-->

Sunday, October 2, 2011

လှည်းတန်းပြည်မြန်မာကုန်တိုက်က ဆိုင်ရှင်တွေဆန္ဒပြ

စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကပိုင်တဲ့ ပြည်မြန်မာကုန်တိုက်မှာ ငှားထားတဲ့ ဆိုင်ခန်းတွေကို ဖယ်ခိုင်းထားတာဟာ သတ်မှတ်ရက်ကျော်နေတယ်ဆိုပြီး စီးပွားကူးသန်းက၀န်ထမ်းတွေက ဒီကနေ့မှာ လာဖျက်ခဲ့တာပါ။ စီးပွားကူးသန်း ၀န်ထမ်း ၁၅ယောက်က ဆိုင်ထဲမှာရှိတဲ့ပစ္စည်းတွေအတင်းဆွဲထုတ်ပြီး ဆိုင်ခန်းတွေဖျက်နေတဲ့အကြောင်းကို ဆိုင်ခန်းရှင်တယောက်က ခုလိုပြောပြပါတယ်။  

ဆိုင်ခန်းနေရာက အတင်းဆွဲထုတ်တယ်။ ပစ္စည်းတွေကဖယ်နေရတယ်။ တောင်းဆိုနေတာကို ကျနော်တို့ကို ဘယ်လိုမှ မလိုက်လျောဘူး။ အခုက ပစ္စည်းတွေအကုန်လုံးဆွဲ ကားပေါ်တင်၊ သူတို့သိမ်းတာတော့ မဟုတ်ဘူး။ ကျနော်တို့ထားမယ့်နေရာကို လိုက်ပို့တာ။ ကျနော်တို့က ဘယ်လိုဆက်လုပ်ရမလဲဆိုတော့ ဆက်ပြီးတော့ သမတကြီးကို အသနားခံစာတွေ ဆက်တင်ရမယ်။ ကျနော်တို့က တောင်းဆိုချင်တာက နစ်နာကြေးပေးဖို့ ဒါမှမဟုတ် ကျနော်တို့ကို နေရာအစားထိုး ပြန်ပေးဖို့ပဲ

အဲလိုတောင်းဆိုချက်တွေမပေးဘဲ အတင်းဖယ်ရှားခိုင်းကြောင့် ဒီကနေ့မနက်မှာ ဆိုင်ခန်းရှင် ၂၀ ကျော်က သူတို့နစ်နာကြေးအတွက် ဆန္ဒထုတ်ဖေါ်ခဲ့ကြပါတယ်။ ။ ပထမကုန်တိုက်ဝန်းထဲမှာ ဆန္ဒထုတ်ဖေါ်တုန်းက ဘာမှမဖြစ်ပေမယ့် ဒုတိယအကြိမ် တောင်းဆိုချက်ဆိုင်းဘုတ်ကိုင်ဆောင်ပြီး လမ်းပေါ်ထွက်ဆန္ဒပြတော့ တက္ကသိုလ်ရိပ်သာလမ်းပေါ်အရောက်မှာ လူစုခွဲခိုင်းပြီး အမျိုးသမီး၂ယောက်ကို မြိုနယ်အုပ်ချုပ်ရေးမှူးရုံးက စစ်ဆေးစရာရှိတယ်ဆိုကာ ခေါ်သွားတဲ့အကြောင်း ခုနက ဆိုင်ခန်းရှင်ဆက်ပြောတာက


မနက်ခင်းက တခါပြတယ်ခင်မျ။ ၂ ခါ။ တခါကတော့ ကျနော်တို့ ၀င်းထဲမှာပဲပေါ့နော်။ နောက်တော့ ဒေသအာဏာပိုင်တွေက ကျနော်တို့ကို မလုပ်ဖို့ တားတယ်။ အဲ့ဒီမှာ ၂ ယောက်ခေါ်သွားတယ်။ မခင်စိုးနွဲ့နဲ့ နောက်တယောက်နဲ့ပေါ့။ မယက ရုံးမှာလို့ပြောတယ်။ ပြန်မရောက်သေးဘူးခင်မျ။ ကျန်တဲ့သူတွေကတော့ မခေါ်ပါဘူး။ သူတို့ကိုပဲ ခေါ်သွားတယ်။ ကျန်တဲ့သူတွေကတော့ အခု နောက်ကနေ လိုက်သွားကြတယ်။ သူတို့ ဗီနိုင်လ်းတွေကိုင်ပြီး သွားတဲ့အတွက်ကြောင့် သူတို့ကို ခေါ်သွားတယ်။ ဗီနိုင်လ်းမှာက ဒီဟာကို ကျနော်တို့ ကုန်တိုက်ကြီး ပြန်ဖွင့်လှစ်ပေးဖို့၊ နောက်ပြီးတော့ သမတကြီးကနေပြီးတော့ ဒီဟာကို တရားမျှတစွာနဲ့ ဆုံးဖြတ်ပေးဖို့အတွက်

အခုအတင်းဖယ်ရှားခံရတဲ့ ဈေးဆိုင် ၉၈ ခန်းက ဒီဆိုင်ခန်းရှင်တွေဟာ ၁၉၉၅ ခုနှစ်ကတည်းက ဒီဆိုင်ခန်းနေရာတွေကို စီးပွားကူးသန်းဝန်ကြီးဌာနကနေ ငှားရမ်းရောင်းချခဲ့တာဖြစ်ပါတယ်။ စီးပွားကူးသန်းဝန်ကြီးဌာနက ဒီပြည်မြန်မာကုန်တိုက်ရဲ့ ပေ ၈၀၊ ပေ၁၂၀ အကျယ်အ၀န်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက အေအေမယ်ဒီကယ်ပရေဒတ်နဲ့ ရန်ကုန်လမ်းညွန်တို့ကို လေလံတင်ရောင်းချထားတာကြောင့် မေလက ဆိုင်ခန်းရှင်အားလုံးကို ကုန်တိုက်ကနေထွက်ခိုင်းခဲ့ပေမယ့် ဖယ်မပေလို့ ခုလိုအင်အားသုံးဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။ ဆိုင်ခန်းရှင်အများစုကတော့ ဆိုင်ခန်းတွေကို ကိုယ့်စရိတ်နဲ့ကိုပြင်ဆင်ထားရတာ တခန်းကို သိန်း ၁၀၀ လောက်ကုန်ကျထားလို့ နစ်နာကြေးရဖို့ သမတဦးသိန်းစိန်ဆီ ထပ်မံအကူညီတောင်းသွားမယ်လို့ ပြောပါတယ်။ သတင်းမလွှင့်ခင်နောက်ဆုံးအချိန်မှာ ထပ်မံဆက်သွယ်ကြည့်တော့ စစ်ဆေးနေတဲ့အမျိုးသမီး ၂ယောက်ကို ပြန်လွှတ်လိုက်ပြီး ကုန်တိုက်ကိုတော့ ဘယ်သူမှမ၀င်ရအောင် သော့ပိတ်ထားလိုက်တယ်လို့ သိရပါတယ်ခင်များ။

No comments: