-->

Monday, September 26, 2011

ရန်ကုန်က ရွှေဝါရောင် နှစ်ပတ်လည် လှုပ်ရှားမှုများ

ဒီနေ့ကျရောက်တဲ့ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့်နေ့မှာ နအဖလက်ချက်ကြောင့် ကျဆုံးသွားသော ရဟန်းရှင်လှူ ကျောင်းသားပြည်သူများကို ရည်စူးပြီး ရန်ကုန်တိုင်း တောင်ဥက္ကလာပ မြို့နယ်ရှိ ပစ္ဆိမာရုံ ကျောင်းတိုက်မှာ ၀ါဆိုသင်္ကန်းကပ်တာနဲ့ ကလေးတွေကို စာရေးကိရိယာလှူန်းတာတွေကို နိုင်ငံရေးတက်ကြွသူတွေကလုပ်ခဲ့ပါတယ်။ ဒီလိုအလားတူ ဒဂုံမြို့သစ် တောင်ပိုင်းရှိ မကွေးကျောင်းတိုက်မှာလည်း ဒေါ်နော်အုံးလှဦးဆောင်တဲ့ အင်္ဂါဘုရားဖူးအဖွဲ့နဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုများကွန်ယက်က သံဃာတော်တွေကို ဆွမ်းကပ်ပြီး ကျဆုံးသွားသူတွေအတွက် အမျှအတမ်းပေးဝေခဲ့ကြပါတယ်။ ဒီအခမ်းအနားအပြီး ဆူးလေဘုရားမှာ တခြားအဖွဲ့အစည်းတွေနဲ့ စုဆုံပြီး ၀တ်ပြုဆုတောင်းဖို့ စီစဉ်ထားတဲ့အတိုင်း ကား ၃စီးနဲ့ လူ ၂၀၀နီးပါး ဆက်လက်ချီတက်သွားတဲ့အခါမှာတော့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ မိုးလေဝသ ဌာနရှေ့မှာ အာဏာပိုင်တွေက တားဆီးတာခံရပါတယ်။ ၁နာရီဝန်းကျင်လောက်မှာ လုံထိမ်းကား ၁၂ စီးလောက်က ၀ိုင်းဝန်းတားထားပြီး ကားမောင်သူတွေကို ဖိအားပေးလို့ အဲဒီနားမှာဘဲ ရပ်ထားလိုက်ကြပါတယ်။ အ၀ါရောင်တီရှပ်တွေဆင်တူဝတ်ထားတဲ့ လူငယ်တွေ ၂ယောက်တတွဲဆူးလေကို ခြေလျင်သွားမယ်ဆိုတော့လည်း သွားခွင့်မပြုဘဲပိတ်ထားလို့ မိုးတွေကလည်းသည်း ကလေးတွေရော အသက်ကြီးသူတွေရောပါနေတာကြောင့် ညနေ ၃နာရီလောက်မှာ လူစုခွဲခဲ့တယ်လို့ ဒီအဖွဲ့ထဲမှာပါတဲ့ ဦးမျိုးခင်က ပြောပါတယ်။ ဆူးလေမှာ စောင့်ဆိုင်းနေကြတဲ့ ၀တ်ပြုဆုတောင်းမယ့်အဖွဲ့ဝင် ၁၀၀ ကျော်ကလည်း အ၀ါရောင်တီရှပ်အတော်များများဝတ်ပြီး စောင့်နေကြတော့ ရဲ ၁၀၀နီးပါးက ၀ိုင်းပြီး ဆုတောင်းမယ်ဆို ၁၅ မိနစ်အချိန်ပေးမယ် ပြီးရင်လူစုခွဲပါပြောတဲ့အတွက် ရွှေဝါရောင်အတွင်းကျဆုံသွားသူတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်မြောက်ရေး ၀တ်ပြုဆုတောင်းပြီး လူစုခွဲခဲ့တယ်လို့ ကိုဇော်မင်းထွန်းက ပြောပါတယ်။
မြို့တော်ခမ်းမရှေ့မှာလည်း ရဲကားအတွေ လက်နက်အပြည့်အစုံနဲ့ အများကြီးချထာပြီး အတော်များများ အင်အားပြ လှည့်လည်နေတယ်လို့ ၀တ်ပြုဆုတောင်းသူတွေကပြောပါတယ်။ နောက်ရက်တွေမှာလည်း အလျင်းသင့်သလို ဆက်လုပ်သွားတယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။ ဦးဆောင်သူတွေနောက်ကို ရဲတွေနောက်ယောင်ခံလိုက်နေတာကြောင့် တချို့အိမ်တန်းမပြန်သေးဘဲ တခြားနေရာတွေကို ပတ်သွားနေရပါတယ်။ နောက်ဆုံးရရှိတဲ့အချက်အလက်တွေကိုလည်း ရရင်ရသလို တင်ပေးသွားပါ့မယ်။ ဓါတ်ပုံကိုတော့ ဧရာဝတီ သတင်းဌာနက ပြန်လည်ကူးယူဖေါ်ပြပါတယ်။

No comments: