာဆရာကတော့ကဗျာတိုင်းဖွဲ့နွဲ့သွားလေသလား --?
အခြားသောအဓိပ္ပါယ်ဆောင်လေသလား--?
ကျနော်ကတော့၂၀၀၈ကိုကော ၂၀၁၀ကိုပါနာကျည်းမိပါရဲ့ ဒါပေမယ့်ကျနော်တွေးပြီးတော့ပြုံးမိပါတယ်။ လူသားကမ္ဘာနဲ့အာဏာရှင်ကမ္ဘာဘာများကွာနေပါလိမ့်။ ခုနကဖုန်းသံရှင်ကိုလည်းသတိရလိုက်ပါရဲ့

သဘာဝဆူနာမီတိုက်ခတ်ခံရသူက အာဏာရှင်ဆူနာမီ နှစ်ရှည်ထောင်ဆူနာမီသင့်သူတွေကို ကိုယ်ချင်းစာနေလေရဲ့။ ကျနော်ပြုံးလိုက်မိတယ် နာကျည်းခံပြင်းမှုလေလား ဒါမှမဟုတ် ပီတိအပြုံးလားကျနော်ဝေခွဲမတတ်တော့ ကျနော့်ပီတိပြုံးကိုအာဏာရှင်တွေ ဘယ်လိုများထိလို့ရမှာပါလိမ့်။ ဆူနာမီသင့်ဂျပန်ပြည်သူများနဲ့ အိမ်အဝေးကိုရောက်နေတဲ့ မြန်မာပြည်သူများကို ကိုရဲလွင်ရဲ့ မေတ္တာထပ်မံမျှဝေပါတယ်

Share our love
Share our peace
Share our harmony

အားလုံးကိုချစ်ခင်လျက်
ရာဇာ

No comments: