-->

Wednesday, May 4, 2011

တစ်လုံးနှစ်လုံး စာစီကုံး ကျောင်းသားတွေတရုံးရုံး




ဧပယ်လနှစ်ရက်နေ့ … အသက်အရွယ် သုံးပုံနှစ်ပုံရောက်နေပြီဖြစ်တဲ့ အခုရွယ်ထိ လူလောကကြီးနဲ့ သဟဇာတ မဖြစ်လာသေးတဲ့ ဖခင်တစ်ယောက်ရဲ့ ဆန္ဒတစ်ခုတော့ နောက်ကျဂိုးတစ်ဂိုး ပြန်သွင်းနိုင်လိုက်လို့ ဂိုးပြတ်မရှူံးပဲ စိတ်သက်သာရာရခဲ့ရတဲ့ ရှေ့တန်းတိုက်စစ်မှူးတစ်ယောက်လို မပြုံးနိုင်ခဲ့ပေမဲ့ ကျေနပ်ခဲ့ရပါတယ်။

မိဘကျေးဇူး မြင့်မိုရ်ဦးကို ဦးခိုက်ရှိခိုးရင်း သားဆိုးသားမိုက် မဟုတ်ခဲ့ပေမဲ့ မိဘကျေးဇူးမဆပ်နိုင်ခဲ့သူ ဖခင်တစ်ယောက်ရဲ့ဝတ္တရားတွေကို မဖြည်ဆည်းနိုင်သေးတဲ့ သူတစ်ဦးအဖို့ ချို့တဲ့လွန်တဲ့ ဘ၀ကံတရားကို အပြစ်မတင်လိုပဲ ကိုယ့်ရင်ထဲမှာပြည့်ကြပ်နေတဲ့ ခံစားချက်တွေကို ရိုးရိုးလေးပဲ ပွေ့ပိုက်ထားရင်း ငယ် စဉ် ခလေးဘ၀ကိုမြင်ယောင် မိပါတယ်။

အဆင်းရဲကြီးမဟုတ်ပေမယ့် မိသားစုများခဲ့တဲ့ သူတော်တို့ကို ဖေဖေရဲ့ဝင်ငွေ တစ်ခုတည်းနဲ့ လောက်ငှပြေလည်စေခဲ့တယ် သူတော်တို့ငယ်ငယ်တုန်းကပေါ့။ ပျော်ရွှင်စရာ ကောင်းခဲ့တဲ့နေရက်တွေလေ။ အမကြီးလေးယောက်မွေးပြီးမှ ကျနော့်ကိုမွေးလို့ ဖေဖေနဲ့မေမေက အချစ်ပိုခဲ့သလို အမကြီးတွေရဲ့ အသည်းတမျှအချစ်ခံရတဲ့သူပါ။ ဘ၀ကိုချွဲချွဲနွဲ့နွဲ့ လွယ်လွယ်ကူကူဖြတ်သန်းခဲ့ရင်း အရွယ်ကြီးရင့်လာတာနှင့်အမျှ ကြမ်းတမ်းကြပ်တည်းလာတဲ့ ဘ၀တွေရဲ့စီးကြောင်းထဲကို သာမန်မိသားစုတစ်ခုပဲမို့ အများနည်းတူ စီးမျောခဲ့ရတယ်။

“လွမ်းစရာကောင်းတဲ့လောကမှာ ပညာနဲ့လွမ်းရတာအနာဆုံးပဲတဲ့…..”

စီးပွားရေးကြပ်တည်းလာမှုကိုကျော်ဖြတ်နိုင်ဖို့ ပညာမစုံခင်ပဲ အဖေ့ကိုသနားတဲ့ အမကြီးတွေ ကြုံရာလုပ်ငန်းခွင်ထဲရောက်ခဲ့ရပြီး ကျနော့်ကိုတော့ ကျောင်းဆက်တက်စေခဲ့တဲ့ မေတ္တာရိပ်တွေကို ဘ၀အတွေကြုံနည်းလွန်းလှတဲ့ ကျနော်က ကျောခိုင်းခဲ့မိပြန်တဲ့ အဖြစ်ကို ရှက်စရာတွေနဲ့ပဲ စကားပြော စရာရှိတဲ့ ကျနော့်ဘ၀မှာ အရှက်ဆုံးပါပဲ။

ခန္ဓာဟူသမျှ ဒုက္ခဆိုသလို လူသားတိုင်းသည်လည်း ဒုက္ခသည်တွေပါပဲလေ… မိဘတွေနဲ့နေစဉ်ကလည်း လွယ်လွယ်၊ အိမ်ထောင်ပြုပြီတော့လည်း မဟေသီရဲ့ ဦးဆောင်မှူ့အောက်မှာ လွယ်လွယ်ပဲ လျှောက်လှမ်းခဲ့တဲ့သူတော်၊ ဘ၀ရဲ့ တဆစ်ချိုး အပြောင်းလဲတခုနဲ့အတူ သုံးနှစ်အရွယ်နဲ့ တစ်နှစ်အရွယ် သားနှစ်ယောက်ရချိန်မှာ ပြည်ပြေးဒုက္ခသည်ဘ၀ ကျရောက်ခဲ့ပါတယ်။

ငရဲကျလောက်တဲ့အကုသိုလ် ဘယ်တုန်ကမှ မပြုမူမိဘူးတဲ့သူတော်၊ ငရဲကိုရောက်မယ်လို့ ဘယ်တုန်းကမှ စိတ်မကူးမိပါဘူးဗျာ။ ခုချိန်ထိတိုင် ငရဲကိုဖြတ်လမ်းကနေ လွယ်လွယ်လေး ရောက်ခဲ့ရတာကို ခပ်ကြောင်ကြောင်အတွေးတွေနဲ့ လက်မခံချင်သေးဘူး တကယ့်ကို ချောင်းလေး၊ တံတားလေးဖြတ်လိုက်ရုံနဲ့ ငရဲပြည်ရှိနေခဲ့တယ်။ ပြန်မရနိုင်တော့တဲ့အရာတခု ကံအားလျော်စွာ ပြန်ရခဲ့ရင်တောင် ဝေးကွာနေစဉ်က ပူဆွေးခဲ့ဖူးတဲ့ အပူတွေကြောင့် ပတ်ဝန်းကျင်ကိုတစုံတရာ ရိုက်ခတ်မှု ရှိလာတော့မှာ အမှန်။ သံသရာရှည်စေမဲ့အပြုမူတွေကို အမုန်းတရားကြောင့် ပြုမူမိနိုင်တယ်လေ။

ဧပြီလနှစ်ရက်နေ့။ ကိုယ့်မြေ ကိုယ့်ရေကိုစွန့်ခွာလာခဲ့ရတာ လေးနှစ်ထဲရောက်ခဲ့ပါပြီ။ ဒီနေ့ပဲ သားနှစ်ယောက်ကို အိန္ဒိယအစိုးရ အလယ်တန်းကျောင်းတခုမှာ ကျောင်းအပ်နိုင်ခဲ့ပါပြီ။ ကိုယ့်တုန်းက ချစ်လွန်းတဲ့မိဘနှစ်ပါးက လေးနှစ်သားအရွယ်နဲ့ အသက်တစ်နှစ်လိမ်ပြီး ကျောင်းအပ်ပေးခဲ့ကြတယ်။ ကိုယ့်အလှည့်ကျတော့ သားကြီး ငါးနှစ်ပြည့်ချိန်မှာ ကျောင်းမထားနိုင်သေးလို့ ကျနော့် ခန္ဓာအနှံ့ မိုကြိုးပစ်ခံနေရသလိုပဲ မိဘနှစ်ပါးရဲ့မေတ္တာကို ပြန်မြင်ယောင်ရင်းလေ။

အခုတော့ နောက်ကျ၊ ချေပဂိုးတစ်ဂိုးသွင်းနိုင်ခဲ့ပါပြီ။ စာကြိုးစားတဲ့သားကြီးက ဒုတိယတန်း (အခန်း-အေ) မှာ တက်ခွင့်ရတယ်။ ကြီးကျယ်လွန်ပြီး ကျောင်းကြီးမဟုတ်ရင် မတက်ချင်ဘူးဆိုတဲ့ သားငယ်လေးက မူကြိုမှာ တက်နိုင်ခဲ့တယ် ကျနော်မရယ်နိုင်ပေမယ့် ပျော်နေတယ်။

သူတော်တစ်ယောက် မသေခင်ကတည်းက စွန့်ပယ်ထားတဲ့ ခန္ဓာကိုယ်နဲ့ သားနှစ်ယောက်ကို ထိမ်းကျောင်းရင်း အရိမေတ္တေယျ မြတ်စွာဘုရားရှင်ပွင့်တော်မူမဲ့အချိန်မှာ တရားဦး၊ တရားထူး နာယူနိုင်ရန်အတွက် စောင်မျှော်ကာ သံသရာခရီးကိုဖြတ်ကျော်နိုင်စေဖို့ ဆုတောင်းရင်း

အမိုက်တကာ့ အမိုက်ထဲတွင် အသိတရားကင်းမဲ့ခြင်းသည် အမိုက်ဆုံးဟုဆိုပါက အလင်း၊ အမှောင်၊ အသွား၊ အပြန် ဆိုတဲ့သဘောတရားသည် မှန်ကန်သောအသုံးအနှုန်း ဖြစ်ခဲ့သည်ဟု ဆိုကြပြန်သော် …ကျနော်တို့ အသိတရားပြည်ဝမှုနှင့် တာဝန်ယူတတ်မှု ကမ်းကို ဆိုက်ရောက်တော့မည်လို့သာ……..။


သူတော်
(ငရဲမြို့)

No comments: