-->

Sunday, June 19, 2011

၆၆ နှစ်မြှောက်မွေးနေ့ရှင်အတွက် အမှတ်တရအခမ်းအနားများ



ဒီနေ့ ဇွန်လ ၁၉ ရက်နေ့မှာကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်ပြည့်မွေးနေ့အခမ်းအနားတွေကို ပြည်တွင်းမှာရော ပြည်ပမှာပါ အနေအထားအမျိုးမျိုးနဲ့ ကျင်းပခဲ့ကြပါတယ်။ မြန်မာနိုင်ငံအထက်ပိုင်း မန္တလေးမြို့မှာလဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အင်အယ်ဒီ ပါတီဝင်တွေဟာ မန္တလေးမြို့ ၈၂×၈၃ လမ်းနှင့် ၃၂×၃၃ လမ်းကြားရှိ ဂုဏ်တန်ဝန်းရပ်မှာ အင်အယ်ဒီ ရုံးသစ်ဖွင့်ပွဲနဲ့ ဒေါ်စုမွေးနေ့ပွဲ ပေါင်းပြီးကျင်းပခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်းကို မန္တလေးတိုင်း စည်းရုံးရေးအဖွဲ့ဝင် ဦးမျိုးနိုင်က

ဆိုင်းဘုတ်တင်တာရော၊ ရုံးဖွင့်ပွဲရော၊ ဒေါ်စုမွေးနေ့ရော တပေါင်းတည်း ကျင်းပလိုက်တာပေါ့။ မစိုးရိမ်တိုက်၊ ဘုရားကြီးတိုက်၊ တောင်ထီးလင်းထိုက်၊ အနောက် ခင်မကန်၊ တောင်မြို့ ဂန္ဓာရုံက ဆရာတော် ကြီးတွေကို ပင့်ဖိတ်ပြီးတော့ ကျနော်တို့က ဆွမ်းကပ်တယ်ဗျာ။ တောင်ထီးလင်းက ဆရာတော်ကြီး ဦးဇောတိက ကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အတွက် မေတ္တာပို့ပြီးတော့ အန္တရာယ်ကင်း ဂါထာတော်ကို ရွတ်ဆိုပြီး ဒီနေ့ မွေးနေ့ ဆုတောင်းပေးတယ်ဗျာ.. ဒီနေ့ပွဲမှာ မိတ္ထီလာတို့ သပိတ်ကျင်းတို့ အဲဒီမြို့နယ်တွေက ပါတီဝင်တွေလဲ တက်ရောက်ခဲ့ကြတယ်


လို့ ပြောပြသွားခဲ့ပါတယ်။မန္တလေးတိုင်း မြင်းခြံမြို့နဲ့ ကျောက်ပန်းတောင်းမြို့တွေက အန်အယ်လ်ဒီ ပါတီဝင်တွေလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် အလှူဒါနတွေပြုခဲ့ကြတယ်လို့ သိရပါတယ်။ ဒီအကြောင်းကို ကျောက်ပန်းတောင်းမြို့ မြို့နယ်စည်းအဖွဲ့ဝင် ဦးအေးခိုင်က

မြင်းခြံက အန်အယ်လ်ဒီပါတီဝင်တွေက တလုတ်မြို့ အလယ်တန်းကျောင်းက ကျောင်းသား ၆ရာကျော်ကို စာအုပ်နဲ့ စာရေးကိရိယာတွေ လှူတန်းခဲ့တယ်ခင်ဗျ.. ကျနော်တို့ ကျောက်ပန်းတောင်းမြို့မှာလည်း ပါတီဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားသူတွေပေါင်းပြီး ကျောက်ပန်းတောင်းမြို့က ပရဟိတ မိဘမဲ့ကျောင်းက ကလေးငယ်တွေကို ထမင်းကျွေးခဲ့တယ်.. နောက်ပြီး အစိမ်းရောင်အပိုင်းအစများအဖွဲ့ ဆိုတဲ့နာမည်နဲ့ ကျောင်းဝန်းထဲမှာပဲ စန္ဒကူးပင် ၆၆ ပင် စိုက်ပျိုးခဲ့တယ်ခင်ဗျ…

ဦးအေးခိုင်ပြောပြခဲ့တာပါ။ အလားတူ မကွေးတိုင်း ရေနံချောင်းမြို့မှာလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ကုသိုလ်ဒါနတွေ ပြုလုပ်ခဲ့ကြပြီး ဂုဏ်ပြုကဗျာရွတ်ပွဲလည်းလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက် ကဗျာတပုဒ်ကို ရေနံချောင်းမြို့က အခမ်းအနားမှာရွတ်ဆိုခဲ့တဲ့ ရေနံချောင်းမြို့နယ်စည်းအဖွဲ့ဝင် ဦးသန်းအောင်က အခုလို ပြန်လည် ရွတ်ဆိုပြပါတယ်။


အမေ.. အမေက ဓမ္မကို ကိုယ်စားပြုတယ်။ အမေက သစ္စာကို ကိုယ်စားပြုတယ်။ အမေက ငြိမ်းချမ်းရေးကို ကိုယ်စားပြုတယ်။ အမေ့ပုံရိပ်လွှာ ကမ္ဘာတဝှမ်းဖြန့်လွှမ်း ငြိမ်းချမ်းရေးပန်းတွေ တဝေဝေနဲ့ အမေ သက်တော်ရာကျော် ရှည်ပါစေ…

စစ်ကိုင်းတိုင်း ကလေးမြို့က အန်အယ်လ်ဒီပါတီဝင်တွေကလည်း ကလေးမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ ၀ိသုဒ္ဓါရုံစာသင်တိုက်မှာ မွေးနေ့ဆွမ်း ကပ်လှူခဲ့ကြတယ်လို့ သိရပါတယ်။ အာဏာပိုင်တွေအနေနဲ့ အဲဒီ အခမ်းအနားအားလုံးကို တားဆီးနှောက်ယှက်တာမျိုးမရှိဘဲ ဓါတ်ပုံရိုက်ယူတာ၊ စောင့်ကြည့်တာလောက်ပဲ ရှိတယ်လို့ အခမ်းအနားဦးဆောင်သူတွေက ပြောကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲကို မလေးရှားနိုင်ငံမှာလည်း ကျင်းပခဲ့လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ပါတ်သက်ပြီး မလေးရှားနိုင်ငံ အင်အယ်လ်ဒီ (အယ်လ်အေ) ယာယီဥက္ကဌ ဦးအောင်ကျော်ဆက်ကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ

ကျနော်တို့ နှစ်စဉ်နှစ်တိုင်းကျင်းပနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲကို အရင်နှစ်တွေနဲ့ မတူအောင် တချိန်တည်း တပြိုင်တည်း နိုင်ငံတကာ အားလုံးကလည်း လုပ်နေကြတယ်ဆိုတော့ မလေးရှားမှာရှိနေတဲ့ ကျနော်တို့ ဗမာတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုစကားတွေ ပြောကြတယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗွီဒီယိုဖိုင်တွေကို ကျနော်တို့ ဒီမှာပြသတယ်။ မလေးရှားမှာ ရှိနေတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသား အဖွဲ့ဝင်တွေအားလုံးကလည်း ဒီပွဲကို လိုလိုလားလားနဲ့ လာပြီး တက်ရောက်ကြတယ် ပေါ့နော်


အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာလဲ မြန်မာ့ဒီမိုကလေစီရေးလှုပ်ရှားသူတွေဟာ မနူရှီလို့ခေါ်တဲ့ အိန္ဒိယ အမျိုးသမီးအဖွဲ့နဲ့ ပူးပေါင်းကာ ဂျဝါဟလာနေရူးပြတိုက်နဲ့ စာကြည့်တိုက်မှာ မြန်မာ့ရိုးရာ အက၊ သီချင်းတွေနဲ့ ဖျော်ဖြေခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်ပေးပို့ထားတဲ့ ရုပ်သံသတင်းစကားကို ပြသခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံဘက်တက်ရောက်လာတဲ့ နိုင်ငံရေးလှုပ်ရှားနေသူတွေနဲ့ ထင်ရှားသူတွေက ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဂုဏ်ပြုစကားတွေပြောခဲ့ကြပါတယ်

No comments: