-->

Sunday, November 6, 2011

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သို့ - (အလျှင်အမြန်) ရဲဘော်မျိုးထွဋ် (ကိုကိုးကျွန်းပြန်) ပြည်သူ့ရဲဘော်ခေါင်းဆောင်ဟောင်း

အင်းစိန်ဗဟိုစံပြအကျဉ်းထောင်ကြီးထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြနေတယ်။ ဆန္ဒပြသူတွေကို ထောင်အာဏာပိုင်တွေက ရေဖြတ် ၊ စစ်ခွေးတိုက်ထဲပို့ ၊ တိုက်ပိတ်ထားလိုက်တဲ့သတင်း ကြားရပါတယ်။ သမ္မတကြီးဦးသိန်းစိန်ရဲ့ အစိုးရသစ် ဒီနေ့အခြေအနေမှာ ဒီသတင်းမျိုးနဲ့မတော်ပါ။ 


အစာငတ်ခံဆန္ဒပြတယ်ဆိုတာ မခံမရပ်နိုင်လွန်းလို့အဆုံးမှာ အသက်ကိုရင်း အသက်ကိုလက်နက်လုပ် သွေးခန်းတိုက်ပွဲဝင်ရတာပါ။ တိုက်ပွဲဝင်စဉ် အသက်မသေမှီမှာ ခံနိုင်ရည်ရှိအောင် အစာငတ်ခံမဲ့နေ့မှာ ဝမ်းနှုပ်ဆေးစားရပါတယ်။ မစဉ်တွေက အစာအဖြစ်အလုပ်လုပ်နေရင် အော့အံပြီးမခံမရပ်နိုင်ဖြစ်တတ်လို့ပါ။ တိုက်ပွဲအောင်နိုင်ရေး ကျည်ပစ်အားက အသက်မြန်မြန်သေရေးဖြစ်ပါတယ်။ တောင်းဆိုချက် လိုက်လျောမှု အချိန်ဆွဲနေရင် တိုက်ပွဲဝင်သူက မြန်မြန်သေအောင် ရေဖြတ်ပြီး တိုက်ပွဲအရှိန်မြှင့်ရတာပါ။ အခုတိုက်ပွဲဝင်သူက ရေမဖြတ်ပဲ အာဏာပိုင်ကရေဖြတ်တာဟာ ဘာ့ကြောင့်လဲ ?? 

အာဏာပိုင်တွေဖက်က တိုက်ပွဲချိုးနှိမ်ရာမှာ အကြမ်းဖက်ဖြိုခွဲတယ်။ အနံ့အရသာ တထောင်းထောင်း ထနေတဲ့ ဝက်သားတုံးကြီးကြီး ထမင်းပွဲ - တိုက်ပွဲဝင်သူနားလာချ မြှူဆွယ်တယ်။ ခံနိုင်ရည်မရှိသူက ဝက်သား တုံးကြီး ကြီးသဟဆိုပြီး ထစား သပိတ်လှန်တာရှိတယ်။ ခံနိုင်ရည်မရှိအောင် အချိန်ကြာဆွဲထားတယ်။ စအိုက ပိုက်နဲ့အစာသွင်းတယ်။ ဒီနည်းနဲ့ ဆရာတော်ဦးဝိစာရ သပိတ်ကို ချိုးနှိမ်ဖြိုခွဲတယ်။ ဦးနေဝင်း အာဏာရှင် စစ်ကောင်စီအစိုးရ - အင်းစိန်ထောင်တိုက်ထဲမှာ ဘိုးတော်တင်ဦးဖြစ်လာမဲ့ ကိုတင်ဦးရဲ့ အစာငတ်ခံတိုက်ပွဲကို ဖြိုခွဲချိုးနှိမ်တယ်။ မခံနိုင် - သပိတ်လှန်တော့ ဆေးကုပေးပြီး တခြားအကျဉ်းသားနဲ့အတွေ့မခံ သီးခြားတိုက်ပိတ် ထားတယ်။ ဒီမှာ သမထလုပ်ရင်း ပေါက်ပြီး ဘိုးတော်တင်ဦးဖြစ်လာတာပါဘဲ။ ဒီသတင်းကို ထောင်ဆေးရုံအတူ တက်ခဲ့တဲ့ ရဲဘော်ထွန်းကြည်ကို ပါတီအစီရင်ခံပေးပါလို့ ဘိုးတော်တင်ဦးမှာကြားချက်အရ ရဲဘော်ထွန်းကြည် (ကိုကိုးကျွန်းမှာ) အစီရင်ခံလို့ သိရတာဖြစ်တယ်။ (ဘိုးတော်တင်ဦးက ပြည်သူ့ရဲဘော်ပါ။) 


ထောင်အာဏာပိုင်တွေဖက်က ရေဖြတ်တာဟာ အတွေ့အကြုံအရပြောရရင် ရေဖြတ်တိုက်ပွဲဝင်သူတဦး ဟာ (၂၇)ရက်မှာ သေဆုံးသွားတာ တွေ့ဘူးပါတယ်။ အခု အာဏာပိုင်တွေဘက်က ရေ တလျှောက်လုံးဖြတ်မှာ မဟုတ်ပါဘူး။ ရေဖြတ်ထားလိုက် ရေပြန်တိုက်လိုက်နဲ့ သပိတ်လှန်တဲ့အထိ နှိပ်စက်မဲ့ပုံပါ။ သပိတ်မလှန်ရင် သေတဲ့အထိ နှိပ်စက်သတ်ဖြတ်မဲ့သဘောပါ။ အတွေ့အကြုံအရ ယူဆပါတယ်။ 

အာဏာရှင်ကြီး ဦးနေဝင်း စစ်ကောင်စီအစိုးရက နိုင်ငံရေးအကျဉ်းသားတွေကို ကိုကိုးကျွန်းမပို့မှီ အင်းစိန်ထောင်ထဲမှာ နည်းမျိုးစုံနဲ့နှိပ်စက်ပါတယ်။ နောင်ဆုံးနှိပ်စက်တာဟာ တပါတ်မှာ ထမင်း(၃)ရက်ကျွေး ရေ(၃)ရက်တိုက်ပါတယ်။ (၄)ရက်အငတ်ထားတယ်။ အဲဒီလိုနှိပ်စက်ပြီး ချွတ်ခြုံကျသွားတော့မှ အဆောင်တစ် ဆောင်မှာ သီးသန့်ထားပြီး ကောင်းကောင်းကျွေး ကောင်းကောင်းထား ကျမ္မာရေးလုပ် စာဖတ်ခွင့်ပေး အားပြန် မွေးစေတယ်။ မာလာတော့ ပြန်ပြီး အရင်လိုနှိပ်စက်ပြန်တယ်။ ဘိုကလေးမြို့က တက္ကသိုလ်ကျောင်းသား ကိုသိန်းဆွေဆိုရင် အကြိမ်ကြိမ် ဒီလိုခံခဲ့ရတယ်။ အုတ်ဖိုက ထောင်ထဲမှာ သေဆုံးသွားသူ NLD ခေါင်းဆောင် ကိုအောင်မေသုကို ပါးစပ်ထဲသေးပေါက်ထည့်တယ်။ ဗိုက်ပေါ်စစ်ဘိနပ်နဲ့တက်ခုန်လို့ ပါးစပ်က ချေးတွေအံထွက် လာတဲ့အထိဘဲ။ ကုလား ခေါင်းမာရမလားတဲ့လေ။ ကိုအောင်မေသုကလည်း သူ့ကိုယ်သူ နီအောင်မေသုလို့ နာမည်မှာ “နီ” ထပ်ထည့်လိုက်တယ်။ အဲဒီလို ကျိုးနွံသွားအောင် နှိပ်စက်ပြီးမှ တိုင်းပြည်ကမသိအောင် ကိုကိုးကျွန်းကို တိတ်တဆိပ်လျှို့ဝှက် ပို့လိုက်တာပါ။ 

ဒီမှာတင်ပြချင်တာက အာဏာရှင်ဦးနေဝင်းရဲ့ ထောင်မှာကျင့်သုံးတဲ့ပေါ်လစီက “ထောင်ထဲမှာ တရားတာ မတရားတာ မပြောနဲ့။ တဖက်သတ်အုပ်ချုပ်တာ။ ချေးနဲ့ သေးနဲ့ ဖျော်တိုက်လည်း သောက်ရမယ်။ အစာငတ်ခံ တိုက်ပွဲဝင်မယ်မကြံနဲ့။ သေတဲ့အထိ ထားမယ်” လို့ စစ်ထောက်လှမ်းရေး နိုင်ငံရေးအကျဉ်းသား ထောင်ပိုင်က ထောင်အဝင်ဗူးထဲမှာ ကြေငြာပါတယ်။ ဒါ အာဏာရှင်အစိုးရများလက်ထက်မှာ ကျင့်သုံးတာပါ။ 

အခုအစိုးရသစ်က ထောင်မှာ “အစာငတ်ခံ တိုက်ပွဲသပိတ်မလှန်ရင် သေတဲ့အထိ ညှဉ်းပမ်းနှိပ်စက်မဲ့” လုပ်ရပ်ဟာ ပိုဆိုးနေပါတယ်။ သမ္မတကြီး ဦးသိန်းစိန် အစိုးရသစ်က ဒီအချိန်မှာ ဒီလိုမဖြစ်သင့်ပါဘူး။ အချိန်မှီ တားမြစ်ပေးပါလို့ တင်ပြလိုက်ရပါတယ်။ 

ရဲဘော်မျိုးထွဋ် (ကိုကိုးကျွန်းပြန်)
ပြည်သူ့ရဲဘော် ခေါင်းဆောင်ဟောင်း

No comments: