-->

Thursday, December 29, 2011

မင်္ဂလာတောင်ညွန့် ကူးတို့ဆိပ်မီးနဲ့ ဆင်ခြင်ဖွယ်ရာ

မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်မှာ ဒီမနက် ၂နာရီဝန်းကျင်က မီးလောင် ပေါက်ကွဲမှုကြောင့် သေဆုံးသူဟာ ၁၇ ဦးရှိပြီး ဒီထဲမှာ မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးနေရာမှာတင် သေဆုံးခဲ့တယ်လို့ ဗဟိုမီးသတ်ကပြောပါတယ်။ ဒဏ်ရာရသူစုစုပေါင်းဟာလည်း ၉၁ ဦးရှိပြီး မီးသတ်တပ်ဖွဲ့ဝင် ၁၁ ဦးပါရှိတယ်လို့ဆိုပါတယ်။ မီးငြှိမ်းသတ်ရန်ကြိုးစားရင်း ကျဆုံးခဲ့သော တာမွေမီးသတ်တပ်ဖွဲ့မှ ဇော်ဌေး ၊ တင်စိုး၊ မျိုးကျော်ကျော် ၊အောင်အောင် နဲ့ သော်ဇင်မျိုးထက် တို့ကို ယနေ့ညနေ ရေဝေးသုသာန်တွင် ဂုဏ်ပြုအခမ်းအနားဖြင့် သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်
မီငြိမ်းသတ်ရင်း ကျဆုံးသွားတဲ့ မီးသတ်ရဲဘော်

ဒီမီးလောင်မှုဟာ အေဘီစီ စက်ဆန်းမှာရှိတဲ့ ဂိုဒေါင်အမှတ် ၈၀ မှ စတင်လောင်ကျွမ်းတာဖြစ်ပြီး ဂိုဒေါင်အမှတ် ၇၉ သို့ မီးကူးကာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ဂိုဒေါင်တွင် ယမ်းစိမ်း၊ ကန့်၊ ဇ၀က်သာ စသည့် မီးလောင်ပေါက်ကွဲနိုင်သည့် ပရဆေးပစ္စည်းများ သိုလှောင်ထားကြောင်း၊ ၀န်းအတွင်းရှိ ဂိုဒေါင် ၄၂ အနက် ၁၆ လုံး မီးလောင်ပျက်စီးပြီး ကျန်ဂိုဒေါင်များလည်း ပေါက်ကွဲမှုအရှိန်ဖြင့် ပျက်စီးခဲ့တယ်လို့ ၀ိကလီးအလဲဗင်းက ဆိုထားပါတယ်။


ဒီမီးလောင်မှုကြောင့် အိမ်ခြေ ၂၂၆ လုံး ပျက်စီးသွားခဲ့ပြီး မိသားစုပေါင်း ၂၁၆ စု လူဦးရေ စုစုပေါင်း ၁၀၃၈ ဦး အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ကျပ် သိန်းတထောင်ကျော် ရှိတယ်လို့ မီးသတ် ဦးစီးဌာနက သတင်း ထုတ်ပြန်ထားပါတယ် ။ 
ဒဏ်ရာရနေတဲ့ မီးဘေးဒုက္ခသည်


မီးဘေးကြောင့် ဒုက္ခရောက်နေတဲ့လူတွေကိုတော့ မင်္ဂလာတောင်ညွန့်မြို့နယ် ပုသိမ်ညွန့်ခြောက်လမ်းထိပ်ရှိ မဟာဝိဇယာရာမကျောင်းတိုက်တွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပေးထားပြီး ကယ်ဆယ်ရေးစခန်းတွင်ရောက်ရှိနေတဲ့ မီးဘေးဒုက္ခသည်တွေကို စေတနာရှင်တွေက အ၀တ်အစား အသုံးအဆောင်နဲ့ အိမ်သုံးပစ္စည်းတွေလာရောက် လှူတန်းကြတယ်လို့ ကယ်ဆယ်ရေးစခန်းဖွင့်ထားတဲ့ဆရာတော်က မိန့်ပါတယ်။

မီးဘေးဒုက္ခသည်တွေကို လှူဒါန်းလိုသူတွေအနေနဲ့လည်း မဟာဝိဇယရာမခေါ် ပုသိမ်ကျောင်းတိုက် ဖုန်းနံပါတ် ၀၉-၄၉၁၀၀၄၁၁၊ ၀၁-၂၀၉၀၁၉ နှင့် 095155891., 095104850, 095077986, သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း နိုးဆော်လိုက်ပါတယ်။

မီးလျှံထဲကိုတိုးခဲ့တဲ့ ပိုးဖလံ


ဒီဖြစ်စဉ်ကို ကြည့်ချင်းအားဖြင့် မီးသတ်တပ်ဖွဲ့ဝင်တွေဟာ အသက်ကို ပဓါနမထားဘဲ မီးငြိမ်းသတ်ခဲ့ ကယ်တင်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့အသက်အန္တရယ်ကာကွယ်နိုင်မယ့် အ၀တ်အစားနဲ့ ကိရိယာတွေ မြန်မာမီးသတ်တွေမှာ မရှိသေးတာ ထင်ရှားပါတယ်။ နောက်တခုက ပေါက်ကွဲစေနိုင်တဲ့ပစ္စည်းတွေကို လူနေရပ်ကွက်နဲ့နီးရာနေရာတွေမှာ သိုလှောင်ထားတာကို စီစစ်တားမြစ်သင့်ပါတယ်။ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်နေပါတယ်ဆိုတဲ့ အစိုးရသစ်ကြီးအနေနဲ့ ဒါတွေဖြည့်ဆည်းပေးဖို့လိုကြောင်း ကျဆုံးသွားတဲ့ မီးသတ်ရဲဘော်တွေကို အလေးမြတ်ပြုရင်း ရသမျှ သတင်းအချက်လက်ကို စုဆောင်းတင်ပြလိုက်ပါတယ်။ ပုံတွေက ဖေ့စ်ဘုတ်စာမျက်နှာများမှ ကူးယူထားပါတယ်။

No comments: