-->

Wednesday, June 15, 2011

ကချင်ကျောင်းသားတွေကို ရန်ကုန်မှာနေခွင့်မပေး

ကချင်ပြည်နယ် ပူတာအိုနှင့် မချမ်းဘောနယ်ဘက်က ကျောင်းသား (၁၉) ယောက်နဲ့ သူတို့အတွက် ဝေယျာဝစ္စလုပ်ဖို့ လိုက်လာတဲ့ မိသားစုဝင် ၄ ယောက် အပါဝင် ကချင်တိုင်းရင်းသား (၂၃) ယောက်ဟာ အဝေးသင်တက္ကသိုလ်၊ အင်္ဂလိပ်စာနှင့် ကွန်ပြူတာသင်တန်း စတာတွေတက်ဖို့ ရည်ရွယ်ချက်တွေနဲ့ သန်လျင်မြို့နယ် ဗိုလ်ချုပ်ရွာမှာ နေထိုင်ခွင့်ရဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီမှာ ဧည့်စာရင်း လျှောက်ထားအကြောင်းကြားခဲ့တာကို အကြောင်းပြချက် တစုံတရာမပေးဘဲ ပယ်ချခဲ့ပြီး ဒီနေ့ညနေထွက်မပေးရင် အားလုံးကိုဖမ်းမယ်လို့ ဖိအားပေးပြောဆိုခဲ့ကြောင်း သိရပါတယ်။

ကချင်တိုင်းရင်းသားကျောင်းသားတွေဟာ ၁၉၀၇ ခုနှစ် အက်ဥပဒေ အရ နေထိုင်ခွင့်အတွက် အကြောင်းကြားခဲ့ပေမဲ့လည်း မရရှိခဲ့ဘူးလို့ သိရပါတယ်။ မြန်မာနိုင်ငံထဲက တိုင်းရင်းသားတွေဟာ နိုင်ငံသားဖြစ်ပါလျက်နဲ့ မြန်မာနိုင်ငံထဲက မိမိတို့ကြိုက်ရာဒေသတွေမှာ နေထိုင်ခွင့်မရှိ ဖြစ်နေပါတယ်။

ဥပဒေနဲ့အညီ ဧည့်စာရင်း အကြောင်းခဲ့ပေမဲ့ နေထိုင်ခွင့်မရရှိခဲ့ပုံကို ကချင်ပြည်နယ်က အန်ဒီအက်ဖ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဘောက်ဂျာက
“ကျမတို့လဲ မြန်မာနိုင်ငံ တိုင်းရင်းသား စစ်စစ်တွေပဲလို့၊ နိုင်ငံသားအနေနဲ့ ဒီဒေသမှာဖြစ်ဖြစ် နေထိုင်ခွင့်ရှိပါတယ်၊ ဘာသဘောနဲ့ မပေးတာလဲလို့ပြောတော့ သူတို့လဲ မပြောတတ်ပါဘူးတဲ့။ အထက်က မပေးနဲ့ဆိုလို့ မပေးတာပါတဲ့။ ဒါဆိုတော့ အထက်ကမပေးနဲ့ဆိုရင် စာတကြောင်း နှစ်ကြောင်း ရေးပေးလို့ရမလားပြောတော့ မရေးပေးနိုင်ဘူးတဲ့။” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်အပြင် အခုလိုနေထိုင်ခွင့်တွေပါ ကန့်သတ်လာတဲ့အတွက် လူ့အခွင့်အရေး တိုင်းရင်းသားအခွင့်အရေးတွေဆုံးရှုံးနေတယ်လို့ ဒေါ်ဘောက်ဂျာကပြောပါတယ်။ဒီကိစ္စကို လိုက်ပါကူညီပေးနေတဲ့ ရှေ့နေကိုဖိုးဖြူကလည်း

ဥပဒေကြောင်းအရ နိုင်ငံသားအခွင့်အရေးတွေ ချိုးဖောက်ခံရတဲ့အတွက် ဖမ်းချင်ရင်အားလုံးအဖမ်းခံမှာပါ ကျနော်တို့အနေနဲ့ ဥပဒေကြောင်းအရ ဆက်လက်ရင်ဆိုင်သွားမယ် အခုဖိအားပေးခံနေရတဲ့ ကချင်တိုင်းရင်းသားတွေအတွက် ဆက်လက်ပြီး တိုင်း၊ တိုင်းဒေသကြီးနှင့် သမ္မတဆီအထိ အဆင့်ဆင့် ဧည့်စာရင်းနဲ့နေထိုင်ခွင့် အကြောင်းသွားမယ်

လို့ပြောပြပါတယ်။ ခုကျောင်းသားတွေကို နေထိုင်ခွင့်ပိတ်ပင်တဲ့အချိန်ဟာ ကချင်ပြည်နယ်မှာ အစိုးရစစ်တပ်နဲ့ ကချင်လက်နက်ကိုင်တွေ တိုက်ပွဲပြင်းထန်ချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် ဒါနဲ့များပတ်သက်မှုရှိနေမလားလို့ တွေးထင်နေကြပါတယ်။ ဒေါ်ဘောက်ချာကတော့ ဘာသာရေးဝတ်ပြုဆုတောင်းတာတွေကို အာဏာပိုင်တွေဘက်က တားဆီးပိတ်ပင်ချင်တဲ့သဘောလို့ တထစ်ချပြောသွားပါတယ်ခင်များ

No comments: