ဧရာဝတီမြစ်ဆုံ ရေကာတာတည်ဆောက်မှုကို ကန့်ကွက်ကြတဲ့တချိန်ထဲမှာ
လက်ရှိ ကြံ့ဖွံ့ အစိုးရ တာဝန်ရှိဝန်ကြီးတပါးက ရေကာတာတည်ဆောက်မှု ကန့်ကွက်ကြသူတွေအပေါ်
ရည်ညွှန်းပြောဆိုတဲ့စကားကိုကြားတော့ ကျနော် တော်တော်လေးစိတ်ပူလာမိပါတယ်။ အားလုံးသိကြတဲ့အတိုင်း
အဲဒီပုဂိုလ်သုံးနှုံးပြောဆိုသွားတဲ့စကားက တိုင်းပြည်တခုရဲ့တာဝန်ရှိလူကြီးတဦးပြောတဲ့လေသံမျိုး
အသုံးအနှုန်းမျိုးမဟုတ်ဘူးဆိုတာ။ သူ ဒီလို ဘာပြုလို့ပြောလိုက်တာလည်း။ သူ ဒီလောက်အထိ
နိမ့်နိမ့်ကျကျ ပက်ပက်စက်စက်ပြောထွက်ရဲတာ ဘာ့ကြောင့်လည်း။ ဒီအချက်ကို တွေးမိတဲ့အခါ
အထက်ကပြောခဲ့သလိုပဲ ကျနော် တော်တော်လေးစိတ်ပူလာရတယ် ဆိုပါတော့။
မြစ်ဆုံရေကာတာတည်ဆောက်နေတာဟာ
ကျနော်တို့ရဲ့သွေးချင်းများ စံပျော်ရာ ကချင်ပြည်နယ်ထဲမှာပါ။ အခု အဲဒီရေကာတာတည်ဆောက်မှုဟာ
သဘာဝပတ်ဝန်းကျင် ပျက်စီးမှုဖြစ်စေတယ် အထူးသဖြင့် ဧရာဝတီမြစ်ကြီးကို ဖျက်ဆီးပစ်သလို ဖြစ်လိမ့်မယ်
ဆိုပြီး အချက်နဲ့အလက်နဲ့ ကိုးကားတင်ပြကန့်ကွက်ကြတာက တပိုင်း၊ ဒေသခံလူမျိုးစုတွေရဲ့
သဘောဆန္ဒကို ယူသင့်တယ်ဆိုတဲ့အပိုင်းက တပိုင်း။ ဒီလို အပိုင်းလိုက်စဉ်းစားတဲ့အခါ ဟိုးလွန်ခဲ့တဲ့
(၁၅) နှစ်လောက်က အာဖရိကတိုက်၊ နိုက်ဂျီးရီးယားနိုင်ငံမှာလည်း
ဒီလိုပဲ ကျနော်တို့ အခုဖြစ်နေတဲ့ပြဿနာမျိုးပဲ ဖြစ်ပွါးခဲ့တာ သွားပြီး တွေးမိပါတယ်။
၁၉၆၅
ခုနှစ်ကပါ။ အဲဒီ နိုက်ဂျီးရီးယားနိုင်ငံမှာလည်း အာဏာသိမ်းဗိုလ်ချုပ်ကြီး `ဆန်နီအဘာချာ´
က စစ်အာဏာရှင်စံနစ်နဲ့ အုပ်ချုပ်နေတဲ့အချိန်။( သူလည်း ကျင်းပနေဆဲဖြစ်တဲ့ရွေးကောက်ပွဲကို
တဖက်သတ်ဖျက်သိမ်းပြီး တိုင်းပြည်ကို စစ်အာဏာရှင်စံနစ်နဲ့ အုပ်ချုပ်တဲ့သူပါပဲ။) `အိုဂိုနီ´
လူမျိုးစုတွေနေထိုင်တဲ့ အိုဂိုနီခရိုင်ထဲမှာ အခု ကျနော်တို့တိုင်းပြည်ကဖြစ်နေတဲ့ပြဿနာမျိုး
ကြုံတွေ့ခဲ့ကြရတာကို ကျနော် သွားတွေးမိတယ်။
ဒီတုန်းက
နိုက်ဂျီးရီးယား စစ်ခေါင်းဆောင်တွေဟာ နိုက်ဂျီးရီးယားနိုင်ငံရဲ့ မြေပေါ်မြေအောက်သယံဇာတတွေကို
စည်းမဲ့ကမ်းမဲ့ ထုတ်လုပ်ရောင်းချပြီး ချမ်းသာကြွယ်ဝခဲ့ကြပါတယ်။ ဥပမာအနေနဲ့ပြောရရင်
အဲဒီ အိုဂိုနီခရိုင်ထဲက ရေနံတွေကို ကမ္ဘာကျော် `ရှဲ ´ ရေနံကုမ္ပဏီကြီးနဲ့ ဖက်စပ်ပြီး
ထုတ်လုပ်ရောင်းချခဲ့တာ ရှိပါတယ်။ ရင်းနီးမြှုပ်နှံမှုမှာ နိုက်ဂျီးရီးယားစစ်အစိုးရက
အဓိကအစိပ်အပိုင်းကိုယူပြီး ရှဲကုမ္ပဏီက (၃၀)ရာခိုင်နှုန်း ပါဝင်ပါတယ်။
ထုံးစံအတိုင်း
အာဏာရှင်အစိုးရဆိုတော့ ဒီရေနံတူးဖေါ်ထုတ်လုပ်တဲ့ကိစ္စမှာ ဒေသခံ အိုဂိုနီလူမျိုးစုတွေရဲ့
သဘောထား အကြံညာဏ် ဘယ်ထည့်စဉ်းစားမှာလဲ။ ကျေးရွာတွေ အဓမ္မရွှေ့ခိုင်း၊ သဘာဝပတ်ဝန်းကျင်ပျက်စီး၊
ရတဲ့အကျိုးအမြတ်ကြပြန်တော့လည်း စစ်အာဏာပိုင်လူတစုကပဲ အကုန်လုံးသုံးစွဲဆိုတော့ ဆင်းရဲမွဲတေတဲ့ဘဝနဲ့
နေကြထိုင်ကြရတဲ့ အိုဂိုနီလူမျိုးစုတွေဖက်က တကယ့်ကို စိတ်ဆိုးဒေါသဖြစ်စရာပါ။ ဒီတော့လည်း
အိုဂိုနီလူမျိုးစုတွေဟာ ဥစ္စာရင်လို ဥစ္စာရင်ခဲဆိုသလို စစ်အစိုးရရဲ့ အိုဂိုနီခရိုင်အတွင်း
ရေနံတွင်းတွေ အတင်းအဓမ္မ စည်းမဲ့ကမ်းမဲ့ တူးဖေါ်လုပ်ကိုင်နေတာကို လမ်းပေါ်ထွက် ဆန္ဒပြကန့်ကွက်ရတဲ့အထိ
ဖြစ်လာခဲ့တော့တာပေါ့။ အိုဂိုနီ လူမျိုးစုတွေကို အခြေခံတဲ့ `မိုဆော့ပ်´ လို့ခေါ်တဲ့(MOSOP)
` အိုဂိုနီလူမျိုးစုများ အသက်ရှင်သန်ရေး ရုန်းကန်လှုပ်ရှားမှု´ ဆိုတဲ့အဖွဲ့ကို ထူထောင်လာခဲ့ကြပါတယ်။
(၁၉၉၀)။ ဒီအဖွဲ့ကြီးထဲမှာ အိုဂိုနီအမျိုးသမီးတွေ၊ လူငယ်တွေ၊ ဘုရားကျောင်းဝန်ထမ်းတွေ၊
ကျောင်းဆရာနဲ့ကျောင်းသားကျောင်းသူတွေနဲ့ တခြား အသက်မွေးဝမ်းကျောင်းပြုသူ အမျိုးမျိုးအစားစား
ပါဝင်လာခဲ့ကြပါတယ်။
`မိုဆော့´
အဖွဲ့ကြီးရဲ့ ဦးစွာပထမ အဓိက တောင်းဆိုချက်က (၂) ချက်ရှိပါတယ်။ တချက်က စစ်အစိုးရအတွက်ဖြစ်ပြီး
နောက်တချက်ကတော့ `ရှဲ´ ရေနံကုမ္ပဏီကြီးကို ရည်ညွှန်းတဲ့အချက်ဖြစ်ပါတယ်။ ပထမအချက်က အိုဂိုနီလူမျိုးစုနယ်မြေအတွင်း
သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းပြုပြင်ရေးကိစ္စ၊ အိုဂိုနီလူမျိုးစုများရဲ့ နိုင်ငံရေး၊
စီးပွါးရေး၊ လုံခြုံအေးချမ်းရေး၊လူ့အခွင့်အရေးကိစ္စများ ရရှိစေရေး စစ်အစိုးရထံ တောင်းဆိုထားတဲ့ချက်ဖြစ်ပါတယ်။
နောက်တချက်ကတော့
`ရှဲ´ ရေနံကုမ္ပဏီကြီးအနေနဲ့ အိုဂိုနီပြည်နယ်ထဲက ရေနံတွေကို တူးဖေါ်ချင်တယ်ဆိုရင် အိုဂိုနီလူထုရဲ့သဘောထား၊
သဘာဝပါတ်ဝန်းကျင် အဖွဲ့အစည်းများရဲ့ သဘောထား အဲဒါတွေကို အရင်ယူပြီးမှသာ စစ်အစိုးရနဲ့
စာချုပ်ချုပ်သင့်တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ အောင်မြင်မှုတော့ ရခဲ့တာ ရှိပါတယ်။အဲဒီ
`မိုဆော့´အဖွဲ့ကြီးရဲ့ ကျိုးပမ်းဆောင်ရွက်ချက်ကြောင့်ပဲ `ရှဲ´ ရေနံကုမ္ပဏီကြီးဟာ အိုဂိုနီခရိုင်ထဲက
ရေနံတူးဖေါ်တဲ့အလုပ်တွေ ရပ်ဆိုင်းထွက်ခွါသွားစေတဲ့ အောင်မြင်မှု ဖြစ်ပါတယ်။ (၁၉၉၄)
မအောင်မြင်တဲ့အချက်ကတော့
ဗိုလ်ချုပ်ကြီး `ဆန်နီ အဘာချာ´ အစိုးရက အိုဂိုနီခရိုင်ထဲမှာ အရင်ကထက် ပိုပြီး ရေနံထုတ်လုပ်မှုတွေလုပ်လာတဲ့အပြင်
လမ်းပေါ်တက်ဆန္ဒပြသူတွေအပါအဝင် အိုဂိုနီလူမျိုးစု လူဦးရေ (၁၀၀၀) ခန့်ကို သတ်ပစ်လိုက်ကြပါတယ်။
ကျေးရွာတွေ အဓမ္မရွှေ့ပြောင်းခံရ၊ လူတွေအများကြီး ရုံ့းမတင်ပဲ အကျဉ်းထောင်တွေထဲ ထည့်လိုက်ကြပါတယ်။
အဆိုးဝါးဆုံးကတော့ အဲဒီ `မိုဆော့´ အဖွဲ့ကြီးရဲ့ `ဥက္ကဌ´ အဖြစ်ဆောင်ရွက်နေတဲ့ အိုဂိုနီလူမျိုးစုခေါင်းဆောင်လည်းဖြစ်
သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးသမားလည်းဖြစ်၊ သတင်းစာဆရာ စာရေးဆရာလည်းဖြစ်တဲ့ `ကင် ဆာရို
ဝီဝါ ´ အပါအဝင် ခေါင်းဆောင် (၉)ဦးကို ဥရောပတတိုက်လုံးက ကန့်ကွက်နေတဲ့ကြားကပဲ ကြိုးပေးသတ်ဖြတ်လိုက်တဲ့ကိစ္စပါပဲ။(၁၀၊
၁၁၊ ၁၉၉၅)
အခုဆိုရင်
ကျနော်တို့တိုင်းပြည်မှာ အဲဒီ နိုက်ဂျီးရီးယားနိုင်ငံက အဖြစ်အပျက်မျိုး ကြုံနေရပြီ။
ဒီတခါ ကျနော်တို့ပြည်သူတွေခံစားရမယ့်ဒုက္ခက နိုက်ဂျီးရီးယားက အိုဂိုနီလူမျိုးစုတွေထက်
ပိုပြီးကြီးမားမှာဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကြီးကို
ဖျက်ဆီးလိုက်ကြမယ့်ကိစ္စ။ ဒါကို တာဝန်သိပြည်သူတွေ အသိပညာရှင် အတတ်ပညာရှင်တွေ လူငယ်တွေနဲ့
ကချင်လူထုကပါ ကန့်ကွက်လာကြတဲ့အခါ ကြံ့ဖွံ့ အစိုးရ တာဝန်ရှိသူတဦးက ပြေပြေပြစ်ပြစ် ယဉ်ယဉ်ကျေးကျေး
တိုင်းပြည်နဲ့လူထုကို ပြန်လည်ရှင်းပြတဲ့လေသံမျိုးမဟုတ်ပဲ ` ဧရာဝတီရောဂါ ´ ဆိုတဲ့စကားလုံးတွေ၊ ဘယ်သူဘာပြောပြော
ချက်ကြီးကတော့ …. ဒါပဲဆိုတဲ့ လေသံမျိုးတွေနဲ့
တုန့်ပြန်အဖြေပေးလာတာကြားရတော့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း (၁၅) နှစ်လောက်က နိုက်ဂျီးရီးယားနိုင်ငံ
စစ်အစိုးရလိုပဲ လက်ရှိဦးသိန်းစိန်အစိုးရက ဧရာဝတီကယ်တင်ရေးကြိုးပမ်းကြသူတွေအပေါ် အရေးယူ
ဖိနှိပ်မှုတွေ လုပ်များလုပ်လာဦးမှာလား။
အစိုးရရဲ့
တာဝန်ရှိသူတဦးကတော့ `ဘယ်သူသေသေ ငတေမာရင်ပြီးရော´ ဆိုတဲ့အပြောမျိုးနဲ့ `သခင်အားရ ကျွန်ပါးဝ´
အလုပ်မျိုး မိုက်မိုက်ရိုင်းရိုင်း ပြောလာနေပြီ။
သူ အခုလို တုန့်ပြန်ပုံက သူ့သခင် ပါးစပ်ပေါက်နားရောက်နေတဲ့
ထမင်းလုပ် ပုတ်ချဖို့ကြိုးစားတဲ့အလုပ်ကို လူထုက လုပ်ရပါ့မလားဆိုပြီး ဒေါသနဲ့ မာန်ဖီပြတဲ့သဘောမျိုး
ဖြစ်နေပါတယ်။ တာဝန်ရှိသူက ဒီလို တာဝန်မဲ့ တုန့်ပြန်အဖြေပေးလို့ လူထုက မခံမရပ်နိုင်ဖြစ်ပြီး
လမ်းပေါ်တက်ဆန္ဒပြရင် ဖြစ်လာသမျှ အကျိုးဆက်ဟာ အစိုးရအပေါ်မှာသာ တာဝန်ရှိတယ်ဆိုတဲ့စကားကို
လူထုဖက်က စာပေပညာရှင်များကလည်း ပြောလာကြရပြီ။
ဘယ်လိုပဲဖြစ်ဖြစ်
ဧရာဝတီကယ်တင်ရေးဟာ ကျနော်တို့သားမြေးမြစ်များ အသက်ရှင်သန်ရေးကိစ္စကြီးဖြစ်တဲ့အတွက် လိုအပ်ရင်
ဘယ်လိုအဟန့်အတား ဖိနှိပ်မှုတွေကိုမဆို ရင်ဆိုင်ဖြတ်သန်းကြရမှာကတော့ သေချာနေပါပြီ။ အရင့်အရင်
အရေးတော်ပုံတွေရဲ့ အတွေ့အကြုံအရ ဒီတကြိမ် ဒီအရေးတော်ပုံကြီးမှာ ပါဝင်ကြသူ မည်သူမဆို
သတိမလစ်ကြစေချင်ပါ။
အခြေအနေအရပ်ရပ်ကို
နိုင်ငံရေးအရကြည့်ရင် အုပ်စိုးသူဟာ ကစင့်ကလျား ကျီးကြည့်ကြောင်ကြည့်နဲ့ တောပြောတောင်ပြော
လုပ်နေတဲ့အချိန်ဖြစ်တယ်လို့ ကျနော် ယုံကြည်ပါတယ်။ နိုင်ငံရေးမိုးကောင်းကင်ဟာ အရင်နဲ့မတူပဲ
ပိုပြီး ရှုပ်ထွေးမဲမှောင်လာနေတဲ့သဘောလည်း ရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကျနော်တို့ရဲ့
ဒီတခါ လူထုတိုက်ပွဲလို့ခေါ်တဲ့ ဧရာဝတီကယ်တင်ရေးတိုက်ပွဲဟာ တိုက်ရဲရင် နိုင်မှာသေချာတဲ့
ပွဲမျိုး ဖြစ်ပါတယ်။ လူထုတရပ်လုံး မလွဲမသွေ ပါဝင်လာနိုင်တဲ့ ပွဲလည်းဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေရှုပ်ထွေး
တင်းမာလာနေတဲ့ အချိန်မျိုးမှာ သူတို့အထဲက ဥဏှောက်မရှိ ညာဏ်ပညာမဲ့ပြီး အာဏာရှင်ဆီမှာ
မျက်နှာရဖို့လေးလောက်ပဲသိတဲ့ လူတစုရဲ့ လက်သရမ်းမှုမျိုး ကြုံရတတ်ပါတယ်။ ဧရာဝတီကယ်တင်ရေးဆောင်ရွက်ကြတဲ့
ကျနော်တို့လူထုရဲ့ အခြေအနေက ရွာလွန်ရွက်တိုက်တဲ့နေရာမှာ မရှက်မကြောက်လုပ်တတ်တဲ့ သူကြီးဆိုးရဲ့သား
ချက်ကြီးတို့တသိုက်နဲ့ ရင်ဆိုင်ရဖို့ရှိတာကတော့ သေချာနေပါပြီ။ `ကင် ဆာရိုဝီဝါ´ လို
အဖြစ်မျိုး မဖြစ်ရလေအောင် ကျနော်တို့ သတိကြီးစွာ ထားကြရပါလိမ့်မယ်။
ငြိမ်းဝေ
No comments:
Post a Comment