-->

Monday, March 12, 2012

လက်လုပ်လက်စား နိုင်ငံရေး

မနေ့ က ဘာနဲ့စားပြီးခဲ့လဲ
 ဒီနေ့ ဘာနဲ့ စားရမလဲ
 နိုင်ငံရေးဆိုတဲ့ ဝေါဟာရထက် 
အဲ့ဒါက ပိုအရေးကြီးပါတယ် . . . 
ကျမ အဖို့ ဒီမိုကရေစီ ဆိုတာဘာမှန်းမသိပေမယ့် 
ဟိုပါတီကြီးကပေးတဲ့ ပိုက်ဆံ၃သောင်းကတော့ 
အိမ်အမိုးလေးမိုးလို့ရတယ် 
အပေါင်ဆုံးလုဆဲဆဲ ထမိန်နှစ်ထည်ရွေးလို့ရတယ် 
ကလေးသုံးယောက်ကို 
မနက်ဖြန်နဲ့ ဒီနေ့အတွက် 
ထမင်းဟင်းကောင်းကောင်းကျွေးလို့ရတယ် . . . 

ဟင့်အင်း ဟင့်အင်း လာမပြောကြပါနဲ့မသိချင်ပါဘူး 
နိုင်ငံရေးအကြောင်းသိလဲမသိဘူး 
သိလဲမသိချင်ဘူး 
၈၈ တုန်းက သေနတ်မှန်ပြီးသေသွားတဲ့အဖေလည်း
အခုဆို အရိုးဆွေး 
၂၀၀၇ မှာ အရိုက်ခံရလို့ 
သွပ်ချာချာဖြစ်နေတဲ့ ယောင်္ကျားလည်း 
အားကိုးလို့မရ 

ကျမက မုဆိုးမတပိုင်းပါ ကဗျာဆရာ 
နိုင်ငံရေးအကြောင်းတွေလာမရွတ်ပြစမ်းပါနဲ့ . . . 
ကျမ သိတာကတော့ သူတို့တွေအခုဆို
ကျမတို့ကို ပိုပြီးချော့နေရတယ် 

အရင်က ဆို ဟိန်းလားဟောက်လား 
အခုဆို ချော့လားမော့လား အဟာဟား 
ဘာရယ်ညာရယ်တော့မသိ 
အကျီနဲ့ထမီတွေလည်းပေးရဲ့ 
သူတို့ရုံးကိုခေါ်ပြီး ပိုက်ဆံတွေလဲ ချေးရဲ့ 

ဘာပဲဖြစ်ဖြစ် ကျမကတော့
 ကြိုတင်မဲဆိုလား ပေးပေးပြစ်တယ် . . .
 ကဲ ကဲ အ၀တ်သွားလျှော်ရဦးမယ် 
အရေမရ မဖတ်မရတွေနောက်မှပြောကြစို့ 
လက်လုပ်လက်စားဆိုတာသိတယ်မလား
 နိုင်ငံရေးကို ရင်ဘတ်ထဲမှာခံစားလို့မရဘူး 
ဦးနှောက်နဲ့ပဲ ရင်နှီးထားရတာ မျိုး ကဗျာဆရာရဲ့ . . .

 မာဃလုလင် 

No comments: