-->

Friday, July 1, 2011

နှစ် ၃၀ အတွင်း ဖားကန့်မှာ အကြီးဆုံးရေကြီးမှုဖြစ်




ဇွန်လ ၃၀မနက် ၈ နာရီလောက်က ဥရုချောင်းရေကြီးခဲ့လို့ ဖားကန့်မြို့ရပ်ကွက် (၅) ရပ်ကွက်ထဲက (၄) ရပ်ကွက် ရေလွှမ်းခဲ့ပြီး အိမ်ခြေ ၂ ထောင်ကျော်နဲ့ ဆိုင်ခန်းတွေ ရေနစ်မြုပ် သွားခဲ့တယ်လို့ သိရပါတယ်။ မနေ့ကဆိုရင် မြို့ထဲ ကတ္တရာလမ်းမပေါ်မှာ လူတရပ်လောက်အထိ ရေလွှမ်းသွားပြီး ဒီနေ့အထိ တချို့လမ်းတွေမှာ အသွားလာတွေ မလုပ်နိုင်သေးဘူးလို့လည်း သိရပါတယ်။ ဒီရေကြီးမှုဟာ နှစ်ပေါင်း ၃၀ အတွင်းမှာ အကြီးဆုံးဖြစ်ပြီး ရပ်ကွက်ထဲက မြို့သူမြို့သားတွေ ရှောင်တိမ်းလိုက်နိုင်ခဲ့တာကြောင့် လူအသေအပျောက် မရှိပေမယ့်လည်း ရေဘေးဒုက္ခသည်တွေဟာ ရေဘေးလွတ်ရာနေရာတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ အကူအညီတောင်း မှီခိုနေရပါတယ်။ ဒါပေမယ့် အာဏာပိုင်တွေဘက်ကတော့ ဘာအကူအညီမှပေးတာမျိုး မရှိဘဲ ရေမလွှမ်းတဲ့ရပ်ကွက်ကနေ ထမင်းထုပ်တွေ အကူအညီပေးတာပဲရှိတယ်လို့ သိရပါတယ်။ ဒီအကြောင်းကို ဖားကန့်မြို့ခံတဦး ပြောပြတာက

“ဖားကန့်ရေကြီးတာကတော့ကွာ နှစ် ၃၀ အတွင်းကတော့ အကြီးဆုံးရေပဲဟ။ လူအသေအပျောက်တော့ မရှိဘူးပေါ့ကွာ၊ ရှောင်ချိန်တိမ်းချိန်တော့ ရပါတယ်။ အိမ်ခြေ ၂ ထောင် ၃ ထောင်တော့ နေနစ်တာပေါ့။ နေနစ်တဲ့သူတွေကတော့ ကုန်းမြင့်တဲ့နေရာတွေမှာ အကူအညီတောင်းပြီးတော့ နေနေကြရတာပေါ့။ အခုလက်ရှိအခြေအနေကတော့ ဘာမှ ကူညီမှုမရှိပါဘူး။ နေရာချထားမှုကတော့ လုပ်မပေးပါဘူး”

မိုးသိပ်မများပေမယ့် အခုလို ရေလွှမ်းရတာဟာ ကျောက်စိမ်းကုမ္ပဏီတွေရဲ့ စွန့်ပစ်မြေစာတွေ စည်းကမ်းမဲ့ စွန့်ပစ်တာကြောင့် ဖြစ်ရတာလို့လည်း သိရပါတယ်။ ဒီအကြောင်းကို စောစောက မြို့ခံကပဲ ပြောပြတာက

“အမှန်ကတော့ မိုးလည်း သိပ်မများပါဘူး။ ချောင်းကောလို့ပေါ့ကွာ။ ပြောမယ်ဆိုရင်တော့ ကျောက်စိမ်း ကုမ္ပဏီတွေ မြေစာပစ်တာတွေ ဘာတွေရဲ့ စည်းကမ်းမဲ့မှုပေါ့ကွာ။ အာဏာပိုင်တွေရဲ့ လုပ်ဆောင်ချက်တွေ တအား ညံ့လို့ပေါ့။ ပွင့်လင်းရာသီတုန်းကလည်း ဥရုချောင်းဖော်တာတို့ ဘာတို့ လုပ်ရမယ့်အလုပ်တွေ မလုပ်ဘူးတော့ မဟုတ်ဘူးပေါ့၊ လုပ်တော့လုပ်တယ်ပေါ့။ ဒါပေမယ့် သူတို့လုပ်တာနဲ့ ကုမ္ပဏီတွေ ပစ်တာနဲ့ မမျှဘူးလေ။ အဲဒါကြောင့်ဖြစ်တာပေါ့”

အခု ရေကျသွားရင်တောင် အိမ်ပေါ်မှာ တင်ကျန်နေခဲ့တဲ့ သဲစာတွေကို အတော်လေးရှင်းယူရမှာဖြစ်ပြီး ဆုံးရှုံးမှုပမာဏ အလွန်များကာ ဘယ်လောက်ဆုံးရှုံးတယ်ဆိုတာကို ခန့်မှန်းမရသေးဘူးလို့ သိရပါတယ်။ ရေကြီးတဲ့နေရာ ရေကြီးနေပေမယ့် ရေလွတ်ရာကုန်းမြင့်မှာ ဆောက်ထားတဲ့ ရဲစခန်းဝန်းအတွင်းမှာတော့ မီးလောင်မှုဖြစ်ခဲ့လို့ ရဲဝန်ထမ်းအိမ်ယာက အခန်း၂၀ လောက်မီးလောင်သွားတယ်လို့လည်းသိရပါတယ်ခင်များ။

No comments: